Skip to main content

ကနီမြို့နယ် အလောင်းတော်ကဿပဂေါပကဖွဲ့စည်းရာတွင် ကနီမြို့နယ် သံဃနာယကအဖွဲ့၏ သဘောထားထုတ်ပြန်ချက်ပါအတိုင်း ဖွဲ့စည်းပေးနိုင်ခြင်း ရှိ/မရှိနှင့် နယ်မြေခံ သံဃနာယကအဖွဲ့က လက်ခံနိုင်သော ဂေါပကဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများအား တိုင်းဒေသကြီးအစိုးရမှ ကြီးကြပ် ရေးဆွဲ၍ အတည်ပြု ထုတ်ပြန်နိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

ဗုဒ္ဓဘာသာဘုရားစေတီများရှိ ဂေါပကအဖွဲ့များနှင့်စပ်လျဉ်းပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ က ညွှန်ကြားလွှာအမှတ် ၃၆ ကိုထုတ်ပြန်၍ ဂေါပကအဖွဲ့များစနစ်တကျဖွဲ့စည်းထားရှိရေး အဆင့်ဆင့်လမ်းညွှန်ထားပါကြောင်း၊ ညွှန်ကြားလွှာအရ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများက ကြီးကြပ်၍ ဂေါပကအဖွဲ့များဖွဲ့စည်းထားရှိပြီး ထိုဂေါပကအနေဖြင့်ဘုရားစေတီများတွင် ဆက်လက်ဆောင်ရွက်စေခြင်း၊ အစဉ်အလာအရဖွဲ့စည်းမှုရှိပြီးဖြစ်သော်လည်း စနစ်တကျရှိစေရေး ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ပုဂ္ဂိုလ်တစ်စုက အကျိုးစီးပွားနှင့်ဆက်စပ်ဆောင်ရွက်နေသော ဘုရားစေတီများရှိပါက ထိုအဖွဲ့အစည်းများကိုဖယ်ရှား၍ အများနှင့်ဆိုင်သောဂေါပကအဖွဲ့များစနစ်တကျ အစားထိုးဖွဲ့စည်းထားရှိစေခြင်းတို့ ဖြစ်ပါကြောင်း၊ အလောင်းတော်ကဿပဂေါပကအဖွဲ့နှင့်ပတ်သက်ပြီး ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနက ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ဃ)ဖြင့် အပ်နှင်းထားသောအာဏာကိုသုံးစွဲလျက် အများနှင့် သက်ဆိုင်သောပစ္စည်းများတွင် အကျုံးဝင်သည့် ပုဒ်မခွဲ ၄ ပါ အခြားအဖွဲ့အစည်း တစ်ခုခုတွင်ပါဝင်ကြောင်း ၂၅-၂-၁၉၉၂ ရက်စွဲဖြင့်ကြော်ငြာစာအမှတ် ထုတ်ပြန်ထားရှိပြီးဖြစ် ကြောင်းလည်း သိရှိရပါကြောင်း၊ ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်အစည်းအဝေးကာလ အတွင်း ယင်းမာပင်ကိုယ်စားလှယ် ဦးအောင်စိုးမှ အလောင်းတော်ကဿပဂေါပကအဖွဲ့၏ ရသုံး ငွေကြေးပြဿနာများနှင့် ဂေါပကအဖွဲ့သစ်စနစ်တကျဖွဲ့စည်းပေးရန်ကိစ္စတို့ကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာဝန်ကြီးက ပြန်လည်ဖြေကြားထားရာတွင် ဘုရားဘဏ္ဍာငွေများအလွဲသုံးစားပြုလုပ်ကြောင်း ပေါ်ပေါက်ပါက အများနှင့်သက်ဆိုင်သောပစ္စည်းများကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၃ ဖြင့်အရေးယူနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ငွေကြေးကိုင်တွယ်သုံးစွဲသူတာဝန်ရှိပုဂ္ဂိုလ်များအား ငွေကြေးကွာခြားချက်များအပေါ် ပြေလည်သည် အထိတာဝန်ခံ ဖြေရှင်းရန်နှင့် ဖြေရှင်းနိုင်ခြင်းမရှိပါက ဥပဒေနှင့်အညီအရေးယူရန်စီမံဆောင်ရွက် လျက်ရှိကြောင်းကို သိရှိရပါကြောင်းဖြေကြားထားရာ တိုင်းအစိုးရအနေဖြင့်အလွဲသုံးစားမှုများ ပေါ်ပေါက်ခဲ့မှုအပေါ် အများနှင့်သက်ဆိုင်သောပစ္စည်းများကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၃ ဖြင့် အရေးယူနိုင်ရေး မဆောင်ရွက်ဘဲ နာမည်ဆိုးဖြင့်ကျော်ကြားသည့်ဂေါပကအဖွဲ့ပေါ်တွင် တိုင်ကြားသူပေါ်လာမှ စစ်ဆေးပေါ်ပေါက်သည့် ငွေကြေးကွာဟမှုကိုသာ ပြစ်မှုကျူးလွန်သူများကို ငွေကြေးပြန်လည်ပေးသွင်းစေခဲ့ ပါကြောင်း၊ ၎င်းကိစ္စများနှင့်ပတ်သက်ပြီး ကနီမြို့နယ်သံဃနာယက အဖွဲ့က ၇-၁-၂၀၁၉ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ရာ ၂၀၁၉-၂၀၂၀ ရာသီ အလောင်းတော်ကဿပ ဂေါပကဖွဲ့စည်းရာတွင် မန္တလေးတိုင်းသံဃနာယကအဖွဲ့ အကျိုးတော် ဆောင်ဆရာတော်ကြီးတစ်ပါးကရေးဆွဲသည့် ဂေါပကစည်းမျဉ်းဖြင့် သုံးမြို့နယ်ဂေါပကဖွဲ့စည်းခဲ့မှု အပေါ်ကန့်ကွက်ကြောင်း ကနီမြို့နယ်အတွင်း အထင်ရှားတည်ရှိသည့် အလောင်းတော်ကဿပ ဘုရားအား လေးမြို့နယ်ပိုင်ဟုသတ်မှတ်ကာ ရသမျှအလှူတော်ဘဏ္ဍာငွေများကို နယ်မြေခံ အဖွဲ့အစည်းများအားအသိမပေးဘဲ သုံးစွဲနေကြကြောင်း၊ ယခင် ၁၅ နှစ်ကျော်ကာလက ငွေစုဘဏ် မှာလက်ကျန်ငွေ ကျပ်သိန်း ၃၀၀၀ ခန့်သာရှိခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ရာသီတွင် နယ်မြေခံ သံဃနာယကအဖွဲ့ကဦးစီး၍ ကနီမြို့နယ် ဂေါပကအဖွဲ့မှ ဥက္ကဋ္ဌတာဝန်ပေးဆောင်ရွက်ခဲ့ရာတွင် ကျပ်သိန်း ၆၅၀၀ ကျော်အထိ တစ်နှစ်ထဲမှာပင် ထည့်သွင်းနိုင်ခဲ့သည့်အပြင် လမ်းတံတား အဆောက်အဦတို့ကိုလည်းတည်ဆောက်နိုင်ခဲ့ကြောင်း ယခုဂေါပကဖွဲ့ရာတွင် နယ်မြေခံသံဃ နာယကအဖွဲ့က သဘောမတူပါဝင်ခြင်းမရှိသော်လည်း ကျန်သုံးမြို့နယ်ဖြင့်ဖွဲ့စည်းခဲ့ကြောင်း၊ လေးမြို့နယ်ဂေါပကဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့၍ ဘဏ္ဍာငွေများ စည်းကမ်းမဲ့သုံးစွဲခဲ့မှုများ၊ ဖွဲ့စည်းပုံအရလုပ်ပိုင်ခွင့်များအပေါ်လည်း ဂိုဏ်းကဏ္ဍဖွဲ့၍ မလေးစားမှုများကြောင့် သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းဖြင့်သာ စီမံခန့်ခွဲပိုင်ခွင့်အပြည့်အဝရရှိရမည်ဖြစ်ကြောင်းတို့ကို ကနီမြို့နယ် သံဃနာယကက သဘောထားထုတ်ပြန်ကန့်ကွက်ခြင်း၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်/အဖွဲ့အစည်းများအပေါ် လမ်းညွှန်ဩဝါဒ များပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကနီမြို့နယ် အလောင်းတော်ကဿ ဂေါပကဖွဲ့စည်းရာတွင် ကနီမြို့နယ်သံဃနာယကအဖွဲ့၏ သဘောထားထုတ်ပြန်ချက်ပါအတိုင်း ဖွဲ့စည်းပေးနိုင်ခြင်း ရှိ/မရှိနှင့် နယ်မြေခံသံဃနာယကအဖွဲ့ကလက်ခံနိုင်သော ဂေါပကဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများအား တိုင်းဒေသကြီးအစိုးရမှကြီးကြပ်ရေးဆွဲအတည်ပြုထုတ်ပြန်နိုင်ရေး တို့ကို ဆောင်ရွက်ပေးနိုင်ရေးရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကိုးကွယ်ရာဖြစ်သော အလောင်းတော်ကဿပရုပ်ပွားတော်မြတ်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၌တည်ရှိပြီး ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲမြို့နယ်တို့ရှိ ကားလမ်းများမှသွားရောက် ဖူးမြော်ရသည့်အလောင်းတော်ကဿပရုပ်ပွားတော်မြတ်ကြီးဖြစ်ပါကြောင်း၊ တစ်နှစ်လျှင် ပွင့်လင်း ရာသီဖြစ်သော နှစ်စဉ် ဒီဇင်ဘာလ(စတုတ္ထပတ်)မှ ဧပြီလ(စတုတ္ထပတ်)အထိ လေးလသာ ဂေါပက အဖွဲ့များက ဆောင်ရွက်ကြရပါကြောင်း၊ အလောင်းတော်ကဿပရုပ်ပွားတော်မြတ်ကြီးနှင့် အလောင်း တော် ကဿပရင်ပြင်တော်ရှိစေတီတော်များ၊ သာသနိကအဆောက်အဦများ၊ စေတနာထက်သန်စွာ လှူဒါန်းထားကြသည့်ပစ္စည်းများ၊ ဘဏ္ဍာငွေများကို ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးမြို့နယ်နှင့် ပုလဲ မြို့နယ်သံဃနာယကအဖွဲ့လေးဖွဲ့တို့ရှိ ဆရာတော်ကြီးများ၏ဩဝါဒနှင့်အညီ အလောင်းတော် ကဿပဂေါပကအဖွဲ့က တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ကြပါကြောင်း၊ အလောင်းတော်ကဿပ ထိန်းသိမ်းစောင့်ရှောက်မှုနှင့်စပ်လျဉ်း၍ ယခင်ကဖိုလ်ဝင်တောင်ပုပ္ပါးကျောင်းဆရာတော် ဘဒ္ဒန္တသုမန (အဂ္ဂမဟာသဓမ္မဇောတိကဓဇ)(ပျံလွန်)က ဦးစီးဦးဆောင်၍ လေးမြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များနှင့်တိုင်ပင်ကာ စေတနာရှင်များ၊ ဂေါပကများဖြင့်စတင်ကာ သာသနာပြုဆောင်ရွက် တော်မူခဲ့ပါကြောင်း၊ ဆရာတော်ကြီးပျံလွန်တော်မူပြီးနောက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် လေးမြို့နယ်သံဃနာယကအဖွဲ့ ဩဝါဒစရိယဆရာတော်ကြီးများနှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး များ၊ မြို့နယ်သာသနာရေးမှူး(လဝက)များ၏ကြီးကြပ်မှုဖြင့် ဂေါပကအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းခဲ့ ပါကြောင်း၊ ဂေါပကအဖွဲ့စည်းမျဉ်းကို နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့သို့လိပ်မူ၍ တင်ပြလျှောက်ထားခဲ့ပါကြောင်း၊ ဖွဲ့စည်းထားသော ဂေါပကအဖွဲ့၏ သက်တမ်းမှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်မှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ လေးနှစ်တာ ဖြစ်ကြောင်း သတ်မှတ်ခဲ့ပါကြောင်း၊ 

ကနီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၏ ကနီမြို့နယ် သံဃနာယကအဖွဲ့၏ သဘောထားထုတ်ပြန်ချက်ပါအတိုင်း ဖွဲ့စည်းပေးနိုင်ခြင်းရှိ/မရှိ ကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က ရေးဆွဲထားသော အလောင်းတော်ကဿပဂေါပက အဖွဲ့အစည်း စည်းမျဉ်း အခန်း(၄) အပိုဒ်(၁၃)တွင် ဂေါပကအဖွဲ့ဝင် ၁၆ ဦးထံမှ  တစ်မြို့နယ်လျှင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး တစ်ဦးစီပါဝင်ဖွဲ့စည်းရန်၊ ဘဏ္ဍာရေးမှူး တစ်ဦးသတ်မှတ်ရေး နှင့်စပ်လျဉ်း၍ ဂေါပကအဖွဲ့က အစည်းအဝေးကျင်းပကာ သင့်လျော်သူတစ်ဦးကို ခန့်ထားရန်၊ ဂေါပကဥက္ကဋ္ဌတာဝန်ကို နှစ်နှစ်တစ်ကြိမ်အလှည့်ကျ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲ အစီအစဉ်အတိုင်းတာဝန်ထမ်းဆောင်ရန် ရွေးချယ်ဆောင်ရွက်ရန်ဟု စည်းမျဉ်းပါရှိသည့်အတိုင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ရက်နေ့တွင် အလောင်းတော်ကဿပဂေါပကအဖွဲ့ကို ပြန်လည်ရွေးချယ် ဖွဲ့စည်းနိုင်ရန် ဖိုလ်ဝင်တောင်ပုပ္ပါးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ ကနီမြို့နယ်သံဃနာယက အဖွဲ့က ကနီမြို့နယ်၌ ဂေါပကအဖွဲ့ဥက္ကဋ္ဌတာဝန်ပေးရန် တောင်းဆိုခဲ့ပါကြောင်း၊ ကနီမြို့နယ်မှ တစ်ပါး ကျန်သုံးမြို့နယ်ရှိ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယက ဆရာတော်ကြီး များက ဂေါပကစည်းမျည်းပါအတိုင်း ဆောင်ရွက်ရမည်ဖြစ်၍ အလှည့်ကျသည့် ဆားလင်းကြီး မြို့နယ်အား ဥက္ကဋ္ဌနေရာပေးထားရသည့်အတွက် ကျန်ရှိသောအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနေရာ တို့ကိုသာ တာဝန်ယူရန် လျှောက်ထားဆွေးနွေးသည့်အပြင် မန္တလေးတိုင်းဒေသကြီးသံဃနာယက အဖွဲ့ အကျိုးတော်ဆောင် ရတနာသိင်္ဂီဒိုက်ဦးကျောင်းတိုက်၊ ပဓာနနာယက ဆရာတော်ဘဒ္ဒန္တ ဇောတိကာဘိဝံသမှ ထိုကဲ့သို့မိန့်ကြားသော်လည်း ကနီမြို့နယ်သံဃနာယကအဖွဲ့သည် လက်ခံခြင်း မရှိဘဲ  အစည်းအဝေးမှ ပြန်လည်ကြွသွားကြပါကြောင်း၊ ကျန်ရှိသော ဩဝါဒါစရိယဆရာတော်ကြီး များနှင့် မြို့နယ်သံဃနာယကဆရာတော်များ၊ ယင်းမာပင်ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ၊ ကနီမြို့နယ်မှအပ သုံးမြို့နယ်ရှိဂေါပကအဖွဲ့ဝင်များဖြင့် အစည်းအဝေးဆက်လက် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဂေါပကအဖွဲ့အသစ်ကို အစားထိုးရွေးချယ်ခဲ့ပါကြောင်း၊

ယခုကဲ့သို့ အလောင်းတော်ကဿပဂေါပကအဖွဲ့ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လေးမြို့နယ် သံဃ နာယကအဖွဲ့ဆရာတော်များ အချင်းချင်းသဘောတူညီမှုမရရှိကြသည့် အခြေအနေနှင့် စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီးသံဃနာယကအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးသာသနာရေးမှူးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့လျှောက်ထားပြီး ဩဝါဒခံယူခဲ့ပါကြောင်း၊ နိုင်ငံတော် သံဃ မဟာနယကအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အလောင်းတော် ကဿပ ဂေါပကအဖွဲ့အတည်ပြုဆောင်ရွက်ဖွဲ့စည်းပြီးမှသာ အလောင်းတော်ကဿပဂေါပက အဖွဲ့စည်းမျဉ်းကိုသတ်မှတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။