Skip to main content

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ အောင်သစ္စာရပ်ကွက် အကွက် အမှတ်၊ ၄/၁၂၂-က ဧရိယာ ၀.၂၅၇ ဧကမှာ မြန်မာ့စီးပွားရေးဘဏ်ခွဲ အဆောက်အဦကို ၁၅-၉-၂၀၀၃ ရက်နေ့တွင် စတင်ဆောက်လုပ်ပြီး ၁၂-၁၂-၂၀၀၃ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပါကြောင်း၊ မြေဂရံ နှစ် ၃၀ ရရှိပြီးဖြစ်ပါကြောင်း၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်လမ်းသည် ၄၈ မိုင်ကွာဝေးသည့် လွယ်ဂျယ်-မိုးမောက်လမ်းကြီးကို AC ကတ္တရာလမ်း စတင်ခင်းကျင်းနေပြီ ဖြစ်ပါကြောင်း၊ နယ်မြေအခြေအနေသည် လုံခြုံအေးချမ်းသည့် အနေအထားရှိနေပြီး ဆက်သွယ်ရေးသည် Telenor၊ CDMA 450 နှင့် MPT ဖုန်းလိုင်းများ ရရှိနေပြီဖြစ်ပါကြောင်း၊ လွယ်ဂျယ်မြို့၏ တိုးတက်မှုသည် လွယ်ဂျယ်မြို့၏ နာရီစင်၊ စည်ပင်သာယာဈေး သုံးထပ်ဈေးကြီး ဆောက်လုပ်နေခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များဖလား ပြုလုပ်ခဲ့သည့် ဘောလုံးကွင်း၊ လွယ်ဂျယ်နယ် စပ်ဂိတ် လွယ်ဂျယ်မြို့မှတစ်ဆင့် တရုတ်ပြည်ကို ကုန်စည်ကူးသန်း ရောင်းဝယ်နေသည့် နယ်စပ်ဂိတ် ဖြစ်ပါကြောင်း၊ နယ်စပ်ကားများစီးဆင်းနေသည့်နေရာဖြစ်ပါကြောင်း၊ နယ်စပ်ကိုသွားလာနေတဲ့ ကားများ ရှိပါကြောင်း၊ AC ကတ္တရာလမ်းများ၊ ကွန်ကရစ်လမ်းများနှင့် မြို့သည် တိုးတက်သာယာနေပြီ ဖြစ်ပါကြောင်း၊ နယ်စပ်ဘေးလမ်း ဖြစ်ပါသော်လည်း လက်ရှိတွင် ဖုန်းလိုင်းများ ရပြီဖြစ်သည့်အတွက် Wave money လွှဲသည့်နေရာများ Wave money များ၊ KBZ ဘဏ်များနှင့် ချိတ်ဆက်ပြီး လွှဲသည့် နေရာများ ဖြစ်ပါကြောင်း၊ လက်ရှိတွင် မြန်မာ့စီးပွားရေး ဘဏ်အတွက် အဆောက်အဦ ရရှိပြီး ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ လိုအပ်ချက်အရဂရန်မြေနှင့် အဆောက်အဦရရှိပြီး ဖြစ်ပါကြောင်း၊ ရဲစခန်းနှင့် တစ်ဖာလုံခန့်သာ ဝေးပြီး ရှေ့တန်း တပ်ရင်းစခန်း၏ မျက်စောင်းထိုးတွင် ရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ လိုအပ်ချက်အရ လွယ်ဂျယ်မြို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိကို မေးမြန်းပါသည်။


 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွဲ့စည်းပုံအရ ရုံးချုပ်ဌာနခွဲ ခုနစ်ခု၊ တိုင်းဒေသကြီး/ပြည်နယ်ရုံး (၁၄)ရုံး၊ ခရိုင်အဆင့် ကွပ်ကဲပိုင်ခွင့် (၇၇) ခု၊ မြို့နယ်အဆင့် ဘဏ်ခွဲ(၂၁၃) ခု၊ ဘဏ်ငွေတိုက်ခွဲ (၁၈)ခု၊ ကိုယ်စားလှယ်ရုံးခွဲ သုံးခု စုစုပေါင်း ရုံးခွဲ၊ ဘဏ်ခွဲပေါင်း ၃၃၂ ခု ဖွင့်လှစ်ထားပါကြောင်း၊ ကချင်ပြည်နယ်တွင် ပြည်နယ်ရုံး တစ်ခု၊ ခရိုင်ဘဏ်ခွဲ၃ခု၊ မြို့နယ်ဘဏ်ခွဲ ၁၃ခုရှိပါကြောင်း၊ ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ လွယ်ဂျယ်မြို့ဟာ ဗန်းမော်မြို့မှ ၅၆မိုင်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး အခြေအနေသည် မော်တော်ကားလမ်း တစ်ခုသာ ရှိပြီး လမ်းခရီးသည် တောင်တက်တောင်ဆင်း ကျောက်ချောလမ်း ဖြစ်ပါကြောင်း၊ မိုးတွင်းအချိန်တွင် သွားလာရေး အတော်အတန်ခက်ခဲမှုရှိပါကြောင်း၊ လွယ်ဂျယ်မြို့တွင်လူဦးရေ ၂၁,၀၅၀ ဦး၊ ဌာနဆိုင်ရာ ၁၄ ဌာန၊ ဝန်ထမ်းဦးရေ ၂,၀၀၂ ဦးရှိပြီး ပင်စင်စားများ မရှိသည်ကို သိရပါကြောင်း၊ လွယ်ဂျယ် မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းလစာနှင့် အသုံးစရိတ်များကို လွယ်ဂျယ်မြို့မှ ၄၈ မိုင်ကွာဝေးသည့် မြန်မာ့ စီးပွားရေးဘဏ် မိုးမောက်မြို့တွင် စာရင်းဖွင့် ထုတ်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသလုံခြုံရေး အခြေအနေအရ လွယ်ဂျယ်မြို့၏ အနောက်ဘက် သုံးမိုင်ခန့်အကွာမိုင်ဂျာယန်ရွာတွင် KIA ဌာနချုပ် စခန်း တည်ရှိသည်ကိုသိရှိရပါကြောင်း၊ လျှပ်စစ်မီးအတွက် တရုတ်နိုင်ငံမှ တစ်ယူနစ်ကို တရုတ်ငွေတစ်ယွမ်ပေးဆောင်ရသည့် ၂၄ နာရီ လျှပ်စစ်မီးရရှိပါကြောင်း၊ တယ်လီဖုန်း တပ်ဆင်ထားမှု အခြေအနေသည် CDMA 450 MHZ ဖုန်းလိုင်းသာ တပ်ဆင် အသုံးပြုလျက်ရှိပြီး ဆက်သွယ်ရေး အခြေအနေ မဖွံ့ဖြိုးသေးသည်ကို သိရှိရပါကြောင်း၊

ဒေသစီးပွားရေး အခြေအနေအရ မြေပြန့်ဒေသ နည်းပါးပြီး ကြံအများဆုံး စိုက်ပျိုးပြီး အခြားသီနှံများ စိုက်ပျိုးမှု မရှိပါကြောင်း၊ လွယ်ဂျယ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားပြီးနယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့်မြန်မာ့စီးပွားရေးဘဏ်တို့ကဝန်ထမ်းများသည်အလှည့်ကျတာဝန် ထမ်းဆောင်လျက်ရှိပါကြောင်း၊ ၎င်းစခန်း၏ တစ်လကို ပျမ်းမျှသွင်းငွေ ကျပ်သန်း ၂၀၀ ခန့်ရှိပြီး ဗန်းမော်မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်ဘဏ်ခွဲက ကြီးကြပ်ဝန်ထမ်းတစ်ဦး၊‌ ငွေကြေးဝန်ထမ်းတစ်ဦး၊ စာရေးဝန်ထမ်းတစ်ဦး စုစုပေါင်းသုံးဦးကို လေးလတစ်ကြိမ် အလှည့်ကျတာဝန်ပေးပြီး သွားရောက်နေထိုင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သွင်းငွေလက်ခံမှုအတွက် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းတွင်ပြည်တွင်းအခွန်များဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့၏ ငွေစာရင်းကိုသွင်းငွေများလက်ခံခြင်း၊ ဗန်းမော်ခရိုင်ဘဏ်ခွဲတွင်ဖွင့်လှစ်ထားသည့် Current Account စာရင်းပိုင်ရှင်များ၏ ငွေစာရင်းမှ စာရင်းပြောင်းနည်းလမ်းဖြင့် ချက်လက်မှတ် ထုတ်ယူပြီး အထက်ဖော်ပြပါ ဌာနများမှပေးသွင်းသည့်စာရင်းပြောင်းသွင်းငွေများကို လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

လွယ်ဂျယ်ရှေ့တန်း တပ်စခန်းအတွင်းရှိ ငွေတိုက်(Vault)တွင် ဘဏ္ဍာငွေများကိုထိန်းသိမ်းထားပြီး လွယ်ဂျယ်မြို့မှဗန်းမော်မြို့သို့ဘဏ္ဍာငွေများကိုလေးလလျှင် တစ်ကြိမ်ခန့်ဖြင့် သယ်ယူရပါကြောင်း၊ ဘဏ္ဍာငွေများသွားရောက်သယ်ယူသည့် အချိန်တွင်မြန်မာနိုင်ငံရဲတပ်ဖွဲ့လုံခြုံရေး၊ တပ်မတော်လုံခြုံရေး အစောင့်အရှောက်များဖြင့်သွားရောက် သယ်ယူရပါကြောင်း၊ လွယ်ဂျယ်နယ်စပ်စခန်းတွင် ပေးသွင်းငွေစာရင်းများကို ဗန်းမော်ခရိုင် ဘဏ်ခွဲရှိ သက်ဆိုင်ရာ ငွေစာရင်းသို့ နေ့စဉ်မော်တော်ယာဉ်ဖြင့် စာရင်းပေးပို့ခြင်း၊ ဗန်းမော်ခရိုင်ဘဏ်ခွဲမှ ရရှိသည့်ရက်အပေါ် မူတည်ပြီး နေ့စဉ် သို့မဟုတ် စုစည်းစာရင်းရေးသွင်းခြင်း၊ အပတ်စဉ်သောကြာနေ့နှင့်လကုန်ရက်များတွင်တယ်လီဖုန်းဖြင့် ဆက်သွယ်၍ မဖြစ်မနေ စာရင်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပါကြောင်း၊ ထို့ကြောင့်လွယ်ဂျယ်မြို့သည် လမ်းပန်းဆက်သွယ်ရေးအခြေအနေတိုးတက်ရန် လိုအပ်နေခြင်း၊ ဆက်သွယ်မှုစနစ်များ ဖွံ့ဖြိုးမှု လိုအပ်နေခြင်း၊ ဘဏ္ဍာငွေ သယ်ယူဖြည့်တင်းနိုင်ရန် လမ်းကြောင်း လုံခြုံရေး ခက်ခဲနေခြင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ရရှိသည့်ငွေများကို ဗန်းမော်ခရိုင်ဘဏ်ခွဲရှိငွေကိုင်များမှ လာရောက်လက်ခံဆောင်ရွက်ပေးနိုင်ခြင်း၊ အခြားငွေသွင်းငွေထုတ်လုပ်ငန်းများ ဖွံ့ဖြိုးမှုလိုအပ်နေခြင်းတို့ကြောင့် လွယ်ဂျယ်မြို့နယ်တွင် မြို့နယ်အဆင့်မြန်မာ့စီးပွားရေးဘဏ်ခွဲဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့်လွယ်ဂျယ်မြို့ရှိ ဌာနဆိုင်ရာများ၏ လစာငွေထုတ်ယူရန်အတွက် အစိုးရငွေတိုက်ခွဲအဆင့် ဆောင်ရွက်နိုင်မှု ရှိ/မရှိကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သဘောထား ရယူသင့်ပါကြောင်းပြန်လည်ဖြေကြားပါသည်။