Skip to main content

မိမိတို့ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ စပါးအဝယ်ဒိုင်ဝင်းမြေပေါ်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် သက်တမ်းနှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်သော အသုံးမပြုတော့သည့် စပါးဂိုဒေါင် လေးလုံးနှင့် ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်အတွင်းရှိ စပါးဂိုဒေါင်များကို ဝန်ကြီးဌာန အနေဖြင့် တာဝန်ယူဖျက်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိသိလိုပါသောကြောင့် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ မေးခွန်း၏ရည်ရွယ်ချက်က ဒိုင်ဝင်းမြေများကို ပြည်သူလူထုထံမှ ဥပဒေမဲ့သိမ်းဆည်း ရယူခဲ့သည့်အတွက် မူလပိုင်ရှင်တောင်သူလယ်သမားများကို နိုင်ငံတော်အစိုးရမှ မူဝါဒနှင့်အညီ ပြန်လည်ပေးအပ်နိုင်ရန်ဖြစ်ပါကြောင်း၊

ဒိုင်ဝင်းမြေများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက စီမံခန့်ခွဲပြီး မြေပေါ်ရှိ စပါးဂိုဒေါင်အဟောင်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော် စစ်/ထောက်ချုပ်ရုံးကို လွှဲပြောင်းအပ်နှံထားသည်ဟု သိရပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒိုင်ဝင်းမြေအချို့ကို မူလပိုင်ရှင်များထံပြန်လည်စွန့်လွှတ်သည်ဟုလည်း ကြားသိရပါကြောင်း၊ မိမိတို့ရွှေဘိုခရိုင်တွင်လည်း ဝက်လက်မြို့နယ်ရှိ လှတောဒိုင်ဝင်းမြေတစ်စိတ်တစ်ပိုင်းကို ပြန်လည်စွန့်လွှတ်ထားပြီး ဖြစ်ပါ ကြောင်း၊ သို့သော် ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့ရှိ ဒိုင်ဝင်းမြေကို ဂိုဒေါင်များရှိနေသေး၍ စွန့်လွှတ် နိုင်ခြင်းမရှိသေးသည်ကို သိရပါကြောင်း၊ မိမိတို့ ဒီပဲယင်းမြို့နယ် မြို့မစပါးဝယ်ဒိုင်မြေက အငှါးချ ထားခဲ့သောကြောင့် မူလပိုင်ရှင်က အလွယ်တကူပြန်ရသွားပြီဟုလည်း သိရှိရပါကြောင်း၊ ဒိုင်ဝင်းမြေ ပေါ်ရှိ စပါး ၁၀၀၀၀ ဆန့်ဂိုဒေါင်ကြီးကိုလည်း ကြိုကြိုတင်တင်ဖျက်သိမ်းပေးခဲ့ပါကြောင်း၊ ဒီပဲယင်း မြို့နယ် အင်ပင်ရွာစပါးဒိုင်ဝင်းမြေကိုလည်း ယခုနှစ်ထဲတွင် ၂၀၁၉ ခုနှစ်ထဲတွင် မူလပိုင်ရှင် တောင်သူလယ်သမားသုံးဦးထံကို ခွဲဝေအပ်နှံပေးနိုင်ခဲ့ပါကြောင်း၊ လမ်းစဉ်ပါတီခေတ်က စပါးရောင်း သွားသည့်အခါ လွယ်ကူမှုရရှိစေရန် မူးကမ်းကြီး ဒိုင်နယ်မြေရှိ တောင်သူလယ်သမားက ကုန်သွယ် လယ်ယာစပါးဝယ်ဒိုင်မြေကို စုပေါင်းဝယ်ပေးခဲ့ကြပါကြောင်း၊ ယခုအခါ မိဘပြည်သူများက စပါးဒိုင် ဝင်းမြေကို ပြန်လည်တောင်းခံသော်လည်း ယခုထိစွန့်လွှတ်ရန် သက်ဆိုင်ရာကဆောင်ရွက်ပေးခြင်း မရှိသေးသည်ကို တွေ့ရပါကြောင်း၊ စိုင်ပြင်မြို့ရှိ ဒိုင်ဝင်းမြေပေါ်တွင် ဂိုဒေါင်များရှိနေသေး၍ မူလပိုင်ရှင်ထံပြန်လည်အပ်နှံခြင်းမရှိသေးသော်လည်း မူးကမ်းကြီး ဒိုင်ဝင်းမြေနှင့် စိုင်ပြင်ဒိုင်ဝင်း မြေနှစ်နေရာစလုံး သက်ဆိုင်ရာက State Land အဖြစ် ကြော်ငြာထားပြီးဖြစ်သည်ဟု သိရပါ ကြောင်း၊ သိမ်းဆည်းခံထားရသော ဒိုင်ဝင်းမြေများနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနက ပြန်လည်အပ်နှံရ ကြောင်း၊ မူလပိုင်ရှင်များ ရသည့်သူရ၊ မရသည့်သူမရနှင့် မညီမမျှဖြစ်နေသည်ကို တွေ့ရပါကြောင်း၊

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၈) တွင် သမ္မတကြီး၏ သိမ်းဆည်းမြေများ နှင့်ပတ်သက်ပြီး ရှင်းလင်းတိကျသည့်လုပ်ငန်းလမ်းညွှန်မိန့်ခွန်းများအရ သိမ်းဆည်းမြေများကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏အတည်ပြုထားသော မူဝါဒလုပ်ငန်းစဉ် (၅၂) ချက်နှင့် ကြိုးပမ်းဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်က တရားနည်းလမ်းတကျဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်း တန်းတူညီမျှအခွင့်အရေး ကိုလည်း ရရှိခံစားသင့်သည်ဟု ယူဆပါကြောင်း၊

သိမ်းဆည်းခံထားရသော ဒိုင်ဝင်းမြေများကို မူလပိုင်ရှင်များပြန်လည်ရရှိစေရန် အသုံးမပြုတော့ သောဂိုဒေါင်အဟောင်းများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ညှိနှိုင်းပေါင်းစပ်ပြီး ဖျက်သိမ်းရောင်းချသင့်ပါကြောင်း၊ ရွှေဘို၊ ဝက်လက်နှင့် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရှိ စပါးဂိုဒေါင်များကို မည်သည့်အချိန်တွင် တာဝန်ယူဖျက်သိမ်းမည်ကို သိလိုကြောင်း မေးမြန်းပါသည်။


 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဌာနအတွက်အသုံးမလိုသော မြေကွက် များကို အခြားဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက အကျိုးရှိရှိအသုံးပြုနိုင်ရန် အတွက်လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ရန်အတွက်လည်းကောင်း၊ စွန့်လွှတ် ပေးလျက်ရှိသည့်အပြင် ပုဂ္ဂလိကများကအထောက်အထားခိုင်လုံစွာဖြင့် ပြန်လည်တောင်းခံလာ သည်များကိုလည်း စွန့်လွှတ်ပေးလျက်ရှိပါကြောင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ဝက်လက်နှင့် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရှိ စပါးဂိုဒေါင်များနှင့်ပတ်သက်၍ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာရှိ သိုလှောင်ရုံ ၁၀ လုံး၊ ရွှေဘိုမြို့နယ်၊ ပိတောက်ခေါင်း ကျေးရွာရှိ သိုလှောင်ရုံနှစ်လုံး၊ ရွှေဘိုမြို့နယ် (၁)ရပ်ကွက်ရှိ သိုလှောင်ရုံနှစ်လုံး၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာရှိ သိုလှောင်ရုံသုံးလုံး၊ ဝက်လက်မြို့နယ်၊ မြို့မရပ်ကွက်ရှိ သိုလှောင်ရုံလေးလုံး၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကျေးရွာရှိ သိုလှောင်ရုံငါးလုံးတို့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေး ဝန်ကြီးဌာနမှ အသုံးပြုနိုင်ရန်အတွက် ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ပါကြောင်း၊

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါသိုလှောင်ရုံများတည်ရှိသည့်မြေ များကို လုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံတော်သို့အပ်နှံခဲ့ရာ နိုင်ငံတော်ပိုင်မြေ(State Land) အဖြစ် ကြော်ငြာခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းမြေများအပေါ်ရှိ ဂိုဒေါင်များကို ကာကွယ်ရေးဝန်ကြီးဌာနမှ အသုံးပြုလျက်ရှိသည့်အတွက် ယင်းစပါးဂိုဒေါင်များဖျက်သိမ်းရေးအပေါ် ကာကွယ်ရေးဝန်ကြီးဌာန၏ သဘောထားကိုရယူခဲ့ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်း ပေးခဲ့သည့် သိုလှောင်ရုံ ၂၆ လုံးကို အမှတ်(၉၂၉)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ စနစ်တကျ လွှဲပြောင်းလက်ခံရယူခဲ့ပြီး မြေစာရင်းပုံစံ(၁၀၅/၁၀၆)ကိုလည်း ရယူထားပြီးဖြစ်ကြောင်း ပြန်ကြားခဲ့ ပါကြောင်း၊ အဆိုပါသိုလှောင်ရုံ ၂၆ လုံးအနက် သိုလှောင်ရုံ ၁၀ လုံးအား လက်ရှိတွင် တပ်မတော် ရိက္ခာဆန်စပါးသိုလှောင်ရုံအဖြစ် အသုံးပြုလျက်ရှိခြင်း၊ အခြား သိုလှောင်ရုံ ၁၃ လုံးတွင်လည်း တပ်မတော်ရိက္ခာဆန်စပါးများ၊ ကုလားပဲများ၊ တိရစ္ဆာန်ရိက္ခာစပါးများ တိုးမြှင့်ဝယ်ယူသိုလှောင်နိုင် ရေး ဆောင်ရွက်လျက်ရှိပြီး ကျန်သိုလှောင်ရုံသုံးလုံးကိုလည်းပြင်ဆင်၍ အသုံးပြုရန်ဆောင်ရွက် နေကြောင်း ပြန်ကြားခဲ့ပါကြောင်း၊

သို့ဖြစ်ပါ၍ ကာကွယ်ရေးဝန်ကြီးဌာနမှ သိုလှောင်ရုံ ၁၀ လုံးအား လက်ရှိတွင် ဆန်စပါးများ သိုလှောင် အသုံးပြုလျက်ရှိခြင်း၊ ကျန်သိုလှောင်ရုံ ၁၆ လုံးအား တပ်ရင်း/တပ်ဖွဲ့များအတွက် တပ်မတော် ရိက္ခာစပါး/ရိက္ခာဆန်၊ ကုလားပဲများ၊ တိရစ္ဆာန်ရိက္ခာစပါးများတိုးမြှင့်ဝယ်ယူသိုလှောင်ရန် ဆောင်ရွက် လျက်ရှိခြင်းကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးဝင်းမြင့်အောင် မေးမြန်းထားသည့် အတိုင်း ယင်းသိုလှောင်ရုံများကို ဖျက်သိမ်းခြင်းပြုမည်မဟုတ်ဘဲ ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏အမိန့် ကြော်ငြာစာအမှတ်(၁၆၉/၂၀၁၉)ဖြင့် နိုင်ငံတော်ပိုင် မြေ(State Land)အဖြစ် သတ်မှတ်ခဲ့သော ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စုရှိ မြေဧရိယာ ၁၅.၅၂ ဧကအနက်မှ ကာကွယ်ရေးဝန်ကြီးဌာနက အသုံးပြုနေသည့် သိုလှောင်ရုံအဆောက်အအုံ နေရာ ၇.၃၁ ဧကကိုချန်လှပ်၍ စိတ်ပိုင်းမြေ ၈.၂၁ ဧကနှင့် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကျေးရွာမှ မြေ ၇.၃၀ ဧကအနက်မှ သိုလှောင်ရုံအဆောက်အဦ မြေ ၃.၉၁ ဧကကိုချန်လှပ်၍ စိတ်ပိုင်းမြေ ၃.၃၉ ဧကစုစုပေါင်းမြေ ၁၁.၆ ဧကအား နိုင်ငံတော်ပိုင်မြေအဖြစ် ကော်လိတ္တော်အရာရှိထံလွှဲပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာမှ မြေ ၄.၈၉ ဧကပေါ်ရှိ အဆောက်အအုံနှင့် ကင်းလွတ်မြေကိုလည်း ကော်လိတ္တော်အရာရှိထံ လွှဲပြောင်း ပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။