Skip to main content

ကျိုင်းတုံမြို့၊ မိုင်းငွန်းရွာအနီး တစ်မိုင်ခန့်တွင် စီးဆင်းလျက်ရှိသော နမ်ငွန်းနွဲ့ချောင်းသည် မိုးတွင်းကာလတွင် တောင်ကျရေများစီးဆင်းခြင်းကြောင့် ချောင်းရေကြီးကာ သွားလာရန်ခက်ခဲသည့်ချောင်းဖြစ်ပြီးချောင်းတစ်ဖက်ရှိကျေးရွာများတွင်နေထိုင်သည့်ရွာသူရွာသားများအနေဖြင့်အဘက်ဘက်တွင်ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲနိမ့်ကျလျက်ရှိပါကြောင်း၊ ၎င်းချောင်းကို အရှည်(၇၇ x ၁၂ x ၁၀ ပေ)ရှိ သည့်တံတားတစ်စင်း တည်ဆောက်‌ပေးမည်ဆိုပါက ချောင်းတစ်ဖက်ရှိ ကာလန်းရွာ၊ နောင်ကျန့်ရွာ၊ ပါယာရွာများတွင် နေထိုင်သည့်ရွာသူရွာသား၊ ပြည်သူ ၅၀၀ ဦးခန့်နှင့် အိမ်ခြေ ၁၅၀ ခန့်တို့၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူမည်ဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း ရာသီမရွေး သွားလာနိုင်သည့်အတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအဘက်ဘက်တွင် ဖွံ့ဖြိုးတိုးတက်‌လာမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ဆေးရုံနှင့်ဆရာဝန်မရှိသည့်အတွက် အရေးပေါ်လူနာ၊ အရေးကြီးမွေးလူနာများရှိပြီး မိုးရွာရေကြီးသည့်အချိန်တွင် ဖြတ်ကူးမရသောကြောင့် ကံဆိုးခဲ့ရသည့်လူနာလည်းများစွာရှိခဲ့ဖူးသည့်အတွက် ထိုသို့သောဒုက္ခဆင်းရဲကို ကျော်လွန် နိုင်ရန် တံတားတစ်စင်းတည်ဆောက်ပေးရန် အမှန်တကယ်လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အမှန်တကယ်လိုအပ်လျက်ရှိသော ကျိုင်းတုံမြို့နယ်၊ မိုင်းငွန်း ကျေးရွာအုပ်စု၊ နမ်ငွန်းနွဲ့ချောင်းကူး တံတားအရှည် (၇၇ x ၁၂ x ၁၀ ပေ) ရှိသည့် တံတားတစ်စင်း တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းငွန်းကျေးရွာအုပ်စု၊ နမ်ငွန်းနွဲ့ချောင်းကူးတံတားသည် လွိုင်မွေ - မိုင်းငွန်း - မိုင်းကိုင်လမ်းပေါ်ရှိ မိုင်းငွန်းကျေးရွာအနီးမှ ကာလန်း - နောင်ကျန့် ကျေးရွာများသို့ သွားသည့်လမ်းပေါ်တွင်တည်ရှိပါကြောင်း၊နမ်ငွန်းနွဲ့ချောင်းသည် မိုးရာသီရေများချိန်မှာ ချောင်းရေပြင်အကျယ်၅၀ပေ၊ အနက် ငါးပေခန့် စီးဆင်းလျက်ရှိပါကြောင်း၊ လွိုင်မွေ - မိုင်းငွန်း - မိုင်းကိုင်လမ်း ပိုင်းသည် အရှည် ၄၀ မိုင်ခန့်နှင့် မိုင်းငွန်း - ကာလန်း - နောင်ကျန့်လမ်းပိုင်းသည် အရှည်၁၅ မိုင်ခန့် ရှိသည့်မြေသားလမ်းများဖြစ်ပြီး လမ်းအကျယ် ၁၄ ပေနှင့် ၁၂ ပေကြားမှာရှိပြီး ပွင့်လင်းရာသီမှသာ မော်တော်ယာဉ်များ သွားလာနိုင်ကြောင်းသိရှိရပါကြောင်း၊ နမ်ငွန်းနွဲ့ချောင်းကူး တံတားတည်ရှိရာ မိုင်းငွန်း - ကာလန်း-နောင်ကျန့်လမ်းပိုင်းနှင့်ဆက်စပ်နေသည့်မိုင်းငွန်း-မိုင်းကိုင်ကျေးရွာအုပ်စု ချင်းဆက်လမ်း ၂၁မိုင်နှင့်ပတ်သက်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်အစိုးရ) ရန်ပုံငွေမှာ လမ်းပိုင်းအလိုက် မြေသားချဲ့ထွင်၍ ကျောက်ဗြုန်းခင်းခြင်းလုပ်ငန်းနှင့် လိုအပ်သည့်တံတား၊ Box Culvert များအား အဆိုပြုတင်ပြထားရှိကြောင်း ဒေသရဲ့စိစစ်ချက်အရသိရှိရပါကြောင်း၊ ထို့ကြောင့် ကျိုင်းတုံမြို့နယ်၊ မိုင်းငွန်းကျေးရွာအုပ်စု၊ နမ်ငွန်းနွဲ့ချောင်းကူးတံတား တည်ဆောက်ရေးနှင့်ပတ်သက်ပြီး မိုင်းငွန်း - မိုင်းကိုင် ကျေးရွာအုပ်စုချင်းဆက်၂၁မိုင်လမ်းတာချဲ့ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးပါကမေးခွန်းပါတံတားတည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထိုကြောင့် ၎င်းတံတားနှင့်ပတ်သက်၍ စိစစ်တိုင်းတာမှုများပြုလုပ်ပြီးပါကရှမ်းပြည်နယ်အစိုးရ အဖွဲ့ကိုတင်ပြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဒေသ၏တင်ပြချက်ပေါ် စိစစ်သုံးသပ်၍ သတ်မှတ်စီမံကိန်း အဆိုပြုလွှာပုံစံဖြင့် ရန်ပုံငွေဆက်လက်တင်ပြလာမည်ဆိုပါက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။