Skip to main content

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်မှ ကပစ(၂၀) တပ်သိမ်းမြေတွင် ပါဝင်ခဲ့သဖြင့် ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရပြီး ကျေးရွာတစ်ရွာလုံး ပျက်သွားခဲ့သည့် ကံကျေးရွာနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ ကံကျေးရွာသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မထိမ်း ကျေးရွာအုပ်စုတွင် ပါဝင်သည့် စေတုတ္တရာမြို့၏ အနောက်ဘက် ကိုးမိုင်ခန့် အကွာ ရခိုင်ရိုးမ တောင်တန်းပေါ်တွင် ရှိသည့် ချင်းတိုင်းရင်းသား ကျေးရွာဖြစ်ကြောင်း၊ နယ်ချဲ့ ကိုလိုနီခေတ်တွင် တရားဝင် ကျေးရွာအုပ်စုအဖြစ် ရှိခဲ့ပြီး ကံကျေးရွာအုပ်စုမှာ ကံရွာ၊ သနောက်ရွာ၊ ကြိုးတွင်းရွာ ရွာသုံးရွာ ပါဝင်ခဲ့ပါကြောင်း၊ အင်္ဂလိပ်ခေတ်မှ လွတ်လပ်ရေး ရပြီးခေတ်အထိ ကံရွာသူကြီး ဦးနီက အုပ်ချုပ်ခဲ့ပြီး သူကြီးဦးအောင်လှ၊ သူကြီးဦးဘိုလေးတို့ အဆက်ဆက် အုပ်ချုပ်ခဲ့ပါကြောင်း၊ ၁၉၆၀-၁၉၇၀ ခုနှစ်ခန့်တွင် ကွန်မြူနစ် သောင်းကျန်းသူများကြောင့် ရွာပျက်သွားခဲ့ရပါကြောင်း၊ ၁၉၈၂ ခုနှစ်တွင် စေတုတ္တရာမြို့နယ် ပါတီကောင်စီ တာဝန်ရှိသူများက ကံကျေးရွာကို ပြန်လည်တည်ပေးခဲ့ပြီး မထိမ်းကျေးရွာအုပ်စုတွင် ထည့်သွင်းခဲ့ပါကြောင်း၊ ကော်ဖီစိုက်ခင်း၊ ကဗ္ဗလာစိုက်ခင်း၊ ငရုပ်ကောင်းစိုက်ခင်း၊ ရှောက်၊ သံပုရာ၊ နာနတ်၊ ပိန္နဲစိုက်ခင်းများ ပါတီကောင်စီမှ ပံ့ပိုး စိုက်ပျိုးပေးခဲ့ပါကြောင်း၊ ကံကျေးရွာသည် ကြိုးဝိုင်းအတွင်းတွင် လုံးဝမပါသည့်အပြင် ဆီမီးကြိုးဝိုင်း၏ မြောက်ဘက်နှင့် ပလောင်းကြိုးဝိုင်း၏ တောင်ဘက်တွင် တည်ရှိပါကြောင်း၊ ၁၉၈၅ ခုနှစ်မှစတင်ပြီး ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းကို ဆရာငှားရမ်း ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် ကံကျေးရွာ အခြေခံပညာ မူလတန်းကျောင်း Sanction ကျခဲ့ပြီး၂၀၀၄ ခုနှစ်တွင် ရွာပျက်သွားသည့် ၂၀၁၂ ခုနှစ်အထိ ကျောင်းအုပ်ဆရာမ ဒေါ်မူယာဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ယဉ်ယဉ်မြင့်တို့၏ နောက်တွင် ဒေါ်သန္တာမြင့်တို့ တာဝန်ထမ်းဆောင်ခဲ့ကြပါကြောင်း၊ ကံကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးသဒ္ဓမ္မသည် ကပစ (၂၀) တပ်မိသားစုများမှ ဘုရားထီးတင်ခြင်း၊ ကထိန်သင်္ဃန်း ကပ်လှူခြင်းများကို ပြုလုပ်ခဲ့ကြပါကြောင်း၊ ကပစ(၂၀) စတင် တည်ဆောက်ရန် ကံကျေးရွာသားများသည် ရဟတ်ယာဉ်ကွင်းဖောက်လုပ် လုပ်အားပေးခြင်း၊ ရှင်းလင်းဆောင် ဆောက်လုပ် လုပ်အားပေးခြင်း၊ သဲ၊ ကျောက်၊ သက္ကယ်များ အခမဲ့ပို့ ပေးခြင်း စသဖြင့် တာဝန် ကျေပွန်ခဲ့ကြပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ကပစ(၂၀) တပ်သိမ်းဧရိယာ ၆၀,၀၀၀ ဧကနှင့် မလွတ်သည့်အတွက် ကံကျေးရွာကို အတင်း ပြောင်းရွှေ့စေခဲ့သည့်အတွက် ရှစ်မိုင်ခန့် ဝေးသည့် ခိုဝင်ကျေးရွာ အနောက်တောင်ဘက်၊ ဒဟတ်ကုန်းကို ပြောင်းရွှေ့ခဲ့ကြရပါကြောင်း၊ ဆန်စပါးများ၊ အိမ်ထောင် ပရိဘောဂများ၊ အိုးခွက်ပန်းကန်များ၊ အိမ်များကိုပါ ဖျက်ပြီး လူများသည် လူတန်းများဖြင့်၊ ခေါင်းရွက်များဖြင့်၊ ထောင်ပိုများဖြင့် သယ်ယူပြီး ခက်ခဲစွာ ပြောင်းရွှေ့ ကြရပါကြောင်း၊ ဒဟတ်ကုန်းနေရာကို မိမိတို့ ကိုယ်တိုင် ရွေးချယ်၊ မိမိတို့ကိုယ်တိုင် နေရာရှင်းလင်းတဲထိုးပြီး ဆင်းရဲပင်ပန်းစွာနေခဲ့ကြရပါကြောင်း၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် မသယ်နိုင်သည့် အိမ်များသည် တောမီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ကြရပါကြောင်း၊ ပံ့ပိုးမှုအနေဖြင့် ပြောင်းရွှေ့ပြီး တစ်လ၊ နှစ်လအကြာတွင် ရွာအဝင်လမ်း တစ်ခုတည်းသော ရွာလယ်နှင့် စာသင်ကျောင်းဝိုင်း နေရာကို စက်ကြီးဖြင့် အကြမ်းထိုးပေးခြင်းသာ ရှိခဲ့ဖူးပါကြောင်း၊ ရွာသစ်တွင် နှစ်နှစ်၊ သုံးနှစ် ပင်ပန်းဆင်းရဲစွာ နေထိုင်ပြီး လုပ်ကိုင် စားသောက်စရာ မြေက မရှိ အဘက်ဘက်မှ ခက်ခဲဆင်းရဲလှသည့် အတွက် ရွာပျက်သွားပြီး နီးစပ်ရာ ကျေးရွာများကို တကွဲတပြား ရွှေ့ပြောင်းသွားကြရပါကြောင်း၊ ထို့ကြောင့် ကံကျေးရွာသည် သစ်တောကြိုးဝိုင်းတွင် ပါဝင်ခဲ့ခြင်း မရှိကြောင်း၊ စေတုတ္တရာမြို့နယ် ပါတီကောင်စီက ရွာတည်ထားခဲ့သည့် နှစ်ရှည် သီးနှံခင်းများ ပံ့ပိုးပေးခဲ့သည့် အခြေခံပညာ မူလတန်းကျောင်းရှိခဲ့သည့် ရွာပုန်း မဟုတ်ခဲ့သည့် ရွာဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ပြောင်းရွှေ့ချိန်မှ ယနေ့အထိ အဆောက် အအုံ အတွက် ဖြစ်စေ၊ သီးနှံစိုက်ခင်းများအတွက် ဖြစ်စေ မည်သည့် ပြောင်းရွှေ့စရိတ်၊ မည်သည့်နစ်နာကြေး၊ ဂရုဏာကြေး အစားထိုး မြေယာမျှ မရခဲ့ဖူးကြောင်း၊ စေတုတ္တရာမြို့နယ်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ၏ ၃-၉-၂၀၁၈ ရက်နေ့ ဆုံးဖြတ်အကြံပြု တင်ပြချက်အရ နစ်နာကြေး၊ လျော်ကြေး၊ အစားထိုးမြေယာ လုံးဝ မရရှိခဲ့သည့်အတွက် ပြောင်းရွှေ့စရိတ် တစ်အိမ်ထောင်လျှင် ၁၅ သိန်းနှုန်း ဂရုဏာကြေးအဖြစ် ပေးသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးနေသည့် ပြည်သူချစ်သည့် တပ်မတော်မှ ကံကျေးရွာသားများအပေါ်တွင် စာနာထောက်ထားသော အားဖြင့် ကျေးရွာပျက်သွားပြီး ယခုတိုင် အခက်အခဲများ ကြုံတွေ့နေကြရသည့်၊ ရိုးသားလှသည့် ချင်းတိုင်းရင်းသား ကံကျေးရွာသူ ကျေးရွာသားများအတွက် ဥပဒေနှင့်အညီ ပြောင်းရွှေ့စရိတ်၊ ဂရုဏာကြေး၊ နစ်နာကြေး ထောက်ပံ့ပေးပါရန် ကျေးရွာသူ ကျေးရွာသားများ ကိုယ်စား မေးမြန်းပါသည်။


 

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြပါ မြေနေရာသည် အမှတ်(၂၀) ကာကွယ်ရေး ပစ္စည်းစက်ရုံ၏ တပ်ပိုင်မြေအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၃-၁၂-၂၀၀၈ ရက်စွဲပါ စာအမှတ်၊ ၃၀၀/၁-၅/ဦး ၁ ဖြင့်လည်းကောင်း၊ ၂၄-၈-၂၀၀၉ ရက်စွဲပါ စာအမှတ်၊ ၃၀၀/၂-၅/ဦး ၁ ဖြင့် လည်းကောင်း၊ ၁၈-၁၀-၂၀၁၀ ရက်စွဲပါ စာအမှတ်၊ ၃၀၀/၁-၅/ဦး ၁ ဖြင့် လည်းကောင်း၊ ၂၀-၁၀-၂၀၁၀ ရက်စွဲပါ စာအမှတ်၊ ၃၀၀/၁-၄/ဦး ၁ ဖြင့်လည်းကောင်း တပ်မြေ သိမ်းဆည်းရေး အမိန့်များ ရရှိပြီး ဖြစ်ကြောင်းနှင့် တပ်ပိုင်မြေ သိမ်းဆည်းရာတွင် ပါဝင်သည့် ဦးပိုင်ပေါက်မြေ ၂၃၀.၄၁ ဧကသည် မြေလျော်ကြေးငွေများ သက်ဆိုင်ရာ တောင်သူများသို့ တိုက်ရိုက်ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်းကို စိစစ် တွေ့ရှိရပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ် တင်ပြသည့် မြေနေရာသည် ကာကွယ်ရေးဝန်ကြီးဌာနပိုင်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ မြေပေးမိန့် ထုတ်ပြန်သိမ်းဆည်းခဲ့သည့် ကြိုးပြင်ကာကွယ်တော အတွင်းရှိ မြေ ၄၇ ဧက နေရာဖြစ်ပြီး ကြိုးပြင် ကာကွယ်တော အတွင်းရှိ ကျူးကျော်နေသော ကံကျေးရွာ (ဒေသအခေါ်) ဖြစ်ကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနတွင် မှတ်တမ်းမဝင်သည့် ကျေးရွာ (ရွာကျူး) ဖြစ်ကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊

တပ်ပိုင်မြေ သိမ်းဆည်းရာတွင် တပ်ပိုင်မြေနှင့် လွတ်ကင်းမှု မရှိသည့် ကံကျေးရွာ (ရွာကျူး) မြေနေရာအား ၂၂-၅-၂၀၀၇ ရက်နေ့တွင် စေတုတ္တရာမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ ပါဝင်သော အဖွဲ့ဖြင့် ညှိနှိုင်း အစည်းအဝေး ပြုလုပ်၍ မထိမ်းကျေးရွာနှင့် ခိုဝင်ကျေးရွာအကြားရှိ ဂုံးညှင်းချောင်ဒေသ (ကျောက်ခမောက် ဘုန်းတော်ကြီး ကျောင်းအနီးသို့) စနစ်တကျ ပြောင်းရွှေ့နေရာ ချထားပေးခဲ့သော်လည်း ၎င်းတို့အနေဖြင့် စတင်ပြောင်းရွှေ့ နေရာချထားပေးသည့် အချိန်တွင်သာ နေထိုင်သူများ ရှိခဲ့ပြီး ယခုအချိန်တွင် အဆိုပါမြေနေရာ၌ နေထိုင်ခြင်း မရှိဘဲ မထိမ်း-ခိုဝင်-ရွာသစ်-လယ်ပြင်စု စသည့် ကျေးရွာများတွင် နေထိုင်လျက် ရှိကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ စေတုတ္တရာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျောင်အောင်လွင် ၏ ကြယ်ပွင့်ပြမေးခွန်းပါ မြေနေရာနှင့် စပ်လျဉ်း၍ စိစစ်ချက်အရ အဆိုပါ မြေနေရာသည် သစ်တောရေးရာ ဝန်ကြီးဌာနမှ ပယ်ဖျက်ပြီး သစ်တောမြေ၊ ကြိုးပြင်ကာကွယ်တောတို့အား မြေသိမ်း အက်ဥပဒေများနှင့်အညီ တရားဝင် လွှဲပြောင်းရယူ သိမ်းဆည်းခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ မြေပေးမိန့်များ ရရှိပြီး တပ်ပိုင်မြေ ဖြစ်ခြင်း၊ တပ်မြေ သိမ်းဆည်းရာတွင် ပါဝင်သော ဦးပိုင်ပေါက်မြေများအတွက်လည်း လျော်ကြေးငွေများ ပေးလျော်ခဲ့ပြီးဖြစ်ခြင်း၊ ကြယ်ပွင့်ပြ မေးခွန်းပါ မြေနေရာသည် ကြိုးပြင်ကာကွယ်တောဧရိယာအတွင်း ပြည်ထဲရေးဝန်ကြီးဌာန၌ မှတ်တမ်းတင် ထားရှိခြင်း မရှိသော ကံကျေးရွာဟောင်း (ရွာကျူး)နေရာ ဖြစ်ပြီး တပ်ပိုင်မြေ ဧရိယာနှင့် လွတ်ကင်းသည့် မြေနေရာသို့ စနစ်တကျ ပြောင်းရွှေ့ နေရာချထားပေးခဲ့ပြီး ဖြစ်ခြင်းတို့ကြောင့် နစ်နာကြေး၊ လျော်ကြေး၊ အစားထိုးမြေယာများ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် သိမ်းဆည်းစဉ်က နှစ်ရှည်သီးနှံ စိုက်ခင်းစာရင်းများ တင်ပြခဲ့မှု မရှိခြင်းတို့ကြောင့် နှစ်ရှည်သီးနှံ စိုက်ခင်းများအတွက် လျော်ကြေးငွေများ ထပ်မံပေးလျော်နိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးကျော်အောင်လွင် (စေတုတ္တရာ မဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ကံကျေးရွာအုပ်စု တပ်သိမ်းမြေတွင် ပါဝင်သည့် ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ကျေးရွာသူကျေးရွာသားများ တရားဝင် တင်ပြလာသည့်အတွက် စေတုတ္တရာမြို့နယ်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီသည် ၃-၉-၂၀၁၈ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ချက် ပြုခဲ့ပါကြောင်း၊ ၎င်းဆုံးဖြတ်ချက်ရှိ အပိုင်းအချို့ကို မိမိအနေဖြင့် အကြံပြု တင်ပြချက်ကို ဖတ်ကြား တင်ပြပါသွားမည်ဖြစ်ကြောင်း၊ မထိမ်း ကျေးရွာအုပ်စု ကံကျေးရွာသည် ကပစ (၂၀) တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့၍ ရှစ်မိုင်ခန့် ကွာဝေးသည့် ကျောက်ခမောက်ဘုရား၏ အနောက်ဘက် ဒဟက်ကုန်းသို့ ပြောင်းရွှေ့စေခဲ့သည့်အတွက် သိမ်းဆည်းစဉ်က အိမ်များ၊ နှစ်ရှည်သီးနှံများ၊ ရာသီ သီးနှံများ နစ်နာကြေး၊ လျော်ကြေးမြေ အစားပေးခြင်းများ မရရှိခဲ့ခြင်း ကျေးရွာပြောင်းရွှေ့စဉ်က ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ မီးလောင်ကာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းနှင့် ပြောင်းရွှေ့ခဲ့ရသည့် ကံကျေးရွာ အိမ်ထောင်စု ၃၆ စုသည် ဒဟက်ကုန်းနေရာတွင် နေထိုင်မရ၍ ၎င်းတို့ အစီအစဉ်အရ သင့်ရာနေရာများသို့ ရွှေ့ပြောင်းခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ပြောင်းရွှေ့ခဲ့ရသည့်အတွက် တည်ဆဲဥပဒေနှင့်အညီ ပြောင်းရွှေ့စရိတ်ထိုက်သင့်သည့် ဂရုဏာကြေး မြေအစားပေးခြင်းများ မရသည့်အတွက်ဟု ဆိုထားသည့်အတွက် ၎င်းနစ်နာမှုများ အတွက် ထိုက်သင့်သည့် ပြောင်းရွှေ့စရိတ် တစ်အိမ်ထောင်လျှင် ၁၅ သိန်းနှုန်းဖြင့် ဂရုဏာကြေး ပေးသင့်ကြောင်းကို အကြံပြုတင်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၆ တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်းပြီး ဥပဒေအရ ကာကွယ်ပေးရမည်ဟု ပါရှိသည်နှင့်အညီ ဥပဒေနှင့်အညီ မည်ကဲ့သို့ ကူညီပံ့ပိုး ဆောင်ရွက်ပေးမည်ဆိုသည်ကို ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်

ကိုယ်စားလှယ်တော်ကြီး မေးသည့် မေးခွန်းနှင့်ပတ်သက်၍ ကပစ(၂၀) တပ်သိမ်းမြေတွင် ပါဝင်ခဲ့သည့် ကျေးရွာ ကံကျေးရွာနှင့်ပတ်သက်ပြီး မိမိအပြည့်အစုံ ဖြေကြားပြီး ဖြစ်ပါကြောင်း၊ ၎င်းကိစ္စနှင့် ပတ်သက်ပြီး အလားတူ အမှတ် (၂၀) ကာကွယ်ရေး ပစ္စည်းစက်ရုံနှင့် ပတ်သက်ပြီး တိုင်ကြားစာ ရှိခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ မထိမ်းကျေးရွာအုပ်စုရှိ ကျေးရွာများသည် တောင်သူ ၃၅ ဦး ကိုယ်စားဦးအေးမောင်၊ ဦးသိန်း၊ ဒေါ်မော်၊ ဒေါ်အေးတို့မှ ယခုကဲ့သို့ အမှတ်(၂၀) ကာကွယ်ရေး ပစ္စည်းစက်ရုံတွင် မြေသိမ်းဆည်းရာ နစ်နာကြေး၊ လျော်ကြေးနှင့် မြေယာ အစားထိုးခြင်းမရှိ ပြောင်းရွှေ့ခဲ့ရပါသဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ပါရန် အသနားခံ တင်ပြအပ်ပါသည် ဆိုပြီးသည့်အတွက် မိမိတို့မှ ဆောင်ရွက်ပေးခဲ့သည်ကိုတင်ပြလိုပါကြောင်း၊ အမှတ်(၂၀) ကာကွယ်ရေး ပစ္စည်းစက်ရုံနှင့်ပတ်သက်ပြီး သိမ်းဆည်းသည့်အချိန်တွင် ပါဝင်သည့် လယ်ယာခြံမြေများ၊ မြေယာ လျော်ကြေးငွေများ၊ နစ်နာကြေးများကို ဥပဒေနှင့်အညီ စုစုပေါင်း ပေးလျော်ပြီးခဲ့ပြီး ဖြစ်ပါကြောင်း၊ ပါဝင်သည့် လယ်ယာ၊ ဉယျာဉ်ခြံမြေ ၂၃၀.၄၁ ဧက မြေယာ လျော်ကြေးငွေများကို မိမိတို့ နစ်နာကြေးငွေကို ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်သည့် အသနားခံစာပါ ကြိုးပြင်ကာကွယ်တောတွင် ပါသည့် ဧက ၅,၃၇၀ ပါသည့် ဦးပိုင်ပေါက် လယ်ယာမြေများတွင် ၎င်းတို့သည် ကြိုးပြင်ကာကွယ်တော ဖြစ်ပါကြောင်း၊ ဦးပိုင်ပေါက် လယ်ယာမြေများ ပါဝင်ခြင်းမရှိသည့်အတွက် မိမိတို့သည် မထိမ်းကျေးရွာအုပ်စုသည် ရွာပုန်းများဖြစ်သည်ဟု သတ်မှတ်ထားသည့် အတွက် မိမိတို့က ၎င်းကိုပေးလျော်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ၂၂-၅-၂၀၀၇ ခုနှစ်တွင် စေတုတ္တရာ မြိုနယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဌာနသည် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် အစည်းအဝေး ပြုလုပ်ပြီး သဘောတူ ညှိနှိုင်းဆုံးဖြတ်ချက်အရ ကံကျေးရွာကို တပ်ဧရိယာပြင်ပ၊ မထိမ်းကျေးရွာနှင့် ကျောက်ခမောက်ဘုန်းကြီးတို့ကို ပြောင်းရွှေ့ခဲ့ပြီး ဖြစ်သည်ဟု ဖြေကြားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ၎င်းတို့ ဆောင်ရွက်ပေးပါကြောင်း၊ မိမိတို့ တပ်ပိုင်းဆိုင်ရာမှလည်း လယ်မြေနှင့် ဦးပိုင်ပေါက်မြေများအတွက် နစ်နာကြေး၊ လျော်ကြေးပေးပြီး ဖြစ်ပါကြောင်း၊ ကြိုးပြင် ကာကွယ်တော အတွက် မိမိတို့တွင် ပြုလုပ်ရန် အခွင့်အလမ်း မရှိပါကြောင်း၊ သို့သော် တပ်မတော်သည် မိမိတို့၏ ပိုင်နက်ရှိ ကျေးရွာများ ရွှေ့ပြောင်းရန် လိုအပ်လာပါက ငွေရေးကြေးရေးကို မိမိတို့တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ သက်ဆိုင်ရာ တပ်မှ လူအင်အား၊ ယာဉ်ယန္တရား အင်အားများဖြင့် ရွှေ့ပြောင်းပေးရာတွင် ကူညီဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။