Skip to main content

မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ်စာရင်းဇယားများအရ လူဦးရေ စုစုပေါင်း ၅၄ သန်းကျော်ရှိသည့်အနက် ၂၀၁၉ ခုနှစ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအရ ကလေးသူငယ်ဦးရေမှာ ၁၇ သန်းကျော်ရှိ နေပါကြောင်း၊ ၎င်းတို့အနက်မှ မိဘမဲ့ကလေးများ ပဋိပက္ခဖြစ်ပွားလျက်ရှိသော တိုင်းရင်းသားဒေသများရှိကလေးများ၊ လမ်းပျော်ကလေးများနှင့် မသန်စွမ်းကလေးများစသည်ဖြင့် ကူညီစောင့်ရှောက်ရန်လိုအပ်နေသော ကလေးသူငယ်များလည်း ရှိပါကြောင်း၊ ထိုကဲ့သို့သောကလေးသူငယ်များကို ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ()အရ တည်ထောင်ထားသော အစိုးရ၏ စောင့်ရှောက်ရေးဂေဟာများ၊ ပုဒ်မ ၁၅ ပုဒ်မခွဲ()အရဖွဲ့စည်းတည်ထောင်ထားသော ပုဂ္ဂလိကအဖွဲ့အစည်းများ၏ပရဟိတဂေဟာများ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်ဆရာကြီးများမှ စောင့်ရှောက်ပေးထားသောဂေဟာများအစရှိသဖြင့် အသီးသီးစောင့်ရှောက် ပညာသင်ကြားပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ပရဟိတလှုပ်ရှားဆောင်ရွက်သူများအနေဖြင့် တစ်ဦးချင်းဖြစ်စေ အဖွဲ့အစည်းဖြင့်ဖြစ်စေ ထပ်မံဖွင့်လှစ်စောင့်ရှောက်မှုပေးနေသော ပရဟိတဂေဟာများကိုလည်းနေရာအနှံ့အပြားတွင် တွေ့ရှိရပါကြောင်း၊

မိမိတို့ ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန ၏ ကလေးပြုစုရေးဌာနများကို ကွင်းဆင်းလေ့လာခဲ့ပါကြောင်း၊ ကလေးများကို စနစ်တကျပြုစုပျိုးထောင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကလေးမွေးစားလိုသူ မိသားစုများထံ ကလေးမွေးစားခွင့်ပြုပေးခြင်း၊ အရွယ်ရောက်လာသည်နှင့်အမျှ အတန်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာများကို သင်တန်းကျောင်းများသို့ လွှဲပြောင်းပေးပို့ သင်ကြားပေးခြင်းများဖြင့် ကလေးများ၏အနာဂတ်ကို စနစ်တကျစီမံဆောင်ရွက်နေသည်ကို လေ့လာ သိရှိရ၍ ကျေနပ်အားရမိပါသော်လည်း ကလေးပြုစုရေးဌာနများတွင် အများအားဖြင့် ကလေးဦးရေသည် ၂၀ ဦးမှ ၅၀ ဦးခန့်ရှိပြီး တချို့ပုဂ္ဂလိက၊ ပရဟိတဂေဟာများတွင် ကလေးဦးရေ ၄၀၀ ဦး၊ ၅၀၀ ဦး၊ ၆၀၀ ဦးကျော်အထိရှိနေသည်ကို တွေ့မြင်ကြားသိနေရပါကြောင်း၊ ဘာကြောင့် ဖြစ်နိုင်ပါသလဲ အကြောင်းအရင်းမှန်ကို သေချာစွာလေ့လာသုံးသပ်သင့်ပါကြောင်း၊

ပရဟိတဂေဟာများ၏ သဘောသဘာဝအရ အလှူရှင်များကိုသာ မှီခိုအားထားနေရသည့်အတွက် ပြည့်စုံသည့်ဂေဟာများရှိသကဲ့သို့ ချို့တဲ့မှု၊ လိုအပ်မှုများစွာရှိနေသည့်ဂေဟာများလည်းရှိပါကြောင်း၊ လသားအရွယ်၊ နှစ်သားအရွယ်ကလေးများအတွက် နို့မှုန့်ဖိုး၊ အဝတ်အစားဖိုးလောက်သာကုန်ကျမည်ဖြစ်သည့်အတွက် အလှူငွေနှင့်လောက်ငှနေသေးလျှင်တောင်မှ ကလေးကြီးပြင်းလာသည်နှင့်အမျှ ပညာရေး၊ ကျန်းမာရေးကုန်ကျစရိတ်များသည် ပိုမိုများပြားလာမည် ဖြစ်ပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို အလှူရှင်များကို ဖိတ်ခေါ်အလှူခံနေကြရသည့်အတွက် Online Media များမှတစ်ဆင့် ပြည်သူအများမြင်တွေ့သိရှိနိုင်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာချို့တဲ့မှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှု၊ အကြမ်းဖက်ခံရမှုများရှိ/မရှိကို အုတ်အော်သောင်တင်းဖြစ်ရပ်များမှလွဲပြီး သိရှိနိုင်ရန်ခက်ခဲလှပါကြောင်း၊ အာဆီယံဒေသဆိုင်ရာကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်း ပပျောက်ရေးလုပ်ငန်းစီမံချက်တွင် မိဘအရင်းမဟုတ်သည့်သူများနှင့် အတူနေထိုင်သောကလေးသူငယ်များနှင့် အခြားနည်းဖြင့်ပြုစုစောင့်ရှောက်သည့်နေရာများမှ ကလေးများသည် အန္တရာယ်ပိုမို ကျရောက်နိုင်သောကလေးအုပ်စုများထဲတွင် ပါဝင်နိုင်ကြောင်းဖော်ပြထားသည့်အတွက် ပိုမိုအလေး ထားစောင့်ရှောက်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပရဟိတဂေဟာများတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပါ ကလေးသူငယ်များ၏ရပိုင်ခွင့် အခွင့်အရေးများ၊ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာအခွင့်အရေးများရရှိခံစားနိုင်ခြင်းရှိ/မရှိ၊ ကလေးများ ၏အနာဂတ်အတွက် စီမံထားနိုင်ခြင်း ရှိ/မရှိ လေ့လာစုံစမ်းပြီး ကူညီထောက်ပံ့လမ်းညွှန်မှုပေးခြင်း၊ လိုအပ်ပါက သက်ဆိုင်ရာဌာနက လွှဲပြောင်းလက်ခံပေးခြင်းစသည်ဖြင့် သင့်လျော်သော အစီအမံများဖြင့် ကူညီထောက်ပံ့ပေးသင့်သည့်အပြင် ကလေးများကိုပျိုးထောင်ရာတွင် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် ပညာရေးတို့ မှန်ကန်စွာဖွံ့ဖြိုး တိုးတက်စေရန် နည်းစနစ်မှန်ကန်စွာစီမံဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ပရဟိတဂေဟာတည်ထောင်သူများကို သင်တန်းပေးခြင်း၊ ကြီးကြပ်လမ်းညွှန်မှုပြုခြင်းများဖြင့် ကူညီထောက်ပံ့သင့်ပါကြောင်း၊

မြန်မာနိုင်ငံသည် CRC ကို လက်မှတ်ရေးထိုးထားသည့်နိုင်ငံဖြစ်သည်နှင့်အညီ ပဉ္စမအကြိမ် မြောက်နှင့် ဆဋ္ဌမအကြိမ်မြောက် ပူးတွဲအစီရင်ခံစာကို တင်သွင်းရန်လည်းရှိနေပါကြောင်း၊ အင်္ဂလန် နိုင်ငံအခြေစိုက် Save the Children အဖွဲ့၏ Add of Childhood Index 2017 အစီရင်ခံစာတွင် ကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်ရာတွင် နိုင်ငံပေါင်း ၁၂၇ နိုင်ငံအနက် မြန်မာနိုင်ငံ သည်အဆင့် ၁၁၂ ဖြစ်သည်ဟု ဖော်ပြထားသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပိုမို အားစိုက်ဆောင်ရွက်ရန်လိုနေပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံ၏ လူသားအရင်းအမြစ်များ ဖြစ်သော ကလေးသူငယ်များကို ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအရ ကလေးများ၏ အကောင်းဆုံးအကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံအတွင်းရှိ အစိုးရပိုင်နှင့် ပုဂ္ဂလိကစောင့်ရှောက်ရေးဂေဟာအရေအတွက်မည်မျှရှိပြီး မည်ကဲ့သို့စိစစ်၍ တည်ထောင်ခွင့်ပြုမိန့် ပေးနေသည်နှင့် မည်ကဲ့သို့ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်ကို  သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းတာဝန်ကြီး(၇)ရပ်တွင် စေတနာ့၀န်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း တစ်ခုအပါအဝင်ဖြစ်သည့်အတွက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ မသန်စွမ်းဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် အမျိုးသမီး ဂေဟာများသို့ သတ်မှတ်နှုန်းထားများနှင့်အညီ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရရှိထားသော ဂေဟာများ အနေဖြင့် ဌာနမှထောက်ပံ့မှုယူသော ဂေဟာ (၂၃၁)ခု၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့မှုယူသော ဂေဟာ(၁၀)ခု၊ ကလေးဦးရေ နည်းပါးသည့် အတွက် ဆန္ဒအရထောက်ပံ့မှုမယူသော ဂေဟာနှစ်ခုနှင့် ဦးစီးဌာနက စစ်ဆေးစဉ် ကလေးမရှိခြင်း၊ သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများနှင့် မညီခြင်းတို့ကြောင့် ယာယီရပ်ဆိုင်းဂေဟာရှစ်ခု စုစုပေါင်း ဂေဟာ (၂၅၁)ခုရှိပြီး တည်ထောင်သူတို့၏ဆန္ဒနှင့် စံချိန်စံညွှန်းနှင့်ကိုက်ညီအောင် ဆောင်ရွက် နိုင်ခြင်းမရှိသဖြင့် တည်ထောင်ခွင့်ပြုမိန့် လျှောက်ထားခြင်းမရှိသော ဂေဟာ (၁၈၁) ခု ရှိပါကြောင်း၊ အဆိုပါ ပရဟိတဂေဟာများအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပြန်ထားသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ တည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းလမ်းညွှန်ပါ တင်ပြပါစည်းကမ်းချက်ငါးချက်နှင့် ညီညွတ်ပါက တည်ထောင်ခွင့်ပြုမိန့်ပြု နိုင်ရန်အတွက် သက်ဆိုင်ရာလူမှုဝန်ထမ်းရုံးမှတစ်ဆင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လူမှုဝန်ထမ်း ဦးစီးဌာနရုံးချုပ်သို့ တင်ပြရမည်ဖြစ်ပါကြောင်း၊

လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရရှိထားသော ပရဟိတဂေဟာများသို့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းရုံးများမှ တာဝန်ရှိသူများကသွားရောက်၍ ကြီးကြပ်စစ်ဆေးခြင်း၊ နှစ်စဉ်တိုင်းဒေသကြီး/ပြည်နယ်အချင်းချင်း အပြန်အလှန်တာဝန်ပေး စစ်ဆေးခြင်းများဆောင်ရွက်၍ စိစစ်တင်ပြလာမှုများအား ဦးစီးဌာန(ရုံးချုပ်)က ထပ်မံစိစစ်၍ စည်းကမ်းချက် များနှင့်ကိုက်ညီသော ပရဟိတဂေဟာများကို သတ်မှတ်အဆင့်အလိုက် ထောက်ပံ့ပေးလျက်ရှိ ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ထားသော ဂေဟာ/‌သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရရှိမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများအတိုင်း ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအခြေအနေများကို တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းရုံးက စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အသိပညာပေးခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ လိုအပ်သောအကြံဉာဏ်ပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅ ပုဒ်မခွဲ(က)အရ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေး ဂေဟာများ တည်ထောင်ဖွင့်လှစ်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာကိုထုတ်ပြန်၍ ယခင်ကလေးသူငယ် ဥပဒေ ၁၉၉၃ ပုဒ်မ ၆၃ အရ လူမှုဝန်ထမ်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများ၊ တည်ထောင်ခွင့်ပြုမိန့် လုံးဝလျှောက်ထားခြင်း မရှိသေးသော တည်ထောင်ဆဲ သို့မဟုတ် တည်ထောင်ဖွင့်လှစ်ထားသည့် ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက် ရေးဂေဟာများအားလုံးက ခြောက်လအတွင်း လူမှုဝန်ထမ်းဦးစီးဌာနသို့ တည်ထောင်ခွင့်ပြုမိန့်များ ပြန်လည်လျှောက်ထားရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ပါသော်လည်း လတ်တလော COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလဖြစ်သဖြင့် စာရင်းကောက်ယူပြုစုနိုင်ခြင်းမရှိသေးပါ ကြောင်း၊ တည်ထောင်ခွင့်ပြုမိန့်မရှိဘဲ ပရဟိတဂေဟာ (သို့မဟုတ်) ယာယီစောင့်ရှောက်ရေးဂေဟာ တစ်ခုခုကို တည်ထောင်ဖွင့်လှစ်လျှင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က) အရ  ထိုသူကို အနည်းဆုံး ()လမှ အများဆုံး ()နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် ()သိန်းမှ အများဆုံး ကျပ်()သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင် ကြောင်းကို ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ မိမိတို့ နောက်ဆုံးအခြေအနေဖြင့် ပရဟိတဂေဟာများကို စနစ်တကျနှင့် ထူထောင်နိုင်ရန်အတွက်နှင့် ကြီးကြပ်နိုင်ရရန်အတွက်ကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေများထဲတွင် ထည့်သွင်းထားကြောင်း၊

လူမှုဝန်ထမ်းဉီးစီးဌာနသည် ပရဟိတဂေဟာများနှင့်ပတ်သက်၍လည်း သင်တန်းများဖွင့်လှစ်ပေးလျက် ရှိပါကြောင်း၊ ရန်ကုန်မြို့ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူ စာချုပ်နှင့် ဥပဒေသင်တန်း၊ သက်ငယ်မုဒိမ်း အသိပညာပေးသင်တန်း၊ မသန်စွမ်းသူများ အခွင့်အရေးများ ဆိုင်ရာသဘောတူစာချုပ်သင်တန်း၊ ကျား/မအခြေပြုအကြမ်းဖက်မှုသင်တန်းများ ကိုလည်း နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍  မေးခွန်းနှင့်စပ်လျဉ်း၍ ဂေဟာကြီးကြပ်မှုကော်မတီများက အနီးကပ်ကြီးကြပ်ကာ သက်ဆိုင်ရာ လူမှုဝန်ထမ်းများ၏ရုံးများက ပုံမှန်ကြီးကြပ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးလုပ်ငန်း များကို သက်ဆိုင်ရာ ဂေဟာကြီးကြပ်မှုကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိ မိမိတို့ နည်းဥပဒေရေးဆွဲနေစဉ်ကာလအတွင်းတွင်လည်း ဝန်ကြီးဌာနက အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်၍ လုပ်ငန်းများလျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။