Skip to main content

ပူတာအိုမြို့နယ်၊ နမ်ထွမ်ခူးကျေးရွာအုပ်စုသည် ပူတာအိုမှ ၁၄/၅ မိုင်ကျော်ဝေးပြီး ပူတာအိုမြို့ ၏အနောက်ဘက်ဆုံး တောတောင်များပတ်လည်ဝန်းရံထားသောချိုင့်ဝှမ်းတွင် တည်ရှိသည့်ကျေးရွာ အုပ်စုဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စုတွင် အိမ်ခြေ ၃၆၁ အိမ်၊ လူဦးရေ ၂,၂၈၃ ဦးနေထိုင်သော ကျေးရွာအုပ်စုကြီး ဖြစ်ပါကြောင်း၊ အုပ်စုတွင်း အထက်တန်းကျောင်းခွဲ၊ အလယ်တန်း၊ မူလတန်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ဘုရားကျောင်းခြောက်ကျောင်းရှိသော ကျေးရွာကြီးလည်း ဖြစ်ပါကြောင်း၊ ဒေသခံ မိဘပြည်သူများသည်တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊မွေးမြူရေးများလုပ်ကိုင်လျက်ရှိသောကြောင့်ထွက်ရှိလာသောအသား၊ငါး၊ဟင်းသီးဟင်းရွက်များကိုအလွယ်တကူရောင်းချ နိုင်ရေး အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှသာလျှင် ဒေသခံ မိဘပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူနေမှုဘဝ ပြောင်းလဲတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ထားသော ကျောက်ချောလမ်း အပိုင်းများသည် ပျက်စီးလျက်ရှိနေပါကြောင်း၊ အမြန်ဆုံးပြုပြင်ခြင်း သို့မဟုတ် အဆင့်မြှင့် ဆောင်ရွက်မှ သာလျှင်ဒေသခံမိဘပြည်သူများသွားလာရေးအဆင်ပြေမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပူတာအိုမြို့နယ်အတွင်း သတ်မှတ်အဆင့်(A)လမ်းဖြစ်သော ပူတာအို-နမ်ထွမ်ခူး ကျေးရွာအုပ်စုချင်းဆက် ကျောက်ချောလမ်း ၁၄/၅ မိုင်အား ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်း အဆင့်တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်သန်းထွဋ်

ကချင်ပြည်နယ် ပူတာအို-နမ်ထွမ်ခူးလမ်းကို ကျောက်ချောလမ်းအဖြစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှနေစတင်ပြီး ကျောက်လမ်းငါးမိုင်၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လတွင် ကျောက်လမ်း ၅/၄ မိုင်၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ ၁၂ လတွင် ကျောက်လမ်းနှစ်မိုင်နှင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်း ၁/၄ မိုင် စုစုပေါင်းကျောက်လမ်း ၁၄ မိုင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ပူတာအို-နမ်ထွမ်ခူး ကျောက်ခင်းလမ်းကို ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ဆောင်ရွက်ပေးရန်နှင့်ပတ်သက်၍ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာထားချက်တွင်စိစစ်တင်ပြပြီးဖြစ်ပါသဖြင့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် အဆိုပါလမ်းအဆင့်မြှင့်တင် နိုင်ရေးအတွက် မိမိအနေဖြင့် သက်ဆိုင်ရာဒေသတာဝန်ရှိသူများက လက်ရှိလမ်းအသုံးပြုနိုင်မှုအခြေအနေ၊ လမ်း အဆင့်မြှင့်တင်ပေးရန်လတ်တလောလိုအပ်မှုရှိ/မရှိ၊ခန့်မှန်းကုန်ကျငွေနှင့်ဒေသအတွက်အကျိုးပြုနိုင်မှု အလားအလာတို့အပေါ်တွင်ကွင်းဆင်းစိစစ်ပြီး ကချင်ပြည်နယ် အစိုးရ အဖွဲ့ကိုတင်ပြ၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ကဒေသ၏ တင်ပြချက်အပေါ်စိစစ်သုံးသပ်၍ သတ်မှတ်စီမံကိန်း အဆိုပြုလွှာပုံစံဖြင့် ရန်ပုံငွေကိုဆက်လက်တင်ပြလာပါက ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ်မူတည်ပြီး အနီးစပ်ဆုံးဘဏ္ဍာရေး ပြည်ထောင်စုရန်ပုံငွေတွင် အပိုင်းလိုက်ထည့်သွင်းလျာထား ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။