Skip to main content

တွံတေး တူးမြောင်းပိုင်မြေများအား ရေအရင်းအမြစ်နှင့်  မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စီမံခန့်ခွဲဆောင်ရွက်နေမှု အခြေအနေများနှင့် တိကျရှင်းလင်းသော မူဝါဒများ ချမှတ် ပေးနိုင်ခြင်း ရှိ/မရှိတို့ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တွံတေးတူးမြောင်းပိုင် မြေများကို The Land and Acquisition Act 1894 နှင့် The Burma Canal Act 1905 တို့နှင့်အညီ တူးမြောင်း ရေရှည်တည်တံ့ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် သိမ်းယူခဲ့ပြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှာ တူးမြောင်းပိုင်မြေ CNA အဖြစ် မှတ်တမ်းတင်စဉ်က မြေအကျယ်အဝန်းသည် ၁,၃၈၂ ဧက ဖြစ်ပါကြောင်း၊ တူးမြောင်း၏ လုပ်ငန်းအဝဝနှင့် တူးမြောင်းပိုင်မြေများ စီမံခန့်ခွဲရေး လုပ်ငန်းကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ ဆည်မြောင်းဦးစီးဌာနထံမှ ၃၁-၃-၁၉၉၅ ရက်နေ့တွင် လွှဲပြောင်း ရယူခဲ့ပါကြောင်း၊ သို့သော် လွှဲပြောင်းရယူခဲ့သည့်   တူးမြောင်းပိုင်မြေ ၁၃၈၂ ဧကအနက် လက်ရှိ ဦးစီးဌာနက လက်ဝယ် အမှန်တကယ် ထိန်းသိမ်းထားနိုင်သည့် တွံတေးဝ အကောက်စခန်းနယ်မြေ ၈.၆ ဧကနှင့် လက်ပံကုန်း အကောက်စခန်းမြေ ၆.၈၉ ဧကသာရှိသည်ကို သိရပါကြောင်း၊ 

တူးမြောင်းလုပ်ငန်းများ လွှဲယူစဉ်ကပင် အကောက်စခန်းများ ပြင်ပ၌ တူးမြောင်းပိုင် မြေများပေါ်တွင် ကျေးရွာများ၊ လူနေရပ်ကွက်များ တည်ရှိနေခဲ့ပါကြောင်း၊ ယခုအချိန်တွင် ဒလတံတား စီမံကိန်းကြောင့် အနီးကပ် မြို့နယ်များမှ မြေဈေးများ လှုပ်ခတ်လာခဲ့ပြီး ယင်းအထဲတွင် တူးမြောင်းပိုင် မြေများလည်း ပါဝင်လာပါကြောင်း၊ ၎င်းမြေများပေါ်တွင် ခေတ်အဆက်ဆက် နေထိုင်၊ စိုက်ပျိုးလုပ်ကိုင်လာခဲ့သူများက လွှဲပြောင်းရောင်းချခွင့်  မရှိသည့် ၎င်းမြေများကို လွှဲပြောင်းခြင်း၊ မြေယာပြုပြင်ခြင်း၊ လူနေအိမ်များ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ သာသနိက အဆောက်အဦ ‌တည်ဆောက်ခြင်းများ ဆောင်ရွက်လာခဲ့ကြပါကြောင်း၊ ဦးစီးဌာနသည် ၎င်းကိစ္စများ အပေါ် မူတည်ပြီး ခွင့်ပြုခြင်း၊ တားမြစ်ခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်နေသည်ကို သိရှိရပါကြောင်း၊ ထို့အတူ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် တူးမြောင်းပိုင် မြေအချို့အား ကုမ္ပဏီများကို အခကြေးငွေဖြင့် ငှားရမ်းထားခြင်း ရှိနေသည်ကို သိရှိရပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး တူးမြောင်းပိုင်မြေများပေါ်တွင် ရှေးလွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက နေထိုင်ခဲ့ကြပြီး လက်ရှိတွင် တရားစွဲဆိုခြင်း ခံနေကြရသူများက ၎င်းတို့နေထိုင် စိုက်ပျိုးလုပ်ကိုင်လျက် ရှိကြသည့် မြေများကို ၎င်းတို့ပိုင် မြေများအဖြစ် နိုင်ငံတော်က တရားဝင် အသိအမှတ်ပြုပေးရန် လိုလားလျက် ရှိနေသည်ကို ကြားသိရပါကြောင်း၊ 

ထို့ကြောင့် (က) တူးမြောင်းပိုင် မြေဧက ၂,၃၀၀ ကျော်အနက် ရေအရင်းအမြစ်နှင့် ‌မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အမှန်တကယ် ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်သည့် မြေအကျယ်အဝန်း အတိအကျ မည်မျှရှိသည်ကိုလည်းကောင်း၊  (ခ) တူးမြောင်းပိုင်မြေများ ပေါ်တွင် စိုက်ပျိုးထားသည့် သီးနှံများပေါ်မှ အခွန်များ စည်းကြပ်နေခြင်း၊ ၎င်းသီးနှံခွန်‌ ပြေစာများကို မြေပိုင်ဆိုင်မှု အထောက်အထားများအဖြစ် အသုံးပြုပြီး တူးမြောင်းပိုင် မြေများအား ရောင်းချ နေမှုများ အပေါ်တွင် မည်သို့မည်ပုံ တားဆီးနေသည်ကိုလည်းကောင်း၊ (ဂ) ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက အသုံးပြုခြင်း မရှိသည့် ရပ်ကွက်နှင့် ကျေးရွာများ တည်ရှိရာ၊ သာသနိက အဆောက်အဦများ တည်ရှိရာ၊ သုဿန်များ တည်ရှိရာ၊ တူးမြောင်းပိုင် မြေများအား တရားဝင် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့် မစွန့်လွှတ်နိုင်သည်နှင့် ၎င်းမြေများအား တစ်ချိန်ချိန်တွင် ပြန်လည်သိမ်းယူရန် အစီအစဉ် ရှိ/မရှိကို လည်းကောင်း၊ (ဃ) တူးမြောင်းပိုင် မြေများအား ရေအရင်းအမြစ်နှင့် ‌မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှမဟုတ်ဘဲ  အခြားသူများက လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ အဆောက်အဦသစ် ဆောက်လုပ်ခြင်း၊ အဟောင်း ပြုပြင်ခြင်း၊ ခြံစည်းရိုး ကာရံခြင်း၊ စီးပွားရေး လုပ်ငန်း လုပ်ဆောင်ခြင်းတို့ အပေါ် မည်သို့မည်ပုံ အရေးယူ ဆောင်ရွက်ရမည်ဆိုသည်သည့် ကိစ္စနှင့် စပ်လျဉ်းပြီး တိကျရှင်းလင်း ပြတ်သားသည့် မူဝါဒများ ချမှတ်ပေးနိုင်ခြင်း ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန့်စင်မောင်

မေးခွန်း(က)နှင့်စပ်လျဉ်း၍ ၃၁-၃-၁၉၉၅ ရက်နေ့တွင် ဆည်မြောင်းဦးစီး ဌာနမှ ရေအရင်းအမြစ်နှင့် ‌မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို လွှဲပြောင်း ပေးခဲ့ပါကြောင်း၊ ၎င်းလွှဲပြောင်း ရယူခဲ့စဉ်က ၂,၃၈၂.၁၃ ဧကရှိပါကြောင်း၊ ယင်းအချိန်က တူးမြောင်းပိုင်မြေ၊ နိုင်ငံပိုင်မြေပေါ်တွင် သာသနာရေး အဆောက်အဦများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ လယ်ယာ၊ ကန်၊ ချောင်းများ၊ ဥယျာဉ်ခြံမြေများ၊ ကျေးရွာ/ရပ်ကွက်များ ပါဝင်ပါကြောင်း၊ လက်ရှိ အခြေအနေအရ တူးမြောင်း ပိုင်မြေကို ရေတိုက်စားပြီး ကမ်းပြိုသည့်အတွက် တူးမြောင်းက ကျယ်လာသည့်အတွက် ဦးစီးဌာနမှ ပြန်လည် စိစစ်သည့်အချိန်တွင် ၂,၁၈၉.၉၈ ဧကသာ ရှိပါကြောင်း၊ အားလုံးပေါင်း ၁၉၂.၁၅ ဧက လျော့နည်းသွားသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ တူးမြောင်းအား စတင်လွှဲပြောင်းခဲ့သည့် ၁၉၉၅ ခုနှစ်ကစပြီး ၂၀၁၂ ခုနှစ်အတွင်းတွင် တူးမြောင်းအတွင်းတွင် လက်ပံကုန်း အကောက်စခန်း၊ တွံတေးဝ အကောက်စခန်းနှစ်ခု၏  အကောက်စခန်း နယ်မြေနှစ်ခုကိုသာ စီမံခန့်ခွဲနိုင်ခဲ့ပါကြောင်း၊

၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းသည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး နည်းဥပဒေအရ အခွန်အခ ကောက်ခံရန်အတွက် တူးမြောင်းမြေပေါ်တွင် ရှိသည့် အဆောက်အဦ၊ နေအိမ်၊ စီးပွားရေး လုပ်ငန်းစာရင်းများကို ၂၀၁၃ ခုနှစ်တွင် ကောက်ခံသည့်အချိန်တွင် တူးမြောင်းမြေအတွင်းတွင် အစိုးရဌာနဆိုင်ရာအဆောက်အဦ   ၂၆ လုံး၊ ဆန်စက် ၁၀ လုံး၊ လူနေအိမ် ၂၉၈၉ လုံး၊ ဥယျာဉ်ခြံ ၃၀၆ ခြံ၊ လယ် ၂၃၄ ကွက်၊ ငါးကန် ၄၁ ကန်၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၅ ကျောင်း၊ သုဿန်နှစ်ခု၊ ဆိပ်ကြီး/ခနောင်တို မြို့နယ်မှ ကျေးရွာ/ရပ်ကွက် ၄ ခု၊ ဒလမြို့နယ်အတွင်းမှ ကျေးရွာ/ရပ်ကွက် ၂ ခု၊ တွံတေးမြို့နယ်အတွင်းမှ ကျေးရွာ/ရပ်ကွက်‌ပေါင်း ၂၁ ခု ပါဝင်ပါကြောင်း၊ မြေဧက မည်မျှကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်နှင့် စပ်လျဉ်း၍ လက်ပံကုန်း အကောက်စခန်းက ၆.၈၉ ဧက၊ တွံတေးဝ အကောက်စခန်းက ၈.၆ ဧက၊ ပုဂ္ဂလိက လုပ်ငန်းရှင် လေးဦးကို ငှားရမ်း ထားသည့် မြေဧရိယာက ၄၇.၉၁၆ စုစုပေါင်း ၆၃.၄၀၆ ဧကကိုသာ စီမံခန့်ခွဲထားနိုင်ပါကြောင်း၊ ပုဂ္ဂလိကကို ငှားရမ်းထားသည့် တူးမြောင်းမြေက ဥပဒေနှင့်အညီ ငှားရမ်းထားပြီး ရရှိငွေများကို ပြည်ထောင်စု ရန်ပုံငွေသို့ ပေးသွင်းလျက်ရှိပါကြောင်း၊မေးခွန်း(ခ)နှင့် ပတ်သက်၍ တွံတေးတူးမြောင်းပိုင် မြေများတွင် စိုက်ပျိုးမြေများ အများ အပြား ပါဝင်ပါကြောင်း၊ ၎င်းမြေများပေါ်တွင် စိုက်ပျိုးကြသည့် တောင်သူများ၏ စိုက်ပျိုးထားသည့် သီးနှံများမှ သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကော်လိတ္တော် အရာရှိက အခွန်စည်းကြပ်လျက် ရှိပါကြောင်းနှင့် သီးနှံခွန်ပြေစာများ ကောက်ခံသည်ကို တွေ့ရပါကြောင်း၊ ၎င်းပြေစာ၏ နောက်ကျောတွင် အခွန်‌ပြေစာသာလျှင် ဖြစ်ကြောင်းနှင့် မြေပိုင်ရှင်ဖြစ်ကြောင်း သက်သေခံ လက်မှတ်မဟုတ်သည်ကို  အတိအကျ ဖော်ပြထားပါကြောင်း၊ ၎င်းပြေစာများကို အသုံး ပြုပြီး တူးမြောင်းပိုင်မြေများကို လက်လွှဲရောင်းချသည့်အချိန်တွင် ရောင်းချသည့် မြေဧရိယာအလိုက် သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ မြေပုံအရ တူးမြောင်းမြေ အတွင်း ကျရောက်ခြင်း ရှိ/မရှိ စိစစ်ပြီး သီးနှံခွန်ပြေစာများ အမည် ပြောင်းလဲခြင်း မပြုနိုင်ရေး စနစ်တကျ ပူးပေါင်းဆောင်ရွက်မှသာလျှင် ပိုမိုထိရောက်မည် ဖြစ်ပါကြောင်း၊ 

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် တူးမြောင်းပိုင် နယ်နိမိတ် တစ်လျှောက် နယ်နိမိတ် မှတ်တိုင်ပေါင်း ၂၁၀ ခု စိုက်ထူထားပါကြောင်း၊ အလျားမိုင် ၂၁ မိုင်တွင် နယ်နိမိတ် မှတ်တိုင်ပေါင်း ၂၁၀ ခု စိုက်ထူထားပါကြောင်း၊ နယ်နိမိတ် သတ်မှတ်ပေးပြီး         တူး‌မြောင်းပိုင် မြေများအား ကျူးကျော်ခြင်း၊ ရောင်းဝယ်ခြင်း မပြုရဆိုသည့် ဆိုင်းဘုတ်များကို စိုက်ထူပြီး အသိပေးထားပါကြောင်း၊ တူးမြောင်းပိုင် မြေများကို ရောင်းချခြင်းများကို တားဆီးနိုင်ရန် ကိစ္စသည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တစ်ခုတည်း မရဘဲ ဆက်စပ်ဌာနများ ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်း အင်း ဦးစီးဌာနများ ပူးပေါင်းပါဝင်၍ ကာကွယ်တားဆီးသွားရမည် ဖြစ်ပါကြောင်း၊ 

မေးခွန်း(ဂ)နှင့် ပတ်သက်၍ ဆည်မြောင်း ဦးစီးဌာနမှ လွှဲပြောင်းယူကတည်းက လူနေရပ်ကွက်များ၊ ကျေးရွာများ၊ သာသနိက အဆောက်အဦများ၊ သုဿန်များ ပါရှိသည့်အကြောင်းကို ရှင်းလင်း ဖြေကြားပြီး ဖြစ်ပါကြောင်း၊ ၎င်းတူးမြောင်းသည် ကုန်သွယ်ရေကြောင်း တူးမြောင်း ဖြစ်ပါကြောင်း၊  ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးကို အဓိကဖြတ်လမ်း ရေကြောင်းပို့ဆောင်ရေး ဆိုင်ရာ  ‌သင်္ဘောလမ်း ဖြစ်သည့်အတွက် ၎င်းကို ထိန်းသိမ်းထားရန် အရေးကြီးပါကြောင်း၊ ၎င်း တူးမြောင်းကြီး၏ သမိုင်း အကျဉ်းချုပ်သည် ၁၈၇၃ ခုနှစ် အင်္ဂလိပ်မင်းများ လက်ထက်ကတည်းက တည်ဆောက်ခဲ့ပါကြောင်း၊ ၊ ၁၉၀၈ ခုနှစ်တွင် စီမံကိန်း ရေးဆွဲပြီး ၁၉၁၃ ခုနှစ်မှ ၁၉၁၇  ခုနှစ်အထိ လေးနှစ်တိတိ ဖောက်လုပ်ခဲ့ကြောင်း၊ ထိုနေရာတွင် ခဏခဏ ကမ်းပါးပြိုခြင်း၊ စားခြင်း၊ ရေကြီးခြင်း ရှိပြီး ၁၉၂၀ ခုနှစ်၊ ၁၉၂၅ ခုနှစ်တွင် ယခင်က ရေအနက် ကိုးပေနှင့် ပေ ၁၈၀ အကျယ်သာ ဖောက် ရာမှ နောက်ပိုင်းတွင် ‌ပေ ၅၀၀ ကျော်သည့် နေရာများ ဖြစ်လာပါကြောင်း၊ မိမိတို့ လွှဲပြီးသည့်နောက် ၁၉၉၅ ခုနှစ်တွင် သုံးမိုင်ခွဲ ခနောင်တိုချောင်းနှင့် တွံတေးတူးမြောင်းအဆုံ၌ ဝဲကြီးဖြစ်ခဲ့ပါကြောင်း၊ ယင်းသို့ ဝဲကြီးဖြစ်ခဲ့သည့်အတွက် ဧရာဝတီ တိုင်းဒေသကြီးမှလာသည့် သင်္ဘောများသည် တစ်ရက် အတွင်း နှစ်ကြိမ် ပိတ်ခဲ့ကာ တစ်ကြိမ်တွင် လေးနာရီခန့်ကြာပြီး တစ်နေ့လျှင် ရှစ်နာရီခန့်သည် သင်္ဘောများ သွားလာ၍ မရအောင် ဖြစ်ပါကြောင်း၊ ၎င်းကို ၂၀၀၉ ခုနှစ်တွင် ချဲ့ခဲ့ပြီး ၂၄ နာရီ သင်္ဘောများ သွားလာနိုင်ပါကြောင်း၊ သို့သော် လက်ရှိတွင် ခနောင်တိုချောင်းနှင့် ရန်ကုန်မြစ်ဘက် နီးလာသည့် နေရာ သုညမိုင်နေရာတွင် အောက်ကကမ်းခြေ တွံတေးတူးမြောင်း ကြမ်းပြင်ကို ရေစားနေသည်ကို တွေ့ရှိရသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လာပါကြောင်း၊ ရေကြမ်းသည့် နေရာများတွင် နှစ်ပေမှ တစ်မီတာထိ ရေကြီးရေလျှံခြင်းများ ဖြစ်ကြောင်း၊ ကမ်းပါးပြိုခြင်း၊ ဝဲရှိနေခြင်း၊ ၎င်းနေရာများတွင် ရေနက်အိုး ဖြစ်နေသည့်အတွက် ၎င်းတို့ကို နှစ်စဉ် အင်္ဂလိပ်မင်းများ လက်ထက်ကတွင် တောက်လျှောက် လုပ်ခဲ့သည့်အတိုင်း မိမိတို့မှ ၎င်းကို ရေရှည်ထိန်းသိမ်းရန် လိုပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုလိုက်သည့် ကိုရီးယားနိုင်ငံ၏ EDCF Loan ဖြင့် ၎င်းကို မိမိတို့ မည်ကဲ့သို့ ထိန်းသိမ်းကြမည်နည်း ဆိုသည်ကို လက်ရှိတွင် အသေးစိတ် Detail Design ဆွဲနေခြင်း ဖြစ်ပါကြောင်း၊ ကမ်းပါးပြို ကာကွယ်မှုကို ထိန်းသိမ်းရန်၊ ရေကြီးရေလျှံမှုကို ကာကွယ်ရန်၊ လမ်းတစ်လျှောက်တွင် သွားနေသည့် သင်္ဘောများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးကို ဆောင်ရွက်ရန်အတွက် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ 

၎င်းကို ပိုင်ဆိုင်ချင်သည့်အတွက် ဌာနက အပိုင်ထားရန် မဟုတ်ပါကြောင်း၊ မိမိတို့ သိမ်းယူရန် မဟုတ်ကြောင်းနှင့် ကိုရီးယားပညာရှင်များ ဆွဲထားသည့် Design ရှိပါကြောင်း၊ မြစ်ကြမ်းပြင်ကို ထိန်းသိမ်းရန်အတွက် ကျောက်များ ထည့်ပြီး ကြမ်းပြင်တွင် ရေနောက်ထပ် ထပ်ပြီး မစားစေရန် ရန်ကုန်မြစ်နှင့် နီးလာသည့် နေရာတွင် ပိုပြီး အရေးကြီးလာသည့်အတွက် ၎င်းနေရာများကို ဆောင်ရွက်နိုင်မှသာ ရေနက်အိုးက ပပျောက်ပြီး မြစ်ကြောင်းကို ထိန်းသိမ်းနိုင်မည် ဖြစ်ပါကြောင်း၊ တမံများ လုပ်ရန် လိုအပ်ကြောင်း၊ ရေချို ရရှိနိုင်ရန်အတွက် ဒလမြို့နယ်ကို ရေချိုပေးနိုင်ရန် ရေဖြူတွင်းတွင် Water Lock များ၊ Brush များ တည်ဆောက်ရမည် ဖြစ်ပါကြောင်းနှင့်  တည်ဆောက်ရန် လိုအပ်လာပါက လိုအပ်သည့် နေရာများတွင် သိမ်းယူရမည် ဖြစ်ပါကြောင်း၊ သိမ်းယူမည်ဆိုသည့် စကားထက် စီမံခန့်ခွဲမည် ဖြစ်ပါကြောင်း၊ လက်ရှိ လုပ်ကိုင် စားသောက် နေကြသည့် ပြည်သူလူထုကို အနှောင့်အယှက်ပေးခြင်းထက် မိမိတို့က မည်ကဲ့သို့ကောင်းစေရန် ပူးပေါင်းဆောင်ရွက်ကြမည်နည်း ဆိုသည့် စိတ်ဖြင့် စီမံခန့်ခွဲရမည် ဖြစ်ကြောင်း၊

မေးခွန်း(ဃ)နှင့် ပတ်သက်၍ တွံတေးတူးမြောင်းပိုင် မြေများသည် ရေမြေထုဦးစီးဌာနက မဟုတ်ဘဲ အခြားသူများက လွှဲပြောင်းပေးခြင်း၊ အဆောက်အဦ အသစ်တည်ဆောက်ခြင်း၊ အဟောင်း ပြုပြင်ခြင်း၊ ခြံစည်းရိုး ကာရံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခြင်းတို့အပေါ် မည်သို့မည်ပုံ အရေးယူ ဆောင်ရွက်ရမည် ဆိုသည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး တိကျရှင်းလင်း ပြတ်သားသည့် မူဝါဒ ချမှတ်ပေးနိုင်ပါသလားဆိုသည်က ၎င်းကိစ္စအတွက် ပြင်နေပါကြောင်း၊ ၁၉၀၅ ခုနှစ်၊ မြန်မာ နိုင်ငံတော် တူးမြောင်းအက် ဥပဒေ၊ ၁၉၃၅ ခုနှစ် ဇူလိုင်လတွင် ပြဋ္ဌာန်းသည့် တွံတေး တူးမြောင်း အတွင်း လှေ၊ သမ္ဗန်များ သွားလာမှု၊ ဝင်/ထွက် သွားလာခြင်းဆိုင်ရာ နည်းဥပဒေများ၊ ခနောင်တို ချောင်း ရေကြောင်းသွားလာရေး ထိန်းကွပ်ရန် နည်းဥပဒေများဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ ကုန်သွယ်ရေကြောင်း သွားလာရေးဆိုင်ရာ တူးမြောင်းဥပဒေကို ရေးဆွဲပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ကို တင်ပြကာပြည်ထောင်စု အစိုးရအဖွဲ့မှ ပြည်သူ့လွှတ်တော်ရုံးကို ၅-၃-၂၀၂၀ ရက်နေ့တွင် ပေးပို့ခဲ့ပါကြောင်း၊ ၈-၃-၂၀၂၀ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများတွင်လည်း ဖော်ပြပြီး ဖြစ်ပါ ကြောင်း၊ ၎င်းတွက် ပုဒ်မ ၈ နှင့် ပုဒ်မ ၁၀ တို့တွင် လယ်ယာဥယျာဉ်ခြံမြေ စိုက်ပျိုးခြင်း၊ ငါးကန် တူးဖော်ခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်းများကို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရမှသာ ဆောင်ရွက် ရန်ဆိုသည့် အချက်ပါရှိပါကြောင်း၊ ပုဒ်မ ၁၆ နှင့် ပုဒ်မ ၁၇ တို့တွင် တားမြစ်သည့် ဥပဒေများကို ထည့်သွင်းထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် ၎င်းတွံတေးတူးမြောင်းကို ရေအရင်း အမြစ်နှင့်  မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ရခြင်းသည် တူးမြောင်းကို ထိန်းသိမ်း နိုင်စေရန် ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် တူးမြောင်းထဲတွင် သွားလာသည့် လှေများ၊ သမ္ဗန်များ၊ သင်္ဘောများ၊ စနစ်တကျ သွားလာနိုင်ရန်အတွက်၊ ဘေးအန္တရာယ် ကင်းရှင်းရန်အတွက် ၎င်းရေကို ပိုပြီး ကောင်းသည့် ရေချိုကို ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွက်    ရေချိုးသုံး နိုင်ရန်အတွက် အခြားသော ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် စီမံခန့်ခွဲဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြ ဖြေကြားပါသည်။