Skip to main content

သက်ကြီးရွယ်အိုများအား စရိတ်ထောက်ပံ့ရာတွင် မှတ်ပုံတင် အိမ်ထောင်စုစာရင်း မပြသနိုင်သော မွေးသက္ကရာဇ်မှားယွင်းနေသူများအတွက်မည်သို့ပြန်လည်စိစစ်ထည့်သွင်းပေးမည်နှင့် နောင်အနာဂတ်တွင် သက်ကြီးရွယ်အိုများအတွက် ရေရှည်ကူညီစောင့်ရှောက်နိုင်ရန် မည်သို့စီမံ ဆောင်ရွက် မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းဥပဒေအရ သက်ကြီးရွယ်အိုများအား နိုင်ငံတော်မှတစ်လလျှင် ၁၀,၀၀၀ကျပ်ဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိနေပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ လူဦးရေသန်းခေါင် စာရင်း ထုတ်ပြန်ချက်အရ နိုင်ငံ့လူဦး‌ရေ သန်း ၅၀ ကျော်အနက် ၈.၉ ရာခိုင်နှုန်းသည် သက်ကြီးရွယ်အိုများ ဖြစ်ပြီး ဦးရေအားဖြင့် ၄.၅ သန်းခန့် ရှိသည်ကိုသိရပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်ရောက်ပါက နိုင်ငံ့လူဦးရေ ၁၃.၈ ရာခိုင်နှုန်းအထိ ရှိလာနိုင်ပြီး ဦးရေ ၇.၉ သန်းခန့် ရှိလာမည်ဟု ခန့်မှန်းကြပါကြောင်း၊ ထို့ကြောင့် သက်ကြီးရွယ်အိုများအား ကူညီစောင့်ရှောက်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေပါကြောင်း၊ သုတေသနစစ်တမ်းများအရ ၁၉၇၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ သက်ကြီးရွယ်အိုများအား နှစ်စဉ်စုစုပေါင်း လူဦးရေ၏ ၁.၄ ရာခိုင်နှုန်းသာ ရှိသော်လည်း အသက်(၆၀)နှင့်အထက် လူဦးရေမှာ နှစ်စဉ် ၂.၄ ရာခိုင်နှုန်း တိုးတက်လျက်ရှိသည်ကို သိရပါကြောင်း၊

မြို့ပြသည်ကျေးလက်ဒေသထက်သက်ကြီးရွယ်အို အရေအတွက် ပိုမိုများပြားလာကြောင်းကို သိရှိရပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှာ သက်ကြီးရွယ်အို လူဦးရေပမာဏ တိုးတက်မှု အမြင့်ဆုံးနှင့် လက်ရှိအတိုင်း ဆက်လက်တိုးပွား လာမည်ဆိုပါက ၂၀၃၀ ပြည့်နှစ်တွင် အချက်အခြာ ကျသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စုစုပေါင်း လူဦးရေ တိုးတက်လာမှုနှင့်အတူ အသက်(၆၀)နှင့်အထက် သက်ကြီးရွယ်အို များပြားလာမည့်အခြေအနေနှင့် ကြုံတွေ့လာနိုင်မည်ဖြစ်သည်ကို သိရှိရပါကြောင်း၊ ၎င်းအခြေအနေတွင်သက်ဆိုင်ရာတာဝန်ရှိသူများ၏သတင်းအချက်အလက် ကောက်ယူမှု၊ ရရှိမှု အားနည်းခြင်း၊ နိုင်ငံတော်၏ ထောက်ပံ့မှုကိုမခံစားရသည့်သက်ကြီးရွယ်အိုများ အများအပြား ရှိနေပါကြောင်း၊ မိမိ၏ မဲဆန္ဒနယ်တွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် တရားဥပဒေ စိုးမိုးမှု နည်းပါးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်စစ်ဆေးပါက မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား အဆင်သင့်ပြသနိုင်ရန်ဆောင်‌ထားရခြင်း၊ မှတ်ပုံတင်၊ အိမ်ထောင်စု ဇယားများအား အသိမ်းလွန်ခြင်း၊ တောင်ယာတဲများတွင်ထားရှိမှုကြောင့် တောင်ယာမီးရှို့ရာတွင် ပါဝင်သွားခြင်း၊ ထပ်မံပြုလုပ်ရာတွင် ခုနှစ်သက္ကရာဇ်များ မှားယွင်းစွာ ထည့်သွင်းမိခြင်း၊ ဥပဒေကို ပြည်သူများကနားမလည်ခြင်း၊ အောက်ခြေဝန်ထမ်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းကြောင့် အချို့သော သက်ကြီးဘိုးဘွားများသည် နိုင်ငံတော်၏ အထောက်အပံ့ကို မခံစားရသည့်အပြင် ပေးကားပေး၏ မရ ဖြစ်နေပါကြောင်း၊

ထို့ကြောင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် သက်ကြီးရွယ်အိုများအား စရိတ်ထောက်ပံ့ ပေးရာတွင် မှတ်ပုံတင်၊ အိမ်ထောင်စုဇယား မပြသနိုင်သည့် မွေးသက္ကရာဇ် မှားယွင်းနေသည် သက်ကြီးရွယ်အိုများအား မည်သို့ ပြန်လည်စိစစ် ထည့်သွင်းပေးမည်နှင့် နောင်အနာဂတ်တွင် တိုးပွား လာမည့် သက်ကြီးရွယ်အိုများအတွက် နိုင်ငံတော်မှ ကူညီစောင့်ရှောက်သွားနိုင်ရန် ရေရှည်စီမံကိန်း အား မည်သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနသည် ၂၀၁၆ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းပြီးသည့် သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေ၏ အခန်း(၂) ရည်ရွယ်ချက် ပုဒ်မ ၃ ပုဒ်မခွဲ(ခ)၊ အခန်း(၅) သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ၊ အခန်း(၈) တွင် ဝင်ငွေပုံမှန် ရရှိရေး ပြဋ္ဌာန်းချက်များအရ အကောင်အထည် ဖော်သည့်အနေဖြင့် သက်ကြီးရွယ်အိုများ ဝင်ငွေပုံမှန် ရရှိစေရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး လူမှုရေးပင်စင် ထောက်ပံ့ရေး အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစပြီး အသက်(၉၀)နှစ်နှင့် အထက် သက်ကြီး ရွယ်အိုများကို တစ်လလျှင် တစ်ဦးကို ကျပ် ၁၀,၀၀၀ နှုန်းဖြင့် သုံးလလျှင် တစ်ကြိမ် ထောက်ပံ့လျက် ရှိရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသက်ကန့်သတ်ချက်ကို (၈၅)နှစ်အထိ လျှော့ချပြီး ထောက်ပံ့ပေးလျက် ရှိပါကြောင်းနှင့် လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ် ဧပြီ-မေ-ဇွန် အတွက် အကျိုးခံစားခွင့်ရှိသူ သက်ကြီးရွယ်အို ၂၀၀,၃၀၁ ဦး ရှိပါကြောင်း၊ လဲချားမြို့နယ်ရှိ ရပ်ကွက် လေးခု၊ ကျေးရွာအုပ်စု ရှစ်ခုတွင် လူမှုရေးပင်စင်အကျိုး ခံစားခွင့်ရှိသူ ၄၁ ဦးရှိပါကြောင်း၊

အစီအစဉ်တွင် အကျုံးဝင်သည့် သက်ကြီးရွယ်အိုများနှင့် အသက် အထောက်အထားအတွက် မှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အိမ်ထောင်စု လူဦးရေ ပုံစံ(၆၆/၆)ပါ မွေးသက္ကရာဇ်တို့ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ပါကြောင်း၊ ယင်းအထောက်အထားများ မရှိသည့် သက်ကြီး ရွယ်အိုများနှင့် မွေးသက္ကရာဇ် မှားယွင်းနေသော သက်ကြီးရွယ်အိုများအတွက် တင်ပြပါအတိုင်း လုပ်ငန်းစဉ်(၄)ရပ်ဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လုပ်ငန်းစဉ်(၁)သည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာမှ ယုံကြည်လေးစားရသည့် ရပ်မိရပ်ဖနှစ်ဦး စုစုပေါင်းသုံး ဦးမှ နိုင်ငံသားစိစစ်ရေး လက်မှတ် သို့မဟုတ် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆) လုံးဝမရှိကြောင်း ထောက်ခံ၍ သက်ဆိုင်ရာမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံတင်ပြခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်(၂)သည် ၎င်းမြို့နယ်အုပ်ချုပ်ရေးမှူးမှ ထပ်ဆင့်ထောက်ခံပြီး သက်ဆိုင်ရာ နေပြည်တော် ကောင်စီ/တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းရုံးများသို့ ဆက်လက်တင်ပြခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်(၃)သည် နေပြည်တော် ကောင်စီ/တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်း ဦးစီးမှူးများမှ သက်ဆိုင်ရာ ပြည်သူ့အင်အား ဦးစီးဌာနနှင့် ချိတ်ဆက်ပြီး သက်ကြီးရွယ်အို စာရင်းများ တိုက်ဆိုင်စစ်ဆေးပြီး လူမှုဝန်ထမ်း ဦးစီးဌာနရုံးချုပ်သို့ တင်ပြခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်(၄)သည် လူမှုဝန်ထမ်း ဦးစီးဌာနရုံးချုပ်သည် ပေးပို့လာသည့် သက်ကြီးရွယ်အိုများ စာရင်းကို စိစစ်အတည်ပြုပြီး ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း ဆိုသည့် လုပ်ငန်းစဉ်(၄)ဆင့်ဖြင့် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

မိမိတို့ လူမှုဝန်ထမ်းရုံးရှိသည့် နေရာများတွင် လူမှုရေးပင်စင်ထောက်ပံ့မှုကို သက်ဆိုင်ရာ လူမှုဝန်ထမ်းရုံးက တိုက်ရိုက်ထောက်ပံ့ပြီး လူမှုဝန်ထမ်းရုံးမရှိသည့် ခရိုင်၊မြို့နယ်များမှ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ထောက်ပံ့ပေးပါကြောင်း၊ သက်ကြီးရွယ်အို ဘိုးဘွားများစာရင်း ကောက်ယူမှုကို သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပါကြောင်း၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်နှင့် လဲချား မြို့နယ်တို့တွင် လူမှုဝန်ထမ်းရုံး ဖွင့်လှစ်နိုင်ခြင်း မရှိသည့်အတွက် လဲချားမြို့နယ်အတွင်း လဲချား မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် စာရင်း ပြုစုခြင်း၊ ထောက်ပံ့ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများ၏ အသက် အထောက်အထားအတွက် ပြည်သူများ ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် ရုပ်မြင်သံကြား၊ ရေဒီယို အစီအစဉ်များတွင် ထုတ်လွှင့်ပေးခြင်း၊ တစ်တိုင်းတစ်ပြည်လုံးတွင် ရှိသည့် လူမှုဝန်ထမ်းရုံးများမှ လူမှုရေးပင်စင် ထောက်ပံ့ရေး အစီအစဉ်နှင့်ပတ်သက်သည့် ရပ်ရွာအတွင်း အသိပညာပေးခြင်း အစီအစဉ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြချက်အရ ပြည်သူများကြားတွင် ပြည့်ပြည့်ဝဝ အသိပညာ ဗဟုသုတ မရှိနိုင်သည့်အတွက် ဆက်လက်ပြီး ၎င်းလုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်ကစပြီး ယနေ့အထိ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ သက်ကြီးရွယ်အို ဘိုးဘွားများတွင် လူမှုရေးပင်စင် မရရှိမှုနှင့် အပြည့်အဝ မရရှိမှုများနှင့် ပတ်သက်၍ တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိရာတွင် စုစုပေါင်း တင်ပြချက် ၁၈ ခု အနက် တင်ပြချက် ၁၂ ခုကို ဖြေရှင်းဆောင်ရွက်ပြီး ဖြစ်ပါကြောင်းနှင့် တင်ပြချက် ခြောက်ခုအား ဆောင်ရွက်ဆဲ ဖြစ်ကြောင်း၊ ထပ်မံပေါ်ပေါက်လာမည့် စစ်ဆေးတွေ့ရှိလာသည့် သက်ကြီးရွယ်အိုဘိုးဘွားများကို ဖြည့်စွက်ရန်ပုံငွေများတွင် ထည့်သွင်းတောင်းခံ၍ ထောက်ပံ့ ပေးလျက်ရှိပြီး အထောက်အထား ပြည့်စုံကြောင်း တင်ပြလာသည့် လမှစပြီး ထောက်ပံ့ပေး ပါကြောင်း၊ အနာဂတ်တွင် အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှုသည် ရေရှည်ရန်ပုံငွေ ရရှိနိုင်ရေးအား ရည်ရွယ်ပြီး ကာလရှည် ရန်ပုံငွေရန်ပုံငွေ ရရှိရေး မဟာဗျူဟာ(Long-term Financing Strategy)ကို ဆက်စပ်ဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အပြီးသတ် ရေးဆွဲလျက် ရှိပါကြောင်း၊ ၎င်းမဟာဗျူဟာတွင် ယေဘုယျအားဖြင့် အစီအစဉ် အကောင်အထည်ဖော်မှုအတွက် ဘဏ္ဍာရေးနှစ်အလိုက် ရင်းနှီးမြှုပ်နှံရမည့် ရန်ပုံငွေပမာဏကို ကြိုတင် ခန့်မှန်းတွက်ချက်မှုများ၊ ၎င်းရင်းနှီးမြှုပ်နှံရမည့် ပမာဏအတွက် ရန်ပုံငွေ ရရှိနိုင်မမည့် အဆိုပြု နည်းလမ်းများနှင့် တိုးချဲ့ ဆောင်ရွက်သွားနိုင်မည့်အစီအစဉ်မျာ် ပါဝင်မည် ဖြစ်ပါကြောင်း၊

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီးမေးခွန်းနှင့်စပ်လျဉ်း၍ အသက်အထောက်အထား မရှိသည့် သက်ကြီးရွယ်အိုများနှင့် မွေးသက္ကရာဇ် မှားယွင်းနေသည့် သက်ကြီးရွယ်အိုများကို စိစစ် အတည်ပြု၍ ထောက်ပံ့ပေးနိုင်ရန် ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နောင်အနာဂတ်တွင် တိုးပွားလာမည့် သက်ကြီးရွယ်အိုများအတွက် ရန်ပုံငွေ အပြည့်အဝ ရရှိရေး (Long-term Financing Strategy )ရေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြား ပါသည်။