Skip to main content

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယနယ်စပ် မြို့ဖြစ်ပြီး နယ်စပ် ကုန်သွယ်ရေးစခန်း တည်ရှိရာ မြို့ဖြစ်သည့်အတွက် ငွေကြေးလည်ပတ်စီးဆင်းမှု များပြားသည့် မြို့ဖြစ်ပါကြောင်း၊ ငွေကြေးဝန်ဆောင်မှုအတွက် ဘဏ်အချင်းချင်း ငွေလွှဲခြင်း၊ ငွေပို့ ငွေထုတ် ပေးခြင်းများကို အချိန်တိုအတွင်း ဆောင်ရွက်လိုပါက Fax ငွေလွှဲစနစ်ကို အသုံးပြုမည် ဖြစ်ပါကြောင်း၊ ငွေကြေးဆိုင်ရာ ဆောင်ရွက်မှု လုပ်ငန်းများကို Fax စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် အဓိက လိုအပ်ချက်သည် အော်တိုတယ်လီဖုန်းလိုင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် အော်တို တယ်လီဖုန်းလိုင်း မရှိသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ရိခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယနယ်စပ် မြို့ဖြစ်ပြီး ဌာနဆိုင်ရာ ၁၈ ခု ရှိသည့်အပြင် နယ်စပ်ကုန်သွယ်ရေး စခန်းရှိသည့် မြို့ ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာရုံးများ၏ သာမာန် အသုံးစရိတ်၊ ငွေလုံးငွေရင်း အသုံးစရိတ်အပြင် နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်ရေး ပမာဏသည် တစ်နေ့တစ်ခြား တိုးတက်များပြားလျက် ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရမှ ဘဏ်ငွေတိုက်ခွဲ တည်ဆောက်ရန် ခွင့်ပြုခဲ့ပြီး အဆိုပါ ဘဏ်ငွေတိုက်ခွဲကို မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ရာ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ လျင်မြန် ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် အော်တိုတယ်လီဖုန်းလိုင်း တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

 

မြန်မာ့စီးပွားရေးဘဏ်တွင် ရုံးချုပ်ဌာနခွဲကြီး ခုနစ်ခု အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ရုံး ၁၄ ခု၊ ခရိုင်/ကွပ်ကဲဘဏ်ခွဲ ၇၇ ခု၊ မြို့နယ်ဘဏ်ခွဲ ၂၁၃ ခု၊ ဘဏ်ငွေတိုက်ခွဲ ၁၈ ခု၊ ကိုယ်စားလှယ်ရုံးခွဲ သုံးခု စုစုပေါင်းရုံးခွဲနှင့် ဘဏ်ခွဲပေါင်း ၃၃၂ ခု ဖွင့်လှစ်ပြီး ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရိခေါဒါရ်ဘဏ် ငွေတိုက်ခွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါဒေါရ်မြို့ ရုံးဌာနများနှင့် ပြည်သူများ နေအိမ်တွင် အော်တိုတယ်လီဖုန်းလိုင်း တပ်ဆင်ထားခြင်း မရှိသည့်အတွက် IP Star စနစ်ဖြင့် လက်ကိုင်ဖုန်းများ၊ မိုဘိုင်းဖုန်းများ အသုံးပြုလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့သည် ရိခေါဒါရ်မြို့တွင် အော်တိုတယ်လီဖုန်းလိုင်း တပ်ဆင်ရန် လုပ်ငန်း အစီအစဉ်မရှိသည်ကို ၎င်းတို့ထံမှ ပြန်ကြားစာအရ သိရှိရပါကြောင်း၊ ထို့ကြောင့် လက်ရှိ အခြေအနေတွင် မြန်မာ့စီးပွားရေးဘဏ်၊ ရိခေါဒါရ်ဘဏ် ငွေတိုက်ခွဲအတွက် အော်တိုတယ်လီ ဖုန်းလိုင်း တပ်ဆင်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ရိခေါဒါရ်မြို့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အော်တို တယ်လီဖုန်းလိုင်းများ တပ်ဆင်သည့်အချိန်တွင် ဘဏ်ငွေတိုက်ခွဲအတွက် ဦးစားပေး တပ်ဆင်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။