Skip to main content

 

မာန်အောင်ကျွန်းသည် ဘင်္ဂလားပင်လယ်အော်ထဲရှိ ကျွန်တစ်ကျွန်းဖြစ်ပြီး ပင်လယ်ရေပတ်လည်ဝိုင်း လျက် ရှိပါကြောင်း၊ ကျွန်းပေါ်တွင် ကျေးရွာ ၁၃၇ ရွာ၊ မြို့ပေါ် ငါးရပ်ကွက် ၊ လူဦးရေ ၆၅၀၀၀ ကျော် နေထိုင်လျက်ရှိပြီး လူဦးရေ၏ ၅၀ ရာခိုင်နှုန်းသည် ပင်လယ်ကမ်းခြေကျေးရွာများတွင် နေထိုက်လျက် ရှိပါကြောင်း၊ ကျေးရွာ ၂၂ ရွာသည် ပင်လယ်ရေပြင်အထက် လေးပေမှ ခြောက်ပေအမြင့်တွင် ရှိပြီး အဆိုပါရွာများမှာ ရွာရှစ်ရွာနှင့် မြို့ပေါ်ရပ်ကွက်အချို့ ကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း Cyclone Shelter များ နိုင်ငံတော်အစိုးရက ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊

၁၉၃၆ ခုနှစ် မေလ ၁၇ ရက်နေ့တွင် မာန်အောင်ကျွန်းမှာ တစ်နာရီလျှင် မိုင် ၁၃၀ ကျော်သည့် လေမုန်တိုင်း တိုက်ခတ်ခဲ့ခြင်းကြောင့် လူဦးရေ ၁၄၄ ယောက် သေခဲ့ရပါကြောင်း၊ အနှစ် ၁၀၀ တွင် ယခုကဲ့သို့ လူသတ်မုန်တိုင်းကြီးများ တစ်ကြိမ်စီ တိုက်လျက်ရှိသည်ဟု သိရှိရသည့်အတွက် အနှစ် ၁၀၀ ပြည့်ခါနီးပြီဖြစ်၍ အထူးသတိထားပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်နေ ပါကြောင်း၊ တစ်နေ့တစ်ချိန်တွင် သေချာပေါက် လေမုန်တိုင်းကြီးများ ကျရောက်လာနိုင်သည့်အတွက် ပင်လယ်ကမ်းခြေမြေနိမ့်ပိုင်းတွင် ကျန်ရှိနေသေးသည့် ခုံရွာ၊  ပြားကြီး၊ မျှော်တော်ဦး၊ တောရွာ၊ မိန်းမကြွယ်၊ ကမား၊ ကမဝ၊ ပလ္လင်ရွာမ၊ ပလ္လင်ဇလပ်ကုန်း၊ သာယာကုန်းနှင့် ရဲကျွန်းမြောက်ရွာများတွင် မုန်တိုင်း ဒဏ်ခံနိုင်သည့် အဆောက်အဦများကို ကြိုတင်ဆောက်လုပ်ထားရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် မာန်အောင်မြို့နယ်ရှိ ပင်လယ်ကမ်းခြေနှင့် နီးကပ်စွာတည်ရှိပြီး မြေနိမ့်ပိုင်းတွင် ကျန်ရှိနေသည့် ခုံရွာ၊  ပြားကြီး၊ မျှော်တော်ဦး၊ တောရွာ၊ မိန်းမကြွယ်၊ ကမား၊ ကမဝ၊ ပလ္လင်ရွာမ၊ ပလ္လင်ဇလပ်ကုန်း၊ သာယာကုန်းနှင့် ရဲကျွန်းမြောက်ရွာများတွင် လေမုန်တိုင်းခံ (Cyclone Shelter) များ နောက်ထပ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သည် နှစ်စဉ် မုန်တိုင်းဒဏ်ခံစားနေရခြင်းကြောင့် မုန်တိုင်း အန္တရာယ် ကျရောက်လာပါက ပြည်သူများ အသက်ဘေးမှရှောင်တိမ်း ခိုလုံနိုင်ရေးအတွက် မုန်တိုင်း ဒဏ်ခံစာသင်ကျောင်းများ၊ အသက်ကယ်ကုန်းမြင့်များကို ခေတ်အဆက်ဆက်က ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ် မုန်တိုင်းဒဏ်ခံစားရနိုင်ခြေ များပြားသည့် ဧရာဝတီတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့တွင် မုန်တိုင်းဒဏ်ခံ အဆောက်အဦများ၊ မုန်တိုင်းဒဏ်ခံ စာသင်ကျောင်းများကို ဒေသ၏လိုအပ်ချက်များအပေါ် မူတည်ပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေ၊ ပြည်ထောင်စုနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့၏ဘဏ္ဍာ ရန်ပုံငွေ၊ ပြည်တွင်းပြည်ပအလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် နှစ်စဉ်တိုးချဲ့ တည်ဆောက်ပေးလျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်  ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့၏ဘတ်ဂျက်ဖြင့် လှူဒါန်း မှုများဖြင့် Shelter စုစုပေါင်း ၁၆ လုံးကိုလည်းကောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀ ဘဏ္ဍာ ရေးနှစ်အတွင်း အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေက စုစုပေါင်း ငွေကျပ် ၈၀၈၆.၆၃၆ သန်းဖြင့် Shelter စုစုပေါင်း ၄၁ လုံး ကိုလည်းကောင်း တည်ဆောက်ပေးခဲ့ပြီးဖြစ်ရာ ယနေ့အချိန်အထိ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၁ မြို့နယ်ရှိကျေးရွာ ၅၇ ရွာတွင် Shelter (၅၇) လုံးကို တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ Shelter (၅၇)လုံးအနက် မာန်အောင်မြို့နယ်အတွင်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကုန်းတန်းရွာတောင်ပိုင်း နှင့်ဇီးတောကျေးရွာတို့တွင်လည်းကောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြို့မရပ်ကွက်၊ ပုတ်ချောင်း ကျေးရွာ၊ ပန်းဖဲကျေးရွာ၊ ရေမျက်ဝကျေးရွာ၊ ရန်အောင်မြင်ရပ်ကွက်၊ ကျီးချောင်းဝကျေးရွာ၊ သိမ္ဗလ ကျေးရွာနှင့် ကျူးကျေးရွာတို့တွင် Shelter တစ်လုံးစီဖြင့် စုစုပေါင်း ၁၀ လုံးကိုလည်းကောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ စုစုပေါင်း ကျပ် ၂၁၈၆.၈၄၀ သန်းဖြင့် အကုန်ကျခံ တည်ဆောက် ပေးခဲ့ပါကြောင်း၊ မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် Shelter များထပ်မံလိုအပ်မှု အခြေအနေ နှင့်လိုအပ်မှုရှိပါက အဆိုပါကျေးရွာများ၏ လူဦးရေ၊ တည်ဆောက်ပြီးဖြစ်သည့် Shelter များနှင့် အကွာ အဝေး၊ တည်ဆောက်ရန်လျာထားသည့် Shelter များသို့ သွားရာလမ်းကြောင်း အခြေအနေ၊ မြေနေရာ စီစဉ်ဆောင်ရွက်ပေးနိုင်မှု အခြေအနေတို့အပေါ်မူတည်ပြီး ထည့်သွင်းတွက်ချက်ကာ မာန်အောင် မြို့နယ်အတွင်းရှိ  ကျေးရွာ၊ ရပ်ကွက် ၁၁ နေရာ အတွက် Cyclone Shelter လိုအပ်မှုအခြေအနေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်ညှိနှိုင်းပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဦးစားပေးအလိုက် လာမည့်ဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။