Skip to main content

ယောဒေသ၊ ထီးလင်းမြို့နယ်၊ ဆင်စွယ်ကျေးရွာဟုဆိုလျှင် မြန်မာ့နိုင်ငံရေးသမိုင်းကို တီးမိခေါက်မိသူအတော်များများအနေဖြင့် ရင်းနှီးကြလိမ့်မည်ဟု မိမိအနေဖြင့် ယူဆမိပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဆင်စွယ်ကျေးရွာသည် ရှေးပဝေသနီကပင်တည်ရှိခဲ့သည့် ကျေးရွာ လေးတစ်ရွာဖြစ်ပြီး နိုင်ငံရေးခေတ်စနစ်အပြောင်းအလဲအမျိုးမျိုးကို ဖြတ်သန်းခဲ့ရပြီး ပြိုကွဲနေသည့် နိုင်ငံရေးအဖွဲ့အစည်းများ၏ကြားတွင် မြေစာပင်အဖြစ် ရေတိမ်နစ်ခဲ့ရသည့် နံနက်အချိန်တွင် နေဝင် ခဲ့ရသည့် ကျေးရွာလေးတစ်ရွာဖြစ်ပါကြောင်း၊ ၁၉၆၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာနေ ပြည်သူ ၇၄ ဦးမြေစာပင်ဖြစ်ခဲ့ရပြီး အိမ်ခြေ ၉၂ အိမ် ပြာအတိဖြစ်ခဲ့ရပါကြောင်း၊ ဒုက္ခသည်ပြည်သူ ၄၅၉ ဦးသည် အားကိုးရာမဲ့ကျန်ရစ်ခဲ့တာ ဖြစ်ပါကြောင်း၊ ၎င်းတို့ကို ဦးနု အစိုးရ လက်ထက်တွင် တစ်အိမ်ထောင်လျှင် ငွေကျပ် ၅၀၀ စီထောက်ပံ့‌ပေးခဲ့ပြီး ပြန်လည်ထူထောင် ခဲ့ရသည့်ကျေးရွာလေး တစ်ရွာဖြစ်ပါကြောင်း၊

ယခုဆိုလျှင် ၎င်းရွာလေးတွင် အိမ်ခြေ ၁၇၈ အိမ်၊ လူဦးရေ ၉၄၅ ဦး နေထိုင်ကြပြီး စိုက်ပျိုးရေး လုပ်ငန်းနှင့် အသက်မွေးကြသူများ ဖြစ်ပါကြောင်း၊ ထို့အပြင် ၎င်းကျေးရွာ လေးတွင် အခြေခံ ပညာအထက်တန်းကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနများလည်းရှိနေပြီး လမ်းပန်းဆက်သွယ် ရေးအနေဖြင့်လည်း အတော်လေးကောင်းမွန်နေပြီဖြစ်ပါကြောင်း၊ ထို့အပြင် ကျေးရွာ လျှပ်စစ် မီးလင်းရေးအတွက်လည်း ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အခြားအခြေခံအဆောက်အအုံများ တိုးတက်လာသော်လည်း ကျေးရွာမှအဓိကလိုအပ်နေသည့် စိုက်ပျိုးရေ၊ သောက်သုံးရေကို ဖူလုံ အောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိဘဲ နှစ်စဉ်နွေရာသီရောက်တိုင်းတွင် ရေအခက်အခဲ ကြုံတွေ့ နေရကြောင်း၊ ရေရရှိရေးနှင့် ပတ်သက်၍ ခေတ်အဆက်ဆက်တွင် ‌ဆောင်ရွက်ပေးခဲ့ ကြသော်လည်း ဖူလုံမှုမရှိဘဲဖြစ်နေပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင်လည်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အဝီစိတွင်းကို ပေ ၆၀၀ အထိ နှစ်နေရာရွှေ့ပြောင်းတူးခဲ့သော်လည်း မအောင်မြင်ခဲ့ သကဲ့သို့ ယခု ၂၀၂၀ ပြည့်နှစ်တွင်လည်း ပေ ၇၀၀ အထိတူးခဲ့သော်လည်း ရေမရရှိခဲ့ ပါကြောင်း၊ ထို့ကြောင့် သံသေချောင်းအနီးတွင်ရှိသည့် တွင်းတွင် စက်ရေတွင်းတူးဖော်မှသာလျှင် အတော် အတန်အသင့် အဆင်ပြေလာကြောင်းကို တွေ့ရှိရပါကြောင်း၊ အခြားနေရာများတွင် တွင်းတူး ၍မရ‌အောင်ဖြစ်နေပါကြောင်း၊ ထို့ကြောင့် သင့်တော်သည့် လျှောက်ရိုးများတွင် တစ်ဖက်ရပ် ဆည်တည်ဆောက်ပေးမည်ဆိုလျှင် ဆင်စွယ်ကျေးရွာအတွက် သောက်သုံးရေသာမက စိုက်ပျိုးရေပါ ဖူလုံလာမည်ဖြစ်ပါကြောင်း၊

ဆင်စွယ်ကျေးရွာ၏ အရှေ့မြောက်ဘက်တွင်ရှိသည့် ရွှေတွင်းတူးရိုးချောင်းကို အလျား(ပေ ၃၀၀ X အနံ ၂၅ ပေ X အမြင့် ၄၅ ပေ)ရှိသည့် တစ်ဖက်ရပ်ဆည်ကို ဆောက်ပေးလိုက်မည်ဆိုပါက ဆင်စွယ် ကျေးရွာတွင်ရှိသည့် ပြည်သူများအတွက် သောက်သုံးရေဖူလုံရုံမျှမက လယ်မြေဧက ၉၀ ကျော် ခန့်ကိုလည်း စိုက်ပျိုးရေပေးဝေနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထီးလင်းမြို့နယ်ရှိ ဆင်စွယ် ကျေးရွာတွင် စိုက်ပျိုးရေ၊ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် သင့်တော်သောနေရာတွင် တစ်ဖက် ရပ် ဆည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးလှကျော်

လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် တစ်ဖက်ရပ်ဆည် တည်ဆောက်ရမည့် ထီးလင်း မြို့နယ်၊ ဆင်စွယ်ကျေးရွာကို ကွင်းဆင်းစိစစ်ခဲ့ပါကြောင်း၊ အဆိုပါဒေသတွင် နိုင်ငံတော်အစီ အစဉ်ဖြင့် ပံ့ပိုးဆောင်ရွက်ပေးထားသည့် တစ်ဖက်ပိတ်ဆည်များလည်း မရှိသည်ကိုတွေ့ရပါ ကြောင်း၊ ၂၀၁၇ ခုနှစ်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နှစ်လက်မ အချင်းရေစုပ် စက်ဖြင့် သံသေချောင်းမှရေစုပ်တင်ပြီး ကျေးရွာသောက်သုံးရေပေးဝေရေးကို ဆောင်ရွက်မှုရှိခဲ့ပါ ကြောင်း၊ သံသေချောင်းသည် မိုးရွာသွန်းချိန်မှာသာ ရေစီးဆင်းမှုရှိသည့် ချောင်းတစ်ခု ဖြစ်သည့် အတွက် အဆိုပါရေရရှိရေးလုပ်ငန်းသည် အဆင်ပြေမှုမရှိခဲ့သည်ကို စိစစ်သိရှိရပါကြောင်း၊

သို့ဖြစ်သည့်အတွက် ဆင်စွယ်ကျေးရွာအနီးပတ်ဝန်းကျင်တွင် အခြားရေအရင်းအမြစ်ရရှိနိုင်မည့် အခြေအနေများကို စူးစမ်းလေ့လာခဲ့ပါကြောင်း၊ ကျေးရွာ၏မြောက်ဘက် သုံးမိုင်ခန့်အကွာတွင် ရွှေတွင်းတူးရိုးချောင်းရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့သော်လည်း အဆိုပါ ရိုးချောင်းသည် လည်း ရေဆင်းဧရိယာလွန်စွာသေးငယ်သည့်အတွက် မိုးရွာချိန်မှာသာ ရေစီးဆင်းမှုရှိ ပါကြောင်း၊ မိုးရွာသွန်းမှု မရှိသည့် အချိန်တွင် ရေစီးဆင်းမှုမရှိသည့်အလျောက် ရေဝင်ရောက်မှု နည်းပါးသည့် အခြေအနေလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် ပူပြင်းခြောက်သွေ့သည့် ဒေသဖြစ်သည့် အတွက် ရေငွေ့ပျံမှုများပြားမှုနှင့် မြေမျက်နှာအသွင်အပြင် အမျိုးအစားသည်လည်း ရေစိမ့်နှုန်းမြင့်မားမှု တို့ကြောင့် ကန်တွင်း သိုလှောင်နိုင်ရေး လေလွင့်ဆုံးရှုံးမှု များပြားနိုင်သည့် အခြေအနေဖြစ်ကြောင်း လည်း တွေ့ရကြောင်း၊

ရွှေတွင်းတူးရိုးချောင်းပေါ်တွင် တစ်ဖက်ရပ်ဆည်ကန်ဆောက်ရန်သည် ဒေသ၏ ရေမြေရာသီဥတု အခြေအနေအရ ရေဝင်ရောက်မှုနည်းပါးပြီး ရေအလေအလွင့်ဆုံးရှုံးမှုလည်း များပြားနိုင်သည့် အခြေအနေဖြစ်ပါကြောင်း၊ ထို့အပြင် တည်ဆောက်မှုကုန်ကျစရိတ်များပြားမှုရှိပြီး မိမိတို့၏ တည်ဆောက်မှုကုန်ကျစရိတ်နှင့် အညီ ပြန်လည်အကျိုးခံစားခွင့် အနေအထားသည်လည်း နည်းပါး သည့် အနေအထားမျိုးဖြစ်သည်ကို စိစစ်သုံးသပ်ရရှိပါကြောင်း၊ ထို့ကြောင့် လွှတ်တော် ကိုယ်စား လှယ်ကြီး၏ ဒေသအကျိုးအတွက်မေးမြန်းထားသည့် တစ်ဖက်ရပ် ဆည်ကန်လုပ်ငန်းသည် ဆောင်ရွက်ရန် သင့်လျော်မှုမရှိသည့် လုပ်ငန်းအခြေအနေဖြစ်ပါကြောင်း၊

သို့သော်လည်း မိမိတို့ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများအတွက် အဓိကလိုအပ်ချက်ရှိမည့် သောက်သုံးရေရရှိရေးကို မြေအောက်ရေ အရင်းအမြစ်ရှိနိုင်မည့် နေရာများကို စူးစမ်းရှာဖွေမှုဖြင့် စက်ရေတွင်းတူးဖော် ဖြည့်ဆည်းနိုင်မှုရှိ/မရှိ ကွင်းဆင်းစိစစ်ဆောင်ရွက်သွားပေးမည် ဖြစ်ပါကြောင်း၊ ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိစိစစ်ပြီး အခြေ အနေပေးသည်နှင့် လုပ်ငန်းအကောင်အထည်ဖော်နိုင်ရန်အတွက် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။