Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့တွင်ရှိသည်မြို့မဈေးသည် ၁၉၉၀ ခုနှစ်တွင် တည်ဆောက်ခဲ့ပါကြောင်း၊ ဈေးဧရိယာအကျယ်အဝန်းသည် တစ်ဧကကျော်ရှိပြီး ဈေးရုံ ၁၉ ရုံ၊ ရှစ်ပေပတ်လည်ရှိသည့် ဆိုင်ခန်းပေါင်း ၂၉၉ ခန်း၊ ဈေးခေါင်းရုံးတစ်ရုံးတို့ရှိပါကြောင်း၊ ယခုအခါ ဈေးကြီး၏သက်တမ်းသည် နှစ်ပေါင်း ၃၀ ခန့်ရှိပြီဖြစ်ပြီး ကြံ့ခိုင်မှုအားနည်းလာခြင်း၊ ရေ/မီးစနစ် များအားနည်းမှုကြောင့်မီးဘေးအန္တရာယ်စိုးရိမ်ရခြင်း၊ စနစ်တကျဖောက်လုပ်ထားသော ရေမြောင်း နှင့်ရေထွက်ပေါက်များမရှိခြင်း၊ သားငါးတန်းနှင့်ကုန်စိမ်းတန်းတို့သည် သီးခြားစီမရှိဘဲနှင့် ရောထွေးရောင်းချနေခြင်းတို့ကြောင့် သန့်ရှင်းမှုအားနည်းခြင်း၊ လေဝင်/လေထွက်ကောင်းမွန်မှု မရှိခြင်းတို့အပြင် ဈေး၏မျက်နှာစာသည်လည်း ပျံကျဈေးသည်များသည်နေ့စဉ်နှင့်အမျှ စည်းကမ်းမဲ့စွာရောင်းချလျက်ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ကော့မှူးမြို့၏မြို့မဈေးကြီးသည် လှိုင်သာယာ-ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒ၏ Highway လမ်းမကြီး၏ဘေးတွင်တည်ရှိပြီး လမ်းဘေး ပျံကျဈေးသည်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေနှင့်ယာဉ်မတော်တဆဖြစ်မှုများသည် အမြဲလိုလို ဖြစ်ပွားလျက်ရှိပါကြောင်း၊ ထိုသို့ဖြစ်စဉ်များကြောင့် ကော့မှူးမြို့တွင် ရှိသည့်မြို့မိမြို့ဖများ၊ ဈေးသူ ဈေးသားများနှင့် မြို့နေပြည်သူများက သန့်ရှင်းသပ်ရပ်သော၊ ကျန်းမာရေးနှင့်ညီညွတ်သော၊ ဘေးအန္တရာယ်ကင်းရှင်းသော၊ လုံခြံမှုရှိသောဈေးကြီးတစ်ခု တည်ဆောက်ပေးရန် လိုလားတောင့်တလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့တွင်ရှိသည့်မြို့မဈေးကြီးကို အသစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း

ကော့မှူးမြို့မဈေးသည် ပြည်တော်သာရပ်ကွက် ဒလ-ကော့မှူး-ကွမ်းခြံကုန်းလမ်းနှင့် ဝါးဘလောက်သောက်လမ်းဆုံတွင်တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ဧရိယာ ၀.၉၈၆ ဧက ကျယ်ဝန်းပါကြောင်း၊ မြို့မဈေးအတွင်း ဈေးရုံကြီး ၁၉ ရုံ၊ ဆိုင်ခန်း ၂၉၉ ခန်း တို့အား ၁၉၉၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ ခြင်းဖြစ်ပြီး နှစ်ကာလကြာမြင့်မှုနှင့် တိုးတက်လာသော လူဦးရေကြောင့် ဈေးအဆင့်မြှင့်တင်ရန် မဖြစ်မနေလိုအပ်လျက်ရှိကြောင်းတွေ့ရှိရပါကြောင်း၊

ကော့မှူးမြို့၊ မြို့မဈေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းသည် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၇-၁၂-၂၀၁၇ ရက်နေ့တွင် ကျင်းပပြု လုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄၄/၂၀၁၇) ဆုံးဖြတ်ချက် အပိုဒ် ၄၁ အရ Design and Build တင်ဒါခေါ်ယူခွင့်အား သဘောတူညီခဲ့ပြီး နိုင်ငံပိုင် သတင်းစာများတွင် ၂၆-၁၂-၂၀၁၇ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့သော်လည်း တစ်ဦးတစ်ယောက်မျှ လာရောက်ဆွဲဝယ်လုပ်ကိုင်မည့်သူမရှိခဲ့သည့်အနေအထားဖြစ်ပါကြောင်း၊ ထို့အပြင် ၅-၁၀-၂၀၁၈ ရက်နေ့တွင်လည်း၎င်းတင်ဒါသည် ဒုတိယအကြိမ်ထပ်မံခေါ်ယူခဲ့ပါသော်လည်း တင်ဒါ လာရောက်တင်သွင်းမှုမရှိခြင်းကြောင့် ကော့မှူးမြို့၊ မြို့မဈေးအသစ်ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းသည် အကောင်အထည်ဖော်နိုင်ခြင်းမရှိကြောင်း တင်ပြထားရှိပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာနသည် ကော့မှူးမြို့မဈေးအား အသစ် ပြန်လည်တည်ဆောက်ပေးရန် အကြိမ်ကြိမ်ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ လိုသူများ၏ စိတ်ပါဝင်စားမှုမရှိခြင်းကြောင့် လက်ရှိအခြေအနေတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်းနှင့် ရင်းနှီးမြှုပ်နှံလိုသူ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေး အဆိုပြုတင်ပြလာပါက ကော့မှူးမြို့မဈေးအသစ်တည်ဆောက်ခြင်း လုပ်ငန်းအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြား အပ်ပါ သည်။