Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် အမျိုးသမီးများ လိင်အကြမ်းဖက်ခံရမှုများမှာ ပျမ်းမျှတစ်နှစ်လျှင် အမှုပေါင်း ၁,၀၀၀ ကျော်ခန့်ရှိကြောင်း သိရှိရပါကြောင်း၊ လေ့လာဆန်းစစ်ချက်များအရ သက်ငယ်မုဒိမ်းမှုမှာ သက်ကြီးမုဒိမ်းမှုများထက်ပိုမိုများပြားနေသည်ကို တွေ့ရှိရပါကြောင်း၊ ကျူးလွန်ခံရသူများ၏ အသက် အပိုင်းအခြားကို လေ့လာကြည့်ပါက အသက် ၂ နှစ်မှ ၅ နှစ်၊ အသက် ၁၆ နှစ် စသည်ဖြင့် ကျောင်းနေအရွယ် အမျိုးသမီးငယ်လေးများ အများစုဖြစ်နေသည်ကို တွေ့ကြရမည် ဖြစ်ပါကြောင်း၊

မုဒိမ်းမှုတစ်ခုဖြစ်ပြီဆိုပါက ရပ်ထဲရွာထဲတွင် ဖြေရှင်းနည်းနှစ်မျိုးနှင့် ဖြေရှင်းလေ့ရှိကြသည်ကိုကြားသိဖူးကြမည်ဖြစ်ပါကြောင်း၊ ပထမနည်းမှာလျော်ကြေးဖြင့်ဖြစ်စေ၊ ကျူးလွန် သူနှင့် အိမ်ထောင်ချပေးခြင်းဖြင့်ဖြစ်စေ ညှိနှိုင်းကြေအေးခြင်းဖြစ်ပါကြောင်း၊ ထိုအခါတွင် ကျူးလွန်ခံရသည့် အမျိုးသမီးငယ်လေးများ၏ပညာရေးသည် ရပ်တန့်ပြီး ဆုံးသွား ရလေ့ရှိပါကြောင်း၊ လျော်ကြေးယူလိုက်ရသည့် အမျိုးသမီးငယ်လေးသည် ပညာဆက်လက်သင်ကြားလိုသည့်အချိန်တွင် ကျေအေးပြီးဖြစ်သည့်အတွက် ၎င်းကျူးလွန်ခံရ ကြောင်း သက်သေပြစရာမရှိတော့သဖြင့် အလိုတူအလိုပါဟုသတ်မှတ်ခံရပြီး ကျောင်းက လက်မခံတာမျိုးများရှိပါကြောင်း၊ ဥပဒေကိုသိရှိမှု အားနည်းခြင်း၏ဆိုးကျိုးကို အသက် ၁၄ နှစ်၊ ၁၅ နှစ်အရွယ် ကျူးလွန်ခံရသူ မိန်းကလေးအများစု တွေ့ကြုံခံစားကြရပါကြောင်း၊ ဒုတိယနည်းဖြစ်သည့်ရဲစခန်းမှာ အမှုဖွင့်ခြင်းမျိုးကို သက်ငယ်လွန်းသည့်ကလေးကို ကျူးလွန်ခြင်းမျိုးနှင့် အုတ်အော်သောင်းတင်း ဖြစ်ရပ်များတွင်တွေ့ရပါကြောင်း၊ ကျူးလွန်ခံရသည့် ကလေးငယ်များသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုများကြောင့် ဆေးကုသမှု ခံရခြင်းတို့အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက် မှုကို ပြင်းထန်စွာ ခံစားကြရပါကြောင်း၊

ထိုကလေးများကို နှစ်သိမ့်ဆွေးနွေးခြင်း (Counseling)ဆိုသည့်သင်္ချာလို စိတ်ဓာတ်ခွန်အားရစေဖို့ နည်းပေါင်းစုံနှင့် Psychological Symbol များပေးပြီး ကျောင်းပြန်တက်ရန်အချိန်ယူပြီး ခက်ခက်ခဲခဲတိုက်တွန်းရပါကြောင်း၊ ဤအဆင့်အောင်မြင်မှသာ ကလေးကိုကျောင်းပို့၍ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာသင်ကျောင်းများ က ကိုယ်ချင်းစာနာစိတ်နှင့် နွေးထွေးစွာကြိုဆိုရန်လိုအပ်ပါကြောင်း၊ ထိုသို့မဟုတ်ဘဲ ကျောင်းပြန်အပ်ရဖို့ ခက်ခဲနေမည်ဆိုပါက ကျူးလွန်ခံရသည့်ကလေးကို ထပ်မံစိတ် ဒဏ်ရာရအောင်လုပ်မိသလိုဖြစ်သည်မို့ Victim Blame လုပ်ရာရောက်ပါကြောင်း၊ မိမိသိရှိခဲ့သည့်ဖြစ်စဉ်တစ်ခုကို တင်ပြလိုသည်မှာ မုဒိမ်းမှုကျူးလွန်ခံရသည့် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦးကို အားပေးနှစ်သိမ့်ပြီး ကျောင်းကိုပြန်ပို့သောအခါကျောင်းကလက်မခံသည့်အတွက် အဆင့်ဆင့်ခက်ခဲစွာကြိုးစားခဲ့ရပါကြောင်း၊ တိုင်းပညာရေးမှူး ကို ဆက်သွယ်ဆွေးနွေးသည့်အခါတွင်  ထိုကဲ့သို့ Sex Experience ရှိပြီးသည့်ကျောင်းသူမျိုးကို ကျောင်းစည်းကမ်းအရလက်မခံကြောင်း၊ သူ့အတွေ့အကြုံကို တခြားကျောင်းသူ များကို ပြန်ပြောလျှင် တခြားကလေးမှာ ပျက်စီးသွားမည်ဆိုး၍ဖြစ်ကြောင်း ပြန်ပြီးဆွေးနွေးရန် အဆင်မပြေခဲ့ပါကြောင်း၊ နောက်ဆုံးတွင် အခြေခံပညာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယဝန်ကြီးတို့ကို ဆွေးနွေးတင်ပြမှသာ ထိုကလေးမလေး ကျောင်းပြန်နေရန်ကိစ္စ အဆင်ပြေသွားခဲ့ရပါကြောင်း၊

မိမိတို့၏အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၏လေ့လာရေးခရီးစဉ်များတွင် အမျိုးသမီးကော်မတီ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၊ NGO၊ CSO များနှင့် တွေ့ဆုံဆွေးနွေးကြသည့်အခါ ၎င်းတို့အနေဖြင့် ဤ(Rape Case) မုဒိမ်းမှုများကို လိုက်ပါကူညီဆောင်ရွက်ရာတွင် ကျူးလွန်ခံရသည့်ကလေးများကို ကျောင်းပြန်အပ်ရာတွင် ကျောင်းက လက်မခံခြင်းများ တစ်ခါတစ်ရံကြုံတွေ့ရကြောင်း တင်ပြဆွေးနွေးခဲ့ကြပါကြောင်း၊ တချို့ Case များတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ NGO များ၊ CSO များက လိုက်ပါကူညီပေး၍ အဆင်ပြေသော်လည်း ထိုသို့ကူညီပေးနိုင်သူများ မသိလိုက်ဘဲ ပညာရေးအညွန့်ချိုးခံလိုက်ရသည့် အမျိုးသမီးငယ်လေးများ မည်မျှများရှိနေမည်နည်း၊ ပြစ်မှုကျုးလွန်၍ထောင်ကျနေသည့်သူများ လူငယ်သင်တန်းကျောင်းက ကလေးများတောင်မှ ပညာဆက်လက်သင်ကြားခွင့်ရပါကြောင်း၊ ထိုလိင်အကြမ်းဖက်ခံရသည့် အမျိုးသမီးငယ်လေးများကျမှ ပညာဆက်လက်သင်ရန် ခက်ခဲနေခြင်းမှာမဖြစ်သင့်ပါကြောင်း၊ ယခုကဲ့သို့ အောက်ခြေတွင် အခက်အခဲများ နှင့်ရင်ဆိုင်နေရခြင်းမှာ ထိုကိစ္စများကိုဖြေရှင်းရန် တိကျသည့် ညွှန်ကြားချက်များမရှိခြင်းကြောင့်ဟုသုံးသပ်မိပါကြောင်း၊ သို့ဖြစ်ပါ၍ လိင်အကြမ်းဖက်ခံရသော အမျိုးသမီးငယ် လေးများကို Double Punishment ပေးမိသကဲ့သို့ မဖြစ်စေရန်လည်းကောင်း၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူ စာချုပ် CEDAW အရသော်လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၄၆ အရ ပညာရေးဆိုင်ရာအခွင့်အရေးများ ရရှိစေရန်လည်းကောင်း သက်ဆိုင်ရာဝန်ကြီးဌာနချင်း ချိတ်ဆက်ညှိနှိုင်း၍တိကျသောမူဝါဒများချမှတ်ပြီး ညွှန်ကြားချက်များထုတ်ပြန်ပေးရန်နှင့် ညွှန်ကြားထားပြီးဖြစ်ပါက တစ်နိုင်ငံလုံးလွှမ်းခြုံမှုရှိစေ ရန်အတွက် ဆောင်ရွက်ပေးရန် လိုအပ်နေပါသဖြင့် လိင်အကြမ်းဖက်ကျူးလွန်ခံရသော အမျိုးသမီးငယ်အရွယ်များ တစ်ပြေးညီ ပညာဆက်လက်သင်ကြားခွင့်ရရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနချင်း ချိတ်ဆက်ညှိနှိုင်း၍ တိကျသောမူဝါဒများ ချမှတ်ပြီးညွှန်ကြားချက်များထုတ်ပြန်ထားခြင်းရှိ/မရှိနှင့် အကယ်၍မရှိပါကတစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သော ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ပေးရန်အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်

ပြည်ထဲရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မိမိတို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများ၏ ‌ဖြေကြားချက်များကို ပေါင်းစပ်၍ ရှင်းလင်းဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ်တွင်  အကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းမှုများ ကြုံတွေ့လာရပါက တိုင်ကြားနိုင်ရန်ရည်ရွယ်ပြီးမှ မိမိတို့ ၏ Help Line ဖုန်းနံပါတ် ၀၆၇-၄၀၄၂၂၂ နှင့် ၀၆၇-၄၀၄၉၉၉ သို့ တိုင်ကြားလာသောအမှုများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းရုံးများနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ ပြည်သူများတိုင်ကြား လာခြင်းများကို မိမိတို့ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ထိုကဲ့သို့ တိုင်ကြားလာမှုများအား စနစ်တကျတုံ့ပြန် ဖြေရှင်းဆောင်ရွက်ပေးရာတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များ၌ လူမှုဝန်ထမ်းဦးစီးဌာနမှ Case Manager များခန့်အပ်ထားရှိပြီး တိုင်ကြားစာများအား တုံ့ပြန်ဖြေရှင်းပေးရာတွင် အကြမ်းဖက်ခံရသူများအား ယာယီလုံခြုံရေးနေရာများ စီစဉ်‌ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးချိတ်ဆက်ပေးခြင်း၊ တရားရေးဆိုင်ရာကိစ္စရပ်များချိတ်ဆက်ပေးခြင်း၊ စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ ပညာဆက်လက် သင်ကြားနိုင်ရေးအတွက် ညှိနှိုင်း‌ပေးခြင်းနှင့်  အခြားဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အဆင့်နှင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် စသည်ဖြင့် အဆင့်ဆင့်သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီများနှင့် အမျိုးသမီးကော်မတီများကို ဖွဲ့စည်းထားရှိရာ ဥက္ကဋ္ဌအဖြစ်တိုင်းဒေသကြီး/ပြည်နယ်အဆင့်ကော်မတီများမှာ လူမှုရေးဝန်ကြီးများကလည်းကောင်း၊ ခရိုင်/မြို့နယ်အဆင့်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန များမှလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ကော်မတီနှစ်ရပ်လုံးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှလည်းကောင်းတာဝန်ယူဆောင်ရွက်လျက်ရှိပြီး အဖွဲ့ဝင်များအဖြစ် ပညာရေးဝန်ကြီးဌာနအပါအဝင် အခြားသက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများအား ထည့်သွင်းဖွဲ့စည်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၄၆ ပုဒ်မခွဲ(က)ပါ ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ ပညာသင်ယူမှုဆိုင်ရာ အခွင့်အရေးများ ရရှိစေရမည်ဆိုသည့် ပြဋ္ဌာန်း ချက်နှင့်အညီ သက်ငယ်မုဒိမ်းမှုကျူးလွန်ခံရသော မိန်းကလေးငယ်များ ပညာသင်ယူမှုအခွင့်အရေး မဆုံးရှုံးစေရန် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ သက်ငယ်မုဒိမ်း ကျူးလွန်ခံရသော  အတန်းပညာဆက်လက် သင်ယူလိုသည့်အမျိုးသမီးငယ် စုစုပေါင်း ၂၂၅ ဦးကို ပညာဆက်လက်သင်ကြားနိုင်ရေး အတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်‌ပေးနိုင်ခဲ့ပါကြောင်း၊ ပြစ်မှုကျူးလွန်ခြင်းခံရသော ကလေးသူငယ်၏ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက် နစ်နာမှုများကို ပြန်လည်ကုစားပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းနှင့်စပ်လျဉ်းပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအခန်း(၂၅) ပုဒ်မ ၉၇နှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုရေးထိခိုက်မှုများကို ‌ဖြေရှင်းဆောင်ရွက်ရာတွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကိုတည်ဆောက်ပြီး ဤစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်နိုင်ရေး၊ စံလုပ်ငန်းလမ်းညွှန်(SOP)ကို ရေးဆွဲထားပါကြောင်း၊ လူမှုရေးထိခိုက်မှုများကို  ဖြေရှင်းဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ စနစ်တကျလေ့ကျင့်သင်ကြား‌ပေးထားသည့် Case Manager များ ကိုထားရှိကာ အကြမ်းဖက်ခံရသူများကို  တိုက်ရိုက်ထိတွေ့ပြီး ဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်‌ပေးလျက်ရှိပါကြောင်း၊

က‌လေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ  အခန်း(၁၆) ပုဒ်မ  ၅၆ ၌ မည်သူမျှ ကလေးသူငယ်အပေါ် တစ်နည်းနည်းဖြင့် နစ်နာဆုံးရှုံး‌စေသည့် သို့မဟုတ် ထိခိုက်ဒဏ်ရာရစေသည့်  ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကိုဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်ခြင်းကိုဖြစ်စေ  မပြုလုပ်ရဟု ပြဋ္ဌာန်းထားပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကလေးသူငယ်များကို ဥပဒေနှင့်အညီအခွင့်အရေးများရရှိရေး၊ အမျိုးသမီးငယ်များ လိင်အကြမ်းဖက်မှု ကျူးလွန်ခြင်းမခံရစေရေးအတွက် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများ လိင်အကြမ်းဖက်ခြင်းခံရမှုနှင့် ပတ်သက်ပြီး အရေးယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာရေးဥပဒေ ၂၀၁၉ ပုဒ်မ ၃ ပုဒ်မခွဲ(က)မှာ ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာရေးကို ပြီးဆုံးသည်အထိ သင်ယူတတ်မြောက်ရန်ဟု ရည်မှန်းချက်အနေ ဖြင့် ပြဋ္ဌာန်းထားရှိပြီး အခြေခံပညာရေးဆိုင်ရာ အခြေခံမူများအနေဖြင့် ပုဒ်မ ၄ တွင်ပြဋ္ဌာန်းထားရှိရာ အခြေခံပညာကိုနိုင်ငံသားတိုင်း သင်ယူတတ်မြောက်ရေး၊ အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ယူနိုင်ခြင်းမရှိသူများကို ကျောင်းပညာရေး  သို့မဟုတ် ကျောင်းပြင်ပ ပညာရေးတစ်ခုခုတွင်  အခြေခံပညာ‌ရေးကိုသင်ယူခွင့်ရရှိရေးကို ပြဋ္ဌာန်း ထားရှိပါကြောင်း၊

သို့ဖြစ်ပါ၍ လိင်အကြမ်းဖက်ကျူးလွန်ခံရသော အမျိုးသမီးငယ်ရွယ်များအနေဖြင့် ဥပဒေများနှင့်အညီ ပညာဆက်လက်သင်ကြားခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီး ဆွေးနွေးသွားသည့်အတိုင်း တာဝန်ထမ်းဆောင်နေသည့် State Holder ပါဝင်ပတ်သက်သူများ၊ ဌာန ဆိုင်ရာအဖွဲ့အစည်းအသီးသီးက မိမိတို့၏ဥပဒေများကို သိရှိကြေညာပြီးမှ၊ ကာကွယ်စောင့်ရှောက်ရ မည့်ကိစ္စရပ်များကိုဆက်လက်ပြီး အသိပညာပေးခြင်းများနှင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အရွယ်မတိုင်မီ လိင်အကြမ်းဖက်မှု ကျူးလွန်ခံရမှုများမရှိနိုင်ရေးအတွက် တားဆီးကာကွယ်စောင့်ရှောက်ရေးနှင့် လျှော့ချ‌ရေးဆောင်ရွက်ခြင်း၊ လိင်အကြမ်းဖက် ကျူးလွန်ခံရ မှုများရှိလာပါက ပညာသင်ယူမှုမဆုံးရှုံးရေးနှင့် လူမှုရေး၊ စိတ်ကျန်းမာရေးများ အထူး ဂရုပြုနိုင်ရေးစီစဉ်၍ ကျောင်းပညာဆက်လက်သင်ယူခြင်း၊ ကျောင်းပြင်ပ ရောက်သင်ယူ လိုသူများ အတွက် အရည်အသွေးရှိသော ကျောင်းပြင်ပမူလတန်းနှင့် အလယ်တန်းတန်းညှိအစီအစဉ်များနှင့် အခြားကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးအစီအစဉ်များဖြင့် ဆောင်ရွက်ခြင်းတို့ကို ကြိုးပမ်းအကောင်အထည်ဖော်နေပါကြောင်း၊ အလယ်တန်းအဆင့် ပြီးမြောက်သော ကျောင်းသူကျောင်းသားများအား နည်းပညာ၊ အသက်မွေးပညာရေး နှင့် လေ့ကျင့်ရေးတို့ကို မြို့ပြသင်ယူမှု အခွင့်အလမ်းများနည်းတူ ကျေးလက်ဒေသများတွင် သင်ယူခွင့်ရရှိအောင် ဆောင်ရွက်‌ပေးလျက်ရှိပါသဖြင့် အသက် မွေးဝမ်း ကျောင်းပညာများ သင်ယူနိုင်သည့်အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်လက်ခံရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ် (နိုင်)(ပြု)(ဧည့်) ကိုင်ဆောင်သူများဖြစ်ပါက  မည်သည့်ခွဲခြားမှုမျှ မပြုလုပ်ဘဲ ကျောင်းအပ်နှံခွင့်နှင့် ဆက်လက် ပညာသင်ကြားခွင့်ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန် တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်များအားလုံးကို ညွှန်ကြားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသမီးငယ်များအပေါ်တွင် လိင်အကြမ်းဖက်မှုလျော့နည်းကျဆင်းရေးအတွက် ဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက် လျက်ရှိသည့်အပြင် သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ ပြည်သူများနှင့်အတူ အသိပညာပေး ကာကွယ်တားဆီးရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လိင်အကြမ်းဖက် ကျူးလွန်ခံရသော အမျိုးသမီးငယ်များအား တန်းတူပညာသင်ကြားခွင့်ရရှိရေး၊ အသက်မွေးဝမ်း ကျောင်းပညာများ ဆက်လက်သင်ယူနိုင်ရေးနှင့် ၎င်းတို့ဘဝအတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိဖြင့် စိတ်လုံခြုံမှုပြည့်ဝစွာ အသက်ရှင်နေထိုင်သွားနိုင်ရေးတို့အတွက် လေ့ကျင့်ပြုစုပျိုးထောင်ပေးသည့်အစီအစဉ်များကို သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျောင်းသူကျောင်းသားများကို ပြဋ္ဌာန်းထားရှိပြီး သည့်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မည်သည့်ခွဲခြားမှုမျှ မပြုလုပ်ဘဲ ပညာသင်ယူမှုအခွင့်အလမ်းများရရှိရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါက်တာဒေါ်ကြည်မို့မို့လွင်(စဉ့်ကိုင်မဲဆန္ဒနယ်)ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လိင်အကြမ်းဖက်ခံရသည့် အမျိုးသမီးငယ်လေးများအတွက် Case by Case  ဖြေရှင်းပေးနေသည်ကို မိမိတို့လေ့လာရေးခရီစဉ်များတွင် တွေ့ရပါကြောင်း၊ မေးခွန်း ရည်ရွယ်ချက် မှာ ဆရာဆရာမများအနေဖြင့် ၎င်းကဲ့သို့အမှုကိစ္စများကို ဖြေရှင်းဆောင်ရွက်ရာတွင် တိကျသည့်လမ်းညွှန်ချက်များရှိရန် ရည်ရွယ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ကလေး သူငယ်အခွင့်အရေးဆိုင်ရာဥပဒေအရ အသက် ၁၈ နှစ်မပြည့်သည်ကို ကလေးသူငယ်ဟု ဥပဒေအရသတ်မှတ်ခြင်း၊ ရာဇသတ်ကြီးဥပဒေအရ အသက် ၁၆ နှစ်အောက် ဆိုပါက ကာယကံရှင်သဘောတူသည့်တိုင် ယင်းကိစ္စသည် Rape Case ဖြစ်ခြင်းတို့ကြောင့် ဆရာဆရာမများအနေဖြင့် အသက် ၁၄၊ ၁၅ နှစ် အရွယ်မိန်းကလေးများအတွက် ဒွိဟဖြစ်စေသည့်အပြင် အလိုတူအလိုပါဟု သတ်မှတ်ပြီးဖြေရှင်းရခက်သည်များရှိပါကြောင်း၊  ထို့ကြောင့် ယင်းအရွယ်မိန်းကလေးများအတွက် ဒွိဟမဖြစ်ရန် မည်သို့ ညွှန်ကြားပေး မည်ကို သိရှိလို ပါကြောင်း ဆက်စပ်မေးမြန်းပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်

အကြမ်းဖက်ခံရသည့်ကလေးသူငယ်များက ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက်  ဒွိဟမဖြစ်စေရန်အတွက် အဓိကအားဖြင့် သက်ဆိုင်ရာ စာသင်ဆရာဆရာမများ၊ ကျောင်းအုပ်များအပေါ်တွင် အများကြီးမူတည်ပြီး ဥပဒေများရော၊ မူဝါဒများရော၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြဋ္ဌာန်းပြီးဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာဝန်ထမ်းများအနေဖြင့်  မိမိတို့၏ Mindset များ ပြုပြင်ပြောင်းလဲနိုင်ရန်၊ ဥပဒေများကို ကျေကျေညက်ညက် နားလည်သိရှိနိုင်ရန်အတွက်ကို လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ဖြည့်စွက်အကြံပြုချက် အပေါ်မှာမူတည်ပြီး ပညာရေးဝန်ကြီးဌာနကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ပေးပို့ပြီးမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။