Skip to main content

 

ရှားတောမြို့နယ်ရှိ အစိုးရငွေတိုက်အား ၁၉၉၀ ခုနှစ်၊ မေလမှစတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ကာလအထိ လုပ်ငန်း ဆောင်ရွက်ချက်အသေးစိတ်များကို မေးခွန်းနှင့်အတူပူးတွဲတင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့အချိန်အခါတွင် ရှားတောမြို့နယ်သည် ဧရိယာစတုရန်းမိုင် ၈၃၄.၁၉ စတုရန်းမိုင် ကျယ်ဝန်း ပါကြောင်း၊ လူဦးရေအနေအထားအရ ၇၄၀၀ ခန့် နေထိုင်ပြီး ထိုင်းနိုင်ငံနှင့် ၅၂ မိုင်ခန့်ကွာဝေးသော နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပါကြောင်း၊ ကယားပြည်နယ်တွင် မြို့နယ်ခုနစ်မြို့နယ်ရှိသည့်အနက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ၏ဒဏ်ကို ခံစားခဲ့ရသောဖွံ့ဖြိုးမှုနောက်ကျသည့် နယ်မြေဒေသလေး တစ်ခုဖြစ်ခဲ့ပါကြောင်း၊ မိမိတို့ ရှားတောမြို့နယ်တွင် ၂၀၁၆ ခုနှစ်မှစပြီး ကိုယ်စားလှယ်တစ်ယောက် အနေဖြင့် တာဝန်ထမ်းဆောင်ခွင့်ရသည့်အခါ ရှားတောမြို့နယ်လေးကို လေ့လာခဲ့ရာတွင် Town Plan မရှိသည့်မြို့၊ မြေစာရင်း မြေပုံမရှိသည့်မြို့၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းရုံးတွင်သာ တာဝန်ထမ်းဆောင်ခွင့်ရှိသောမြို့၊ ဝန်ထမ်းအိမ်ရာများလိုအပ်ချက်ရှိသောမြို့၊ ပညာရေး၊ ကျန်းမာ ရေးအစစ နိမ့်ကျနေသော မြို့တစ်ခုအဖြစ် လေ့လာသိရှိခဲ့ရပါကြောင်း၊ ယခုအခါ Town Plan ရေးဆွဲပြီး ဖြစ်သလို၊ မြေစာရင်းမြေပုံများလည်း ထွက်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာ အသီးသီး ၏ရုံးများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာများ ကိုလည်း တည်ဆောက်နိုင်ခဲ့သလို အိုးအိမ်ဌာနက လေးခန်းတွဲသုံးထပ်ဝန်ထမ်းအိမ်ရာ လေးလုံး တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအတွက် ရုံးများတည်ဆောက်နိုင်ခဲ့သလို အချုပ်ခန်းပါသည့် နှစ်ထပ်အဆောက်အအုံ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးအိမ်ရာ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ရှစ်ခန်းတွဲနှစ်ထပ် ရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ရာများကိုလည်း တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ လွိုင်ကော်- ရှားတောကွာဝေးသည့် မိုင် ၄၀ အပါအဝင် မိမိတို့ နယ်စပ်တာတမော့ဂိတ်ထိရောက်အောင် နှစ်အလိုက် ပေ ၄၀ တာလပ်ခြင်း လုပ်ငန်းများ၊ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ၊ ၁၈ ပေခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် ယခုအချိန်ကာလတွင် လွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်တို့၏ မိုင် ၄၀ အကွာအဝေးတွင် နှစ်နာရီခန့်အတွင်း သွားရောက်နိုင်သော လမ်းပန်း ဆက်သွယ်ရေးကောင်းသည့် မြို့လေးတစ်မြို့ဖြစ်နေခဲ့ပြီ ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး တာဝါတိုင် များအနေဖြင့်လည်း ၂၀၁၆ ခုနှစ်မှစပြီး Mytel၊ Telenor၊ MPT တိုင်များကို စိုက်ထူနိုင်ခဲ့ပါကြောင်း၊ လျှပ်စစ်ကဏ္ဍအနေဖြင့်လည်း 66/11 KVA ဓာတ်အားလိုင်းမှ ၂၀၁၅ ခုနှစ်ကစပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ၎င်းခွဲရုံကထွက်နိုင်သော ရောက်တိုင်နှင့် ရွာအားလုံးကို မီးရရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ စီးပွားရေးအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍအနေဖြင့် ဆည်မြောင်းတာတမံများ ကိုလည်း အသီးသီးတည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍအနေဖြင့်လည်း  ၂၅ ခုတင်ဆံ့ ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ တစ်ရုံ တည်ရှိပါကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့်လည်း အထက်တန်းကျောင်း နှစ်ကျောင်းရှိပြီး ကျေးရွာတိုင်းနီးပါးတွင် မူလတန်းအဆင့်ကျောင်း ရှိပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးအစစ ဖွံ့ဖြိုးလာသလို လမ်းပန်းဆက်သွယ်ရေး အခြေအနေ များလည်း ကောင်းမွန်လာပြီဖြစ်ပါကြောင်း၊ အရေးကြီးဆုံးအချက်အနေဖြင့် နိုင်ငံ၏ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်ကို ဆွေးနွေးလိုပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် လိုအပ်သလို၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက်လည်း လိုအပ်ပါကြောင်း၊ မကြာမီတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးအရ ငြိမ်းချမ်းဖွံ့ဖြိုးလာသည်နှင့်အမျှ မိမိတို့မြို့နယ်လေးကို ပြန်လည်အခြေချနေထိုင်ကြ တော့မည့် ဒေသခံတိုင်းရင်းသားများရှိသည့်အတွက် မိမိတို့က ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရန်လိုပါကြောင်း၊ ထိုကဲ့သို့ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည့် အတွက် လူမှုစီးပွားဘဝများအတွက် အထောက်အပံ့ဖြစ်စေနိုင်သည့် မြန်မာ့စီးပွားရေးဘဏ်ခွဲ တစ်ခုကို မိမိတို့မြို့နယ်တွင် ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုခြင်းဖြစ်ပါကြောင်း၊ အရေးကြီး ဆုံးဖြစ်သည့် မြေနေရာကိုလည်း ရထားခဲ့ပြီးဖြစ်သည့်အတွက် မိမိတို့မြို့နယ်၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတစ်ဆက်တစ်စပ်တည်းရှိသည့်အတွက် မိမိတို့မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်မည့်၊ ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ ဖြစ်စေနိုင်မည့် မြန်မာ့စီးပွားရေးဘဏ်ဖွင့်လှစ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်သည် ရုံးချုပ်ဌာနခွဲ ခုနစ်ခု အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်ရုံး ၁၄ ရုံး၊ ခရိုင်အဆင့်ကွပ်ကဲဘဏ်ခွဲ     ၇၇ ခု၊ မြို့နယ်ဘဏ်ခွဲ ၂၁၃ ခု၊ ဘဏ်ငွေတိုက်ခွဲအဆင့် ၁၈ ခု၊ ကိုယ်စားလှယ်ရုံးခွဲအဆင့် သုံးခု စုစုပေါင်းရုံးခွဲ၊ ဘဏ်ခွဲပေါင်း ၃၃၂ ခုကို ဖွင့်လှစ်ထားရှိဆောင်ရွက်နေပါကြောင်း၊  မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့် အနက် မြို့နယ် ၂၉၀ တွင် ဘဏ်များဖွင့်လှစ်ထားသည့် အခြေအနေရှိပါကြောင်း၊ ခရိုင်အဆင့် ရုံးစိုက်ရာမြို့နယ်များတွင် ခရိုင်ဘဏ်ခွဲပေါင်း ၇၇ ခု ဖွင့်လှစ်ထားခြင်းဖြစ်ပါကြောင်း၊ တချို့ မြို့နယ်များတွင် မြို့နယ် ၁၈ မြို့နယ်တွင် ဘဏ်ငွေတိုက်ခွဲ အဆင့်   ၁၈ ခု ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပြည်မရှိ အချို့မြို့နယ်များအပါအဝင် မြို့နယ်ပေါင်း ၄၀ တွင် ဘဏ်ခွဲများ ဖွင့်လှစ်ထားမှုမရှိပါကြောင်း၊ ၎င်းအနက် ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မြန်မာ့စီးပွားရေးဘဏ်ဖွင့်လှစ်ရန် မြို့နယ် ၁၄ ခုကျန်ရှိနေသည့်အခြေအနေ ဖြစ်ပါကြောင်း၊ ၎င်းမြို့နယ်များမှာ ကချင်ပြည်နယ်တွင် အင်ဂျန်းယန်မြို့နယ်၊ ဆော့လော်မြို့နယ်၊ ခေါင်လန်းဖူး မြို့နယ်၊ ကယားပြည်နယ်တွင် ဒီမောဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်နှင့် ရှမ်း ပြည်နယ်တွင် မိုင်းလားမြို့နယ်၊ မန်တုံမြို့နယ်၊ ကုန်းကြမ်းမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဆန်းမြို့နယ်၊ မက်မန်းမြို့နယ်၊ နားဖန်းမြို့နယ်တို့ဖြစ်ပါကြောင်း၊

အဆိုပါမြို့နယ်များအနက် မြို့နယ်လေးခုတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူ ကွပ်ကဲဆောင်ရွက်သည့် အစိုးရငွေတိုက်အဆင့်ဖြင့်ထားရှိပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊  ရှားတောမြို့နယ်သည် ၎င်းမြို့နယ်လေးခုတွင်အပါအဝင်ဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲအဆင့်တွင် လက်ထောက်မန်နေဂျာအဆင့်ကအုပ်ချုပ်ပြီး ဒုတိယတာဝန်ခံ ကြီးကြပ်ရေးမှူးတစ်ဦးထားရှိပြီး ဝန်ထမ်းဖွဲ့စည်းပုံက ၁၆ ဦးရှိပါကြောင်း၊ ဘဏ်ငွေတိုက်ခွဲ အဆင့်တွင် လက်ထောက်မန်နေဂျာအဆင့်အုပ်ချုပ်ပြီး ဒုတိယတာဝန်ခံ ဒုတိယကြီးကြပ်ရေးမှူး ထားရှိပြီး ဝန်ထမ်းဖွဲ့စည်းပုံက ရှစ်ဦးဖြစ်ပါကြောင်း၊ အစိုးရငွေတိုက်ခွဲအဆင့်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူး (လက်ထောက်ညွှန်ကြားရေးမှူး) အဆင့်က အုပ်ချုပ်ပြီး စာရင်းကိုင်-၃ တစ်ယောက်၊ စာရင်းကိုင်-၄ တစ်ယောက်တို့ဖြင့် ဝန်ထမ်းဖွဲ့စည်းပုံ သုံးယောက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေဖြစ်ပါကြောင်း၊ မြို့နယ်ဘဏ်ခွဲ၊ ဘဏ်ငွေ တိုက်ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်သည့် အစိုးရငွေတိုက်ခွဲတို့ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့် မြို့နယ်များအတွက် နီးစပ်ရာမြို့နယ်/ခရိုင် ဘဏ်ခွဲ၊ ဘဏ်ငွေတိုက်ခွဲ၊ အစိုးရငွေတိုက်ခွဲများက ပူးတွဲတာဝန်ပြီး ဆောင်ရွက်ပေးပါကြောင်း၊

ကယားပြည်နယ်တွင် လူဦးရေသုံးသိန်းခန့်ရှိပြီး မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် လွိုင်ကော်မြို့တွင် ကယားပြည်နယ်ရုံးနှင့် ခရိုင်ဘဏ်ခွဲတစ်ခု၊ ဖားဆောင်းမြို့နှင့် ဘောလခဲမြို့တွင် မြို့နယ် ဘဏ်ခွဲတစ်ခုစီနှင့် မယ်စဲမြို့တွင် ဘဏ်ငွေတိုက်ခွဲတစ်ခု ဖွင့်လှစ်ထားရှိပါကြောင်း၊ ဖရူဆိုမြို့နယ် တွင် ဘဏ်ငွေတိုက်ခွဲ ဖွင့်လှစ်ရန် အဆောက်အဦဆောက်လုပ်ထားပြီးဖြစ်ပါကြောင်း၊ ရှားတော မြို့နယ်တွင် ရပ်ကွက်လေးခု၊ ကျေးရွာအုပ်စု သုံးစု၊ ကျေးရွာပေါင်း ၂၀၊ အိမ်ခြေ ၁၃၀၀၊ အိမ်ထောင်စု ၁၄၃၀ စု၊ လူဦးရေ ၇၄၆၂ ဦးရှိပြီး ဝန်ထမ်းအားဖြင့် ၄၉၇ ဦးရှိပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်သည့် အစိုးရငွေတိုက်များမှာ ဌာနဆိုင်ရာငွေစာရင်းများ (ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေစာရင်း) ဖွင့်လှစ်ပြီး ထုတ်ငွေ အနေဖြင့် စာရင်းဖွင့်လှစ်ထားသော ဌာနဆိုင်ရာ၏ လစာနှင့် အခြားအသုံးစရိတ်ထုတ်ပေးခြင်း၊ သွင်းငွေအနေဖြင့် ဓါတ်သတ္တုခွန်၊ မြေခွန်၊ ယစ်မျိုးလိုင်စင်ခွန်ပေးသွင်းငွေများ ပေးသွင်းခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လွိုင်ကော်ခရိုင်ဘဏ်ခွဲတွင် ရှားတောမြို့နယ်၏ ငွေထုတ် စာရင်း စုစုပေါင်း ကိုးခု၊ ပင်စင်စားဦးရေ ၇၃ ဦး၊ စာရင်းရှင်စာရင်း ကိုးဦး၊ ငွေစုဘဏ်စာရင်း ၃၆ ဦး ဖွင့်လှစ်ထားရှိပြီး လွိုင်ကော်ဘဏ်နှင့်  ပုံမှန်ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှားတောမြို့ သည် လျှပ်စစ်မီး ၂၄ နာရီရရှိပြီး  ဆက်သွယ်ရေးအနေဖြင့် အော်တိုအိတ်ချိန်းရုံး၊ တာဝန်ခံ ကြေးနန်းရုံး၊ စာတိုက်တို့ရှိပါကြောင်း၊ လွိုင်ကော်မြို့မှ မိုင် ၄၀ မိုင်ခန့် ကွာဝေးပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပါကြောင်း၊

ဒေသစီးပွားရေးအခြေအနေက စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားရေးအဖြစ် ဆောင်ရွက်ပြီး ဒေသထွက်ကုန်များကို လွိုင်ကော်မြို့သို့ တင်ပို့ရောင်းချပါကြောင်း၊ နယ်မြေလုံခြုံရေးအတွက် ရဲစခန်းတစ်ခုရှိပါကြောင်း၊ ဘဏ်ခွဲတစ်ခုတိုးချဲ့ ဖွင့်လှစ်နိုင်ရန်ကိစ္စကို စိစစ်စဉ်းစားသည့်အခါ ဖွဲ့စည်းပုံအရ အင်အားတိုးချဲ့ခန့်အပ်ခွင့်ရရှိရန်လိုအပ်ခြင်း၊ မြေနေရာရရှိရန် လိုအပ်ခြင်း၊ ဘဏ်ခွဲ အဆောက်အဦအပြင် ငွေသိုလှောင်ခန်းအဆောက်အဦကိုပါ ဆောက်လုပ်ရန် လိုအပ်ခြင်း၊ ဘဏ္ဍာငွေသယ်ယူပို့ဆောင်ရန် လုံခြုံရေးလိုအပ်ခြင်း၊ လုပ်ငန်းပမာဏနှင့် ဝန်ထမ်းအင်အား အသုံးပြုရမှု သင့်လျော်ကိုက်ညီရန်လိုအပ်ခြင်း၊ ကုန်ကျစရိတ်နှင့် ဝင်ငွေအချိုးထည့်သွင်းစဉ်းစား ရခြင်းစသည်တို့ကြောင့် လတ်တလောတွင် ရှားတောမြို့နယ်တွင်  ဘဏ်ခွဲဖွင့်လှစ်ရန် အစီအစဉ် မရှိသေးပါကြောင်း၊ ယခုအခါ မြန်မာ့စီးပွားရေးဘဏ်သည် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို စီးပွားရေးဆန်ဆန်နှင့် ပိုပြီးကျယ်ကျယ်ပြန့်ပြန့်အောက်ခြေအထိ ဆောင်ရွက်နိုင်ရန်အတွက် ဘဏ်၏ဖွဲ့စည်းတည်ဆောက်မှုများကို ပြန်လည်သုံးသပ်ပြင်ဆင်ဖွဲ့စည်းရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတကာတွင်လည်း ကူးသန်းရောင်းဝယ်ရေးဘဏ်များအနေဖြင့် စရိတ်စက ပိုမိုကုန်ကျသော ဘဏ်ခွဲများဖွင့်လှစ်မှုကို လျှော့ချလျက်ရှိကြပြီး ICT နည်းပညာသုံးသည့် ဘဏ် ဝန်ဆောင်မှုများကို ပိုမိုတိုးချဲ့ဆောင်ရွက်လျက်ရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲဖွဲ့စည်းမည့်အစီအစဉ် (State Owned Bank Restructuring Plan) တွင် ရှားတောမြို့နယ်အပါအဝင် ဘဏ်ဝန်ဆောင်မှုမရရှိသေးသည့် မြို့နယ်များသို့ သမရိုးကျ ဘဏ်ခွဲဖွင့်လှစ်ဆောင်ရွက်ပေးသည့် နည်းလမ်းမဟုတ်သည့် အခြားနည်းလမ်းများဖြင့် ဘဏ်၏ ဝန်ဆောင်မှုလုပ်ငန်းများကို ရရှိနိုင်ရေးအတွက် သုံးသပ်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း  ရှင်းလင်းဖြေကြားပါသည်။

ဒေါ်ဝင့်ဝါထွန်း (ရှားတောမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီး၏ နောက်ဆုံးဖြေကြားချက်ထဲတွင်ပါသော သမာရိုးကျဖွဲ့စည်းပုံမဟုတ်ဘဲ သီးသန့် သုံးသပ်ပြီးမှ ဖွဲ့စည်းရန်အတွက်၊ ဖွင့်လှစ်ပေးနိုင်ရန်အတွက် စိစစ်ပေးမည်ဆိုသည့်အချက်လေးကို မိမိဝမ်းသာစွာဖြင့် ကြိုဆိုပါကြောင်း၊ ၎င်းအချက်ပေါ်မူတည်ပြီး တစ်ဆက်တစ်စပ်တည်း ထောက်ပြ ဆွေးနွေးလိုပါကြောင်း၊ အဓိကက ရှားတော့မြို့နယ်သည် ၅၂ မိုင်ခန့်ဝေးသော ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့နယ်နှင့်  BB9 နှင့် ၅၂ မိုင်ခန့်သာကွာဝေးပါကြောင်း၊ လွိုင်ကော်မြို့နယ်မှ မိုင် ၄၀ ခန့်သာကွာဝေးပါကြောင်း၊  မိုင် ၉၀ ကျော်သာ ကွာဝေးသည့်နေရာဒေသတစ်ခုသည် တစ်ချိန်ချိန် တွင် ဖွံ့ဖြိုးလာခဲ့မည်ဆိုပါက၊ တစ်ချိန်ချိန်တွင် ငြိမ်းချမ်းရေးအရလုပ်ကိုင်ဆောင်ရွက်လာနိုင်ခဲ့မည် ဆိုပါက နယ်စပ်ကုန်သွယ်ရေးမြို့လေးတစ်ခုဖြစ်လာနိုင်ပါကြောင်း၊ ထိုနည်းလည်းကောင်းပဲ ခရီး သွားလာရေးဝန်ဆောင်မှုကို‌ ဆောင်ရွက်ပေးနိုင်သည့် နယ်စပ်မြို့လေးတစ်ခုလည်းဖြစ်လာနိုင်သည့် အတွက် နယ်မြေဒေသလုံခြုံရေးအရ ယခုအချိန်တွင်လည်း နယ်မြေဒေသလုံခြုံရေးအရလည်း စိတ်ချ နေထိုင်ရသည့် အနေအထားတစ်ရပ်ဖြစ်သလို အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်း အလားအလာကောင်းသည့် မြို့နယ်လေးတစ်မြို့ဖြစ်သည့်အတွက်ကြောင့် ၎င်းအချက်ကို အလေး အနက်ထားပြီး ထည့်သွင်းစဉ်းစားသုံးသပ်ပြီးမှ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို ယခု မပြန်ကြားနိုင်ပါက စာဖြင့်ဖြစ်ဖြစ်ပြန်ကြားပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါ သည်။       

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ပြည်သူလူထုအပေါ်နှင့် ဒေသအပေါ်ထားရှိသော စေတနာကို လေးစားပါကြောင်း၊ မိမိတို့အနေဖြင့် ဘဏ်ခွဲတစ်ခုကို ဖွင့်လှစ်ရန်အစီအစဉ်လုံးဝမရှိဘူးဟု မဆိုလို ပါကြောင်း၊ လိုအပ်ပါကလည်း လိုအပ်သလို ဘဏ်ခွဲဖွင့်ရန်လိုလာပြီဆိုပါကလည်းဖွင့်ရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးဆွေးနွေးခဲ့သလို ဒေသ၏အခြေအနေသည် တိုးတက် ကောင်းမွန်လာပြီး တကယ်ကိုပဲ လုပ်ငန်းပမာဏများကလည်း ဘဏ်ခွဲတစ်ခုလောက်ဖွင့်လှစ်ရမည့် လုပ်ငန်းပမာဏဖြစ်လာခဲ့ပါက မိမိတို့စိစစ်သုံးသပ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ မဆောင် ရွက်နိုင်သေးမီတွင်လည်း စောစောကတင်ပြခဲ့သလို ဘဏ်များကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ပြီး ကိုယ်စားလှယ်အဆင့်ထားနိုင်သည့်ကိစ္စများတွင် ကိုယ်စားလှယ်များနှင့်ဆောင်ရွက်သည့် ယခု Mobile Banking၊ Digital Banking တို့လုပ်နေသည့်ပုံစံမျိုးများဖြင့် လုပ်ပေးရန် အစီအစဉ် ဆောင်ရွက်နေလျက်ရှိပါကြောင်း ဖြေကြားပါသည်။