Skip to main content

မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာနှင့် နန့်မန်းကျေးရွာတွင် နေ့စဉ်နှင့်အမျှ သောက်သုံးရေလုံလောက်စွာ ရရှိရန် အခက်အခဲဖြစ်နေခြင်းကြောင့် စိမ့်စမ်းရေနှင့် ပိုက်သွယ်တန်းပြီး ရေရရှိ ရန် ဆောင်ရွက် ထားရှိသော်လည်း ရေရှည်အရ မဖြစ်နိုင်ပါကြောင်း၊ နွေရာသီတွင် တောမီးကြောင့် ပိုက်များ မီးလောင်ခြင်း၊ စိမ့်စမ်းရေခန်းခြောက်ခြင်း၊ မိုးရာသီတွင် ချောင်းရေကြီးမှုကြောင့် ပိုက်များ ရေထဲ မျောပါခြင်းများကြောင့် ပိုက်များကို မည်မျှပင် ထိန်းသိမ်းသော်လည်း သဘာဝဘေး အန္တရာယ်ကို မထိန်းသိမ်းနိုင်ပါကြောင်း၊ တစ်နှစ်ထက်တစ်နှစ် အစိုးရထံဘတ်ဂျက်တင်တောင်းပြီး ပိုက်များကို ဝယ်ယူခဲ့သော်လည်း သဘာဝဘေးကြောင့် အချည်းနှီးသက်သက်ဖြစ်ကာ တိုင်းပြည် ဘဏ္ဍာငွေ များ သာ အလဟဿဖြစ်ကုန်ပါကြောင်း၊ တိုင်းပြည်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုရှိမရှိစေရန် တိကျ သည့် မူဝါဒချမှတ်ပြီး ရေရှည်ရေရရှိနိုင်ရန် ဆောင်ရွက်ပေးစေချင်ပါကြောင်း၊ ဟိုစဲ့ကျေးရွာနှင့် နန့်မန်းကျေးရွာကို ချောင်းရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဆိုပါက ရာသီမရွေး သောက်သုံးရေ ရရှိမည်ဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၁ လုံး၊ ၂၀၁၆- ၂၀၁၇ တွင် ၁ လုံး၊ ၂၀၁၇-၂၀၁၈ တွင် ၁ လုံး တည်ဆောက်ထားရှိသော်လည်း ရေကို ယနေ့ထိ အုတ်ကန်ထဲကို သွင်းယူနိုင်ခြင်း မရှိသေးပါကြောင်း၊ ရွာ၏အလယ် တောင်ပေါ်တွင် တည်ဆောက်ထားသော အုတ်ရေကန် တစ်လုံး လျှင် ဂါလန် ၅၀၀၀ ဆံ့ပြီး  အဆိုပါအုတ်ရေကန်ကို ပြန်လည်အသုံးပြုနိုင်ရန် ချောင်းရေတင် စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဆိုပါက တိုင်းပြည်ဘဏ္ဍာငွေလည်း လေလွင့်ဆုံးရှုံးမှုမရှိဘဲ ပြည်သူလူထုအတွက် လည်း အကျိုးပြုနိုင်မည့်  အုတ်ရေကန်လည်း ဖြစ်ပါကြောင်း၊  

ထို့ကြောင့် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွားနှင့် နန့်မန်းကျေးရွာ အတွက် ရာသီမရွေး သောက်သုံး ရေရရှိနိုင်အောင် ချောင်းရေတင်စနစ်ဖြင့် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး

ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံး ရေရရှိရန် ကျေးလက်ရေရရှိရေး လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ကယားပြည်နယ်၊ မယ်စဲ့ မြို့နယ်တွင် ယခု ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း မူလခွင့်ပြု ဘတ်ဂျက် ဘဏ္ဍာရန်ပုံငွေဖြင့် ကျေးရွာခြောက်ရွာ၏ ရေရရှိ‌ရေးလုပ်ငန်းခြောက်ခုကို ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာ အခြေအနေနှင့် ပတ်သက်ပြီးတင်ပြရမည်ဆိုပါက အိမ်ခြေ ၃၃၇ အိမ်၊ လူဦးရေ ၁၆၃၈ ဦးရှိပါကြောင်း၊ လွန်ခဲ့သည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ထဲ ကစပြီး စိမ့်စမ်း ရေသွယ်ရေးနှင့် လုပ်ငန်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်နှစ်ကန်၊ ရေပိုက်လိုင်း နှစ်မိုင် သွယ်ယူခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင်လည်း ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ရေပိုက်လိုင်းပေ ၁၆၉၀၀ တိုးချဲ့သွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသဦးစီး ဌာန၏ ရန်ပုံငွေဖြင့် ဟိုစဲ့ ကျေးရွာတောင်ပိုင်းရပ်ကွက်ကို ရေဖြန့်ဝေပေးနိုင်ရန် စိမ့်စမ်းရေထွက်မှ တောင်ပိုင်းရပ်ကွက် ကုန်းမြင့်ရှိရေစုကန်ကို အရှည်ပိုက် ၅၅၀၀ သွယ်တန်းခြင်းလုပ်ငန်းနှင့် ကျေးရွာရေ ရရှိရေးကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ကျေးရွာများ၏ တင်ပြချက်အရ လေးလက်မ အချင်း PVC ပိုက် ပေ ၁၀၀၀၀ သွယ်တန်းခြင်းလုပ်ငန်းကို စီမံဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊

အလားတူနန့်မန်းကျေးရွာတွင် အနေအထားအရ အိမ်ခြေ ၁၂၂ အိမ်နှင့် လူဦးရေ ၅၂၁ ဦးရှိသည်ကို သိရှိရပါကြောင်း၊ ကျေးရွာရေရရှိရန် လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် လွန်ခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရေစုကန်တစ်ကန်နှင့် ပိုက်လိုင်းတိုးချဲ့သွယ်တန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့မှု ရှိပါကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရေတားတမံတည်ဆောက်ခြင်းလုပ်ငန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဂါလံ ၃၀၀၀ ဆံ့ ရေစုကန်တစ်ကန်နှင့် ရေပိုက်လိုင်းလဲလှယ်ခြင်းလုပ်ငန်း၊ လူထု ဗဟိုပြုစီမံကိန်းရန်ပုံငွေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရေတားတမံပြုပြင်ခြင်းနှင့် ပိုက်လိုင်း ပေ ၅၈၀၀ သွယ်တန်းခြင်းလုပ်ငန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရေပိုက်လိုင်း ပေ ၈၉၂၀ သွယ်တန်းခြင်းလုပ်ငန်းနှင့် ပြည်သူ-ကျေးလက်-ယူနီဆက်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် လက် တူးတွင်းတစ်တွင်းနှင့် ဂါလံ ၂၀၀၀ ဆံ့ ရေကန် တစ်ကန်၊ ရေစင်လုပ်ငန်းများကို ဆောင်ရွက် ထားပြီး ဖြစ်ပါကြောင်း၊ နန့်မန်းကျေးရွာတွင် ချောင်းရေတင်လုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက မယ်စဲ့ ချောင်းက သွယ်တန်းနိုင်သော်လည်း အဆိုပါချောင်းသည် စိုက်ပျိုးရေအတွက် အဓိက အားထား ဆောင်ရွက်နေသည့် ချောင်း ဖြစ်ပါကြောင်း၊ အဆိုပါချောင်းကရေကို ရယူသုံးစွဲမည်ဆိုပါက စိုက်ပျိုး ရေးလုပ်ငန်းဆောင်ရွက်မှုမှ disposal ဓာတ်မြေဩဇာသုံးမှုကြောင့် ရေသန့်ရှင်းမှုမရှိသည့်အနေ အထားများနှင့် လက်ရှိသုံးစွဲနေသည့် ဟွေမလန်ချောင်းတွင်လည်း သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှု၊ ရာသီဥတု ခြောက်သွေ့လာမှုတွေကြောင့် ရေလျော့နည်းလာခြင်းနှင့်အတူနွေရာသီတွင် ရေပြတ်လပ် လာနိုင်သည့် အခြေအနေကို ကြုံတွေ့လာနိုင်သည်ကို ကွင်းဆင်းစိစစ်သုံးသပ်ချက်ရရှိပြီးဖြစ်ပါကြောင်း၊

နန့်မန်းကျေးရွာနှင့် ဟိုစဲ့ကျေးရွာတို့အနေဖြင့် လက်ရှိအိမ်ခြေ၊ လူဦးရေအရ ဆောင်ရွက်ပေးထားပြီး ဖြစ်သော ရေရရှိရေးလုပ်ငန်းများမှာ ဒေသရေလိုအပ်ချက်အပေါ် ဒေသအလိုက်ရေရှည် အသုံးပြု နိုင် ရန် ပြည်သူတွေက စနစ်တကျစီမံသုံးစွဲသွားရန်အတွက် မိမိတို့အနေဖြင့် တွန်းအားပေး စီမံ ဆောင် ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ရေမီတာတပ် ပိုက်လိုင်းများ၊ ရေပေးစနစ်များ ဆောင်ရွက်ပြီး သင့်တင့်မျှတသည့် ရေဖိုး၊ ရေခများ ကောက်ခံခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များကို ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရေထွက်ပင်ရင်းများတွင် ရေရှည် တည်တံ့ စေရန် ရေထွက်ပင်ရင်း ပတ်ဝန်းကျင်ရှိ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့်အတူ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ အားလုံးစုပေါင်းပြီး သစ်တောသစ်ပင်များ ထပ်မံစိုက်ပျိုးခြင်းနှင့် ရေဝေရေလွဲ ကောင်းအောင် ဖန်တီးတည်ဆောက်ထားခြင်းအားဖြင့် ရေရရှိရေးလုပ်ငန်းကို ယခုထက် ပိုမို တိုးတက် ရှာဖွေပြီး သန့်ရှင်းသည့် ရေများကို သုံးစွဲနိုင်မည် ဖြစ်ပါကြောင်း၊

ဟိုစဲ့ကျေးရွာနှင့် နန့်မန်းကျေးရွာများတွင် ရာသီမရွေး သောက်သုံးရေရရန် ချောင်းရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးရန်သည် အခြေအနေမပေးခြင်းကြောင့် အဆိုပါကျေးရွာများ ရေရရှိရေးကို ဒေသရေ မြေနှင့် ကိုက်ညီမှုရှိသည့် ရေရရှိရေး နည်းလမ်းများကို သုံးစွဲပြီး စီမံဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားလုပ်ငန်းများ အားလုံးစီမံ ဆောင်ရွက်ပေးပြီး ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးသန်းလင်းလင်း(မယ်စဲ့မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခုမိုးရာသီကာလတွင် ဟိုစဲ့ကျေးရွာနှင့် နန့်မန်းကျေးရွာတို့သည့် နေ့စဉ်နှင့်အမျှ ရေဘေးပြဿနာနှင့် အမြဲတမ်းကြုံတွေ့နေရပါကြောင်း၊ ပိုက်များသည် လျှိုမြောင်ကြားထဲ တောတောင်ကြားထဲများတွင် ဖြစ်သည့်အတွက် ရေဒဏ်၊ မိုးဒဏ်မခံနိုင်သည့်အပြင် နန့်မန်းကျေးရွာနှင့် ဟိုစဲ့ကျေးရွာတို့သည့် ချောင်း၏ အထက်ပေါ်တွင် တည်ရှိသည့်အတွက် ယခုကဲ့သို့မျိုးစိုက်ပျိုးရေး ကဏ္ဍများတွင် သဘာဝ ဓာတ်မြေဩဇာနှင့် ပတ်သက်၍လည်း ရှောင်လွှဲနိုင်ပါကြောင်း၊ မိမိတို့၏ အောက်ဘက်ရှိ မယ်စဲ့ မြို့နယ်၏ ရပ်ကွက်နှစ်ရပ်ကွက်သည်လည်း ချောင်းရေတင်စနစ်ကိုသာ အသုံးပြုနေခြင်း ဖြစ်ပါ ကြောင်း၊ ချောင်းရေတင်စနစ်အားဖြင့် ယခုဆိုရင် ၂၄ နာရီ ရာသီမရွေး အဆင်ပြေနိုင်သည့် လက္ခဏာရှိခြင်းကြောင့် ယခုမေးခွန်းကို တစ်ဆက်တစ်စပ်အဖြစ်မေးမြန်းရခြင်း ဖြစ်ပါကြောင်း မေးမြန်းပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

ချောင်းရေတင်လုပ်ငန်းနှင့်ပတ်သက်ပြီး ချောင်းရေပေးဝေရေးအတွက် E.F လုပ်ရာတွင် ချောင်း အတွင်း ပိုးသတ်ဆေးပါဝင်မှုနှုန်းများပါဝင်ပါကြောင်း၊ နွေရာသီ မတ်လ၊ ဧပြီလ၊ မေလတွင် ချောင်း ရေခန်းခြောက်ပါကြောင်း၊ ရေကို သောက်သုံးရေအတွက် စနစ်တကျသုံးစွဲသင့်သကဲ့သို့ ချောင်းရေနှင့် ပတ်သက်ပြီး အဓိကထားသုံးစွဲသည့် စိုက်ပျိုးရေ၊ သောက်သုံးရေ ခွဲဝေသုံးစွဲမည့် စနစ်ကျသည့် အစီအမံချမှတ်မှသာလျှင် စိုက်ပျိုးရေအတွက် အဆင်ပြေမည် ဖြစ်သကဲ့သို့ သောက်သုံးရေ အတွက် လည်း အဆင်ပြေချောမွေ့မည်ဟု သုံးသပ်ဖြေကြားလိုက်ပါကြောင်း၊ လိုအပ်သည့် နည်းပညာပိုင်း ဆိုင်ရာ အကူအညီများကို မိမိတို့ဝန်ကြီးဌာနက ပံ့ပိုးကူညီ ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။