Skip to main content

ယခုပြင်ဆင်ထားသည်ထက် ပိုမိုထိရောက်သော စီမံခန့်ခွဲမှုများ နိုင်ငံအနှံ့တွင် အရေးပေါ်ပြင်ဆင်နိုင်ရန်နှင့် COVID-19 ဘေးအန္တရာယ်ကျရောက်လာသည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများသို့ လုံလောက်သောဘဏ္ဍာငွေများ ဖြည့်ဆည်းပေးရန်နှင့် ထိုသို့ဆောင်ရွက်နိုင်ရန် COVID-19 ကနဦး ရန်ပုံငွေ ကျပ်ဘီလီယံ ၁၀၀ အပြင် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံး ဥပဒေမူကြမ်း တင်သွင်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၀၃၊ ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စုလွှတ်တော်က လက်ရှိဘဏ္ဍာရေးနှစ်အတွင်း နောက်ထပ်အရေးပေါ်ရန်ပုံငွေ သုံးစွဲခွင့်ပြုရန် အစီအစဉ်ရှိ/မရှိတို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာတစ်ဝန်းသို့ ကူးစက် ပျံ့နှံ့လျက်ရှိသော COVID-19 ကူးစက်မြန်အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အရေးပေါ်ရန်ပုံငွေချထားခြင်းနှင့်ပတ်သက်ပြီး မေးခွန်းမေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ မေးခွန်းကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့တွင် မေးမြန်းထားခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် COVID-19 Economic Relief Plan(CERP)ကို ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းအစီအစဉ်၏ ပန်းတိုင်(၇)တွင် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် ခွဲဝေချထားပေးသည့်ဘတ်ဂျက်မှ ၁၀ ရာခိုင်နှုန်း ကို အရေးပေါ်ရန်ပုံငွေ အပါအဝင် COVID-19 တုံ့ပြန်ဆောင်ရွက်မှုရန်ပုံငွေ သုံးစွဲနိုင်ရန် လျာထားသတ်မှတ်ခဲ့ကြောင်း သိရှိရ ပါကြောင်း၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ (၂/၂၀၂၀)ဆုံးဖြတ်ချက်အရ COVID-19 ဆိုင်ရာ ရန်ပုံငွေအဖြစ် ကျပ် ဘီလီယံ ၁၀၀ ကို ကနဦး မတည်ရန်ပုံငွေအဖြစ် တည်ထောင်ထားပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကလည်း အလုပ်လက်မဲ့ဖြစ်သွားကြသော အလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ဆေးဖိုးနှင့်ခရီးစရိတ်များ တိုးမြှင့်ခံစားခွင့်ပြုခြင်း၊ အလုပ်ရှင်၊ အလုပ်သမား ထည့်ဝင် ကြေးများကို အချိန်တိုးမြှင့်သတ်မှတ်ပေးခြင်း၊ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံ စနစ်ပါ အကျိုးခံစားခွင့်များကို တိုးမြှင့်ပေးခြင်းတို့ဆောင်ရွက်နေခြင်းအပေါ်တွင်လည်း များစွာ ဝမ်းမြောက်ဂုဏ်ယူကြောင်း ပဏာမပြောကြားလိုပါကြောင်း၊ 

တစ်ဖက်တွင်လည်း အိမ်နီးချင်းနိုင်ငံများတွင် ကျန်းမာရေး၊ စီးပွားရေးအရ ထိခိုက်မှုမြင့်မားလာပြီး လုပ်ငန်းများရပ်ဆိုင်းလျက်ရှိရာ မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသည့် ပြည်ပ ရောက်မြန်မာလုပ်သားများ အလုံးအရင်းဖြင့် ပြန်လာခဲ့ကြပြီး တိုင်းပြည်အတွင်း အလုပ်လက်မဲ့ဦးရေ များပြားနေသည့်ကာလ ဖြစ်ပါကြောင်း၊ COVID-19 ကို တုံ့ပြန်ဆောင်ရွက်ရာတွင် ဒေသန္တရ အစိုးရများနှင့် မြူနီစပယ်အဖွဲ့များအနေဖြင့် အားကစားပွဲများ၊ ဈေးများ၊ ဘာသာရေးနှင့် ဝတ်ပြုရေး ဆိုင်ရာနေရာများ၊ နယ်စပ်ဒေသများကို စီမံကြသူများဖြစ်ပြီး အသွားအလာကန့်သတ်မှု (Quarantine) အတွက် နေရာထိုင်ခင်းများ စီမံခြင်း၊ ဈေးများအတွင်း ခပ်ခွာခွာနေစေခြင်း၊ Social Distancing တို့အတွက် စီမံဆောင်ရွက်ခြင်း၊ နပ်စပ်ဂိတ်များ စစ်ဆေးဆောင်ရွက်ခြင်းနှင့် ပြည်တော်ပြန် မြန်မာလုပ်သားများ နေရပ်ပြန်ရေး စီစဉ်ပေးရခြင်းတို့ကြောင့် ပုံမှန်အခြေအနေထက် ရန်ပုံငွေများ ပိုမိုလိုအပ်နေမည်ဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရမှ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများသို့ လုံလောက်သောဘဏ္ဍာငွေများ ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းလိုခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ COVID-19 ဘေးအန္တရာယ်ကိုတုံ့ပြန်ရန် ပိုမိုထိရောက်သော စီမံခန့်ခွဲမှုများ နိုင်ငံအနှံ့တွင် အရေးပေါ်ပြင်ဆင်နိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများသို့ လုံလောက်သည့် ဘဏ္ဍာငွေများ ဖြည့်ဆည်းပေးရန်နှင့် ထိုသို့ဆောင်ရွက်နိုင်ရန် အထက်ဖော်ပြပါ COVID-19 ကနဦး ရန်ပုံငွေကျပ် ၁၀၀ ဘီလီယံအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ ဘဏ္ဍာငွေများ ဖြည့် ဆည်းပေးခြင်း အပါအဝင် နောက်ထပ်အရေးပေါ် ရန်ပုံငွေသုံးစွဲခြင်း အသေးစိတ်အစီအစဉ်ဖြင့် အကောင်အထည်ဖော်ခြင်းတို့ကို သိရှိလိုပါကြောင်း  မေးမြန်းပါသည်။


 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

နိုင်ငံတော်တွင် ကမ္ဘာအနှံ့ဖြစ်ပွားနေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ(COVID-19) အား ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အမျိုးသားအဆင့်ဗဟိုကော်မတီ၊ Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ Coronavirus Disease 2019(COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သော စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ စသည့်ကော်မတီများကိုဖွဲ့စည်းပြီး စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်လည်း တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ ဦးဆောင် ပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကော်မတီ များကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေတွင်ပါဝင်သော အရေးပေါ်ရန်ပုံငွေကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတွင် ကျပ် ၅၀ ဘီလီယံ လျာထားပါကြောင်း၊ ပြည်ထောင်စုတစ်ခုလုံးအတွက် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများတွင် ခွဲဝေပြီး ကျပ် ၃၆ ဘီလီယံ လျာထားပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များတွင် ကျပ် တစ်ဘီလီယံစီနှင့် ကျပ် ၁၄ ဘီလီယံ စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်များနှင့် မတူဘဲ ခွဲဝေပြီးလျာထားပါကြောင်း၊ ၎င်းအရေးပေါ်ရန်ပုံငွေ နှင့်ပတ်သက်ပြီး ဥပဒေတွင် ပြဋ္ဌာန်း ထားသည့်ပြဋ္ဌာန်းချက်များ နှင့်အညီ သုံးစွဲနိုင်မည်ဖြစ်ပြီး သုံးစွဲမည့်ကိစ္စကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးက ၇-၁၀-၂၀၁၉ ရက်စွဲပါစာအမှတ်ဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့အားလုံးထံသို့ ညွှန်ကြားထားရှိပါကြောင်း၊

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ အတည်ပြုချက်ဖြင့် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သော စီးပွားရေးသက်ရောက်မှုများအပေါ်တွင် ကုစားရေးလုပ်ငန်း ကော်မတီက စီမံကြီးကြပ်သော COVID-19 Fund ရန်ပုံငွေတစ်ရပ်ကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ၏ လှည့်ပတ်ရန်ပုံငွေ(Revolving Fund)က ကျပ် ၅၀ ဘီလီယံ၊ လူမှုဖူလုံရေးရန်ပုံငွေက ကျပ် ၅၀ ဘီလီယံ စုပေါင်းပြီး ၁၀၀ ဘီလီယံဖြင့် ၃၀-၃-၂၀၂၀ ရက်နေ့တွင်စတင်ပြီး ထူထောင်ထားပါကြောင်း၊ အဆိုပါရန်ပုံငွေထဲက COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံစားခဲ့ရသော မြန်မာ နိုင်ငံသားပိုင် အထည်ချုပ်လုပ်ငန်း(CMP)များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်ပြီး စိစစ်ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ ၂၇-၅-၂၀၂၀ ရက်နေ့အထိ လုပ်ငန်းရှင် ၇၂၆ ဦးကို ရန်ပုံငွေ ကျပ် ၂၈.၉ ဘီလီယံ ထုတ်ချေးပေးပြီး ဖြစ်ပါကြောင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်ထောင်စုဝန်ကြီးဌာနများက ရန်ပုံငွေလွှဲပြောင်းသုံးစွဲ နိုင်ရန်အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသို့ တင်ပြညှိနှိုင်းလာမှုများကိုလည်း ခွင့်ပြုပေးခဲ့ရာ ၂၉-၄-၂၀၂၀ ရက်နေ့အထိ ခွင့်ပြုပြီးငွေကျပ် ၁၀၁.၆၄၈ ဘီလီယံ ဖြစ်ပါကြောင်း၊ 

ပြည်ထောင်စုဝန်ကြီးဌာနအသီးသီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေအသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းအတွင်း ရန်ပုံငွေလွှဲပြောင်းသုံးစွဲနိုင်ရေးနှင့် အရေးတကြီးမလိုအပ်သေးသော အသုံး စရိတ်များကို အထွေထွေပိုလျှံရန်ပုံငွေ GRF ကို ပြန်လည်အပ်နှံစေပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသုံးစရိတ်များ သုံးစွဲရန်လိုနေသော ဝန်ကြီးဌာနများ၊ နိုင်ငံတော်၏ စီးပွားရေးဆင့်ပွားအကျိုးသက်ရောက်မှု (Multiplier Effect) များပြားနိုင်သော လုပ်ငန်းများတွင် ပြန်လည်သုံးစွဲနိုင်ရန်အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက် ပေးရန် နိုင်ငံတော်သမ္မတရုံးက ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများက GRF ကို ပြန်လည် အပ်နှံထားသည့်ငွေ ကျပ် ၁၃၅၇ ဘီလီယံ ရှိပါ‌ကြောင်း၊ ၎င်းအစီအစဉ်အောက်က အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် အခြေခံစားကုန်ငါးမျိုးအတွက် ထောက်ပံ့ပေးခဲ့ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ၂၇-၅-၂၀၂၀ ရက်နေ့အထိ ထောက်ပံ့ပေးပြီးငွေ ကျပ် ၄၉.၄ ဘီလီယံ ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ထောက်ပံ့ပေးသွားရန်အစီအစဉ်ရှိပါကြောင်း၊ အဆိုပါ ဆောင်ရွက်မှု သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း သိရှိရပါကြောင်း၊ ထို့ပြင် အရန်ရိက္ခာအဖြစ် ဆန်တန်ချိန် ၅၀,၀၀၀၊ ဆီတန်ချိန် ၁၂,၀၀၀ ဝယ်ယူထားရန်လည်း ဆောင်ရွက်နေ ပါကြောင်း၊ ယခုအခါ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို နောက်ထပ် ခွင့်ပြုသည့် သုံးငွေက ထိုထဲတွင် ကျပ် ၉၄.၃၆၇ ဘီလီယံ ပါပါကြောင်း၊

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏အတည်ပြုချက်ဖြင့် ပြည်တွင်းပြည်ပအလှူရှင်များ လှူဒါန်းနိုင်ရန် နိုင်ငံခြားငွေစာရင်း၊ ကျပ်ငွေစာရင်းများကို မြန်မာ့ စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် CB ဘဏ်များတွင် ဖွင့်လှစ်ထားရှိပါကြောင်း၊ ၎င်းအလှူငွေများထဲကလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက သုံးစွဲလျက်ရှိပါကြောင်း၊ COVID-19 ကိစ္စအတွက် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အတိုးနှုန်းသက်သာသောချေးငွေများရရှိနိုင်ရန်လည်း ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီးရယူခဲ့ရာ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF) မှ USD ၇၀၀ သန်း၊ ကမ္ဘာ့ဘဏ်ထံမှ USD ၅၀ သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ USD ၃၀ သန်း၊ JICA ထံမှ ဂျပန်ယန်း ၃၀ ဘီလီယံတို့ကို ရယူမည်ဖြစ်ပါကြောင်း၊ IMF ချေးငွေ ရယူပြီးသည့်အခါ G-20 နိုင်ငံများ၏ ကြွေးမြီရွှေ့ဆိုင်းခွင့် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ထိကိုလည်း ရရှိနိုင်မည်ဖြစ်သည့်အတွက် ၎င်းထဲကလည်း အမေရိကန်ဒေါ်လာ ၄၆၀ သန်းခန့် မိမိတို့  သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ COVID-19 အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်ချေးငွေနှင့် ချေးငွေတို့ဖြင့် ဆောင်ရွက် လျက်ရှိသော လက်ရှိစီမံကိန်းများထဲက လွှဲပြောင်းသုံးသည်မှာ အမေရိကန် ဒေါ်လာ ၁၁ သန်း ရှိပါကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်နေသော စီမံကိန်းရှစ်ခုရှိပြီး ၎င်းရှစ်ခုထဲက လွှဲပြောင်းသုံးစွဲမည်ဆိုပါက အမေရိကန်ဒေါ်လာ ၄၆၀ သန်း အထိ လွှဲပြောင်းသုံးစွဲနိုင်သည်ကို တွေ့ရပါကြောင်း၊ COVID-19 ကြောင့် စီးပွားရေးနှင့် လူမှုရေးထိခိုက်မှုများကို ကုစားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် COVID-19 Economic Relief Plan ကို ၂၇-၄-၂၀၂၀ ရက်နေ့က ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ စီးပွားရေး၊ လူမှုရေးသက်ရောက်မှုများအပေါ် ကုစားရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်များကို အကောင်း ဆုံးဖြစ်အောင် စီမံခန့်ခွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သော ဘဏ္ဍာငွေအရင်းအမြစ် များကို စီမံထားပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် အရေးပေါ်ရန်ပုံငွေကို တိုးမြှင့်ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။