Skip to main content

ချီဖွေမြို့နယ်တွင် အထက်တန်းကျောင်းနှစ်ကျောင်းနှင့် အထက်တန်းကျောင်းခွဲတစ်ကျောင်း ရှိပါကြောင်း၊  ချီဖွေမြို့နယ်သည် တောင်ဘက်မှမြောက်ဘက်သို့ လက်ရှိသွားလာနေသော ခရီးလမ်းသည် မိုင်ပေါင်း ၁၂၀ ကျော်ခန့် ရှည်လျားပါကြောင်း၊ ချီဖွေမြို့နယ်ရှိ အထက်တန်းကျောင်း နှစ်ကျောင်းသည် တောင်ဘက်ခြမ်းချီဖွေမြို့နယ်နှင့် ပန်ဝါမြို့တွင်သာရှိပြီး ချီဖွေမြို့နယ်၏ မြောက်ဘက်ခြမ်းတွင်ရှိသော နိုဇွန်ဘော်အထက်တန်းကျောင်းခွဲသည် အဆိုပါအထက်တန်းကျောင်း နှစ်ကျောင်းနှင့် မိုင် ၁၀၀ ခန့် ဝေးကွာပါကြောင်း၊ ၎င်းနိုဇွန်ဘော်အထက်တန်းကျောင်းခွဲသည် အထက်တန်းကျောင်း အဆင့်သို့တိုးမြှင့်ဖွင့်လှစ်ရန် လိုအပ်မည့်အဆောက်အဦနှင့် ကျောင်းအင်္ဂါရပ်များလည်း ပြည့်စုံစွာဆောင်ရွက်ထားပြီးဖြစ်သည့် အတွက် နိုဇွန်ဘော်အထက်တန်းကျောင်းခွဲကို အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိဘဲ၊ တစ်ဦးတစ်ယောက်မျှမကျန်ရှိစေဘဲ၊ ကျောင်းထွက်သူမရှိစေရေးတို့အတွက် ကျောင်းနေအရွယ်ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိရေးကိုဦးတည်ပြီး ကြိုးပမ်းပြုပြင်ပြောင်းလဲအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုပြန်လည်ဖွင့်လှစ်မည့် ၂၀၂၀-၂၀၂၁ ပညာ သင်နှစ်အတွက် ၂၀၂၀ ပြည့်နှစ် မေလတွင် အခြေခံပညာကျောင်းပေါင်း စုစုပေါင်း ၃,၈၅၁ ကျောင်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာ ကျောင်းအဆင့်အသီးသီးကို အဆင့်တိုးမြှင့်သတ်မှတ်ပေးပြီးဖြစ်ပါကြောင်း၊ ထိုကဲ့သို့ တိုးမြှင့်ဆောင်ရွက်ပေးသည့်အခါ ကချင်ပြည်နယ်တွင် စုစုပေါင်းကျောင်း ၁၁၃ ကျောင်းပါဝင်ပါကြောင်း၊ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်းနှစ်ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း နှစ်ကျောင်း၊ အခြေခံ ပညာအလယ်တန်းကျောင်းခွဲနှစ်ကျောင်း၊  အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ခုနစ်ကျောင်း ပါဝင်ပါ ကြောင်း၊

အခြေခံပညာအထက်တန်းကျောင်းခွဲမှ အခြေခံပညာအထက်တန်းကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့် ပေးရန်အတွက် သတ်မှတ်ချက်မူက အထက်တန်းအဆင့်သင်  ကျောင်းသား ကျောင်းသူ ၂၀၀ ဦး ထက်ရှိခြင်း သို့မဟုတ် မြေပြန့်ဆိုပါက အထက်တန်းကျောင်းနှင့် မြေပြန့်ရော သွားလာရေးခက်ခဲ သော တောင်တန်းထူထပ်၊ မြစ်ချောင်းပေါများသည့်ဒေသများတွင်  အနီးဆုံးအထက်တန်းအဆင့် ကျောင်းနှင့် ၁၀ မိုင်ကွာဝေးခြင်းဆိုသည့် မူများနှင့် တိုးမြှင့်ဆောင်ရွက်ပေးပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့်အခါ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးတွင် ကျောင်းနေအရွယ်ကလေးများပညာသင်ယူမှု အခွင့်အလမ်းရရှိရန်အတွက်ပိုမို လိုအပ်နေခြင်းဖြစ်သည့်အတွက် ဖော်ပြပါတိုင်းဒေသကြီး/ပြည်နယ်များမပါဘဲ ကျန်သည့် တိုင်းဒေသကြီး/ပြည်နယ်များတွင် သက်တမ်းတိုးထားသော နှစ်နှစ်သက်တမ်းရှိရမည်၊ သတ်မှတ်ချက်နှင့်ကိုက်ညီပါက အထက်တန်းကျောင်းအဆင့်တိုးပေးပါကြောင်း၊ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် နိုဇွန်ဘော်အခြေခံပညာအထက်တန်းကျောင်းခွဲသည် သက်တမ်း ခြောက်နှစ် ရှိပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်စာရင်းအရ အထက်တန်းအဆင့်ပညာသင်ယူနေ သော ကျောင်းသားကျောင်းသူ ၁၀၉ ဦး ရှိပါကြောင်း၊ သို့သော် အနီးဆုံးအထက်တန်းအဆင့်သင် ကျောင်းပန်ဝါ အခြေခံပညာအထက်တန်းကျောင်းနှင့် မိုင် ၁၀၀ ခန့် ကွာဝေးပါကြောင်း၊ ကျောင်းသား ဦးရေ သတ်မှတ်ချက်ပြည့်မီမှုမရှိပါကြောင်း၊ သို့သော် ကျောင်း၏ သက်တမ်းက အထက်တန်းကျောင်း ခွဲဖြစ်သည်မှာ ခြောက်နှစ်ရှိပြီဖြစ်ပါကြောင်း၊ ခရီးအကွာအဝေး မိုင်သတ်မှတ်ချက်အရ ကိုက်ညီပါ ကြောင်း၊ ထို့ကြောင့် မိမိတို့ ချီဖွေမြို့နယ် နိုဇွန်ဘော် အခြေခံပညာအထက်တန်းကျောင်းခွဲသည် သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိသည့်အတွက် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အထက်တန်းကျောင်း အဆင့်တိုးမြှင့်သော ၁၆၁ ကျောင်းစာရင်းတွင် ထိပ်ဆုံးကပါဝင်ပြီးဖြစ်ပါကြောင်း ဖြေကြားပါသည်။