Skip to main content

၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု မည်မျှ တိုးတက်လာသည်ကို သိရှိလိုခြင်းနှင့် အနာဂတ် ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက် များအား သိရှိလိုသည့်အတွက် မေးခွန်းမေးမြန်းသွားမည် ဖြစ်ပါကြောင်း၊

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်သည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ဈေးကွက် စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၄၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ အမှတ်(၃၅/၂၀၁၇)ဖြင့် ၂၀၁၇ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် လည်းကောင်း၊ ဥပဒေအရ ဆက်လက် ထုတ်ပြန်ပေးရမည့် အမိန့်ကြော်ငြာစာများ ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှုဇုန် အမျိုးအစား သတ်မှတ်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှ အတည်ပြုမိန့် ထုတ်ပေးနိုင်သည့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများအတွက် မတည်ငွေရင်း ပမာဏ သတ်မှတ်ခြင်း၊ ဦးစားပေး မြှင့်တင်မည့် ရင်းနှီး မြှုပ်နှံမှု ကဏ္ဍ သတ်မှတ်ခြင်း၊ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ သတ်မှတ်ခြင်း၊ ပြည်တွင်းရှိ ပြည်ပတင်ပို့သည့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများသို့ ပြည်တွင်းစက်ရုံများမှ ထွက်ကုန်များ ပေးသွင်းခြင်းကို ရာခိုင်နှုန်းဖြင့် တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြင့် သတ်မှတ်ခြင်း စသည့် ကိစ္စရပ်များအပေါ် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ထားပါကြောင်း၊

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ အမိန့်ကြော်ငြာစာ အမှတ် (၄၅/၂၀၁၉)တို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ပြန်ထားသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေးအတွက် အဓိကကျသည့် ဥပဒေများဖြစ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ပြဋ္ဌာန်းခြင်း၊ သက်ဆိုင်ရာဥပဒေတို့ကို ခေတ်စနစ်နှင့် လိုက်လျောညီထွေစွာ ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုကို ပိုမို အာရုံစိုက် လုပ်ဆောင်လာနိုင်စေရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်း ဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပိုမိုလွယ်ကူစေခြင်း၊ အခွန်များ လျော့ပေါ့စေခြင်း၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း (၂၀၁၆-၂၀၁၇ မှ ၂၀၃၅-၂၀၃၆)ကို ကြေညာခြင်း၊ အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင်စနစ်ကို စတင်တည်ထောင်၍ ကုမ္ပဏီ မှတ်ပုံတင်ဆိုင်ရာ ကိစ္စရပ်များကို ပိုမိုလွယ်ကူ မြန်ဆန်စေရန် ဆောင်ရွက်ပေးခြင်းနှင့် အခြားသော ဖြေလျှော့မှုများကို စီမံဆောင်ရွက်ပေးထားသည်ကို တွေ့ရပါကြောင်း၊

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အထူးအရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းများကို လေ့လာပါက စီးပွားရေး လုပ်ကိုင်ရ လွယ်ကူမှုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏများ၏ အရေးပါမှုကို ထင်ရှားစွာ တွေ့မြင်နိုင်ပါကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သာမက ဖွံ့ဖြိုးပြီး နိုင်ငံများ၌လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်လာစေရန် နည်းမျိုးစုံသုံး၍ ဆွဲဆောင်လေ့ ရှိကြပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လာသည်နှင့်အညီ နိုင်ငံအတွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာခြင်း၊ ကျွမ်းကျင်လုပ်သားများ များပြားလာခြင်း၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ သွင်းကုန်အစားထိုး ပြည်ပပို့ကုန်များ တိုးတက်များပြားလာခြင်းနှင့် နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှု တည်ငြိမ်ချောမွေ့စေခြင်းစသည့်ကောင်းကျိုးများကိုပါ ဖြစ်ပေါ်လာနိုင်သည့်အတွက်  ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု မည်မျှတိုးတက်လာသည်နှင့် အနာဂတ် ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်များအား သိလိုကြောင်းမေးမြန်းပါသည်။


 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုများ နှစ်စဉ်ဖွံ့ဖြိုးတိုးတက်လာစေ‌ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ဒီဇင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၇၉၉ ခု ရင်းနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်း အမေရိကန် ဒေါ်လာ ၁၉.၄၅၅ ဘီလီယံအား စိစစ်ခွင့်ပြုပေးခဲ့ပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၄၇၃ ခု ရင်းနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်း ကျပ် ၈,၉၁၄.၁၉၁ ဘီလီယံ စိစစ်ခွင့်ပြုပေးခဲ့ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှု အခြေအနေနှင့် စပ်လျဉ်းပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း ၁၃၈ ခု အမေရိကန်ဒေါ်လာ ၆.၆၅၀ ဘီလီယံ စိစစ်ခွင့်ပြုနိုင်ခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း ၂၂၂ ခု အမေရိကန် ဒေါ်လာ ၅.၇၁၈ ဘီလီယံ ခွင့်ပြုပေးခဲ့ပါကြောင်း ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ ကာလ အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၈၅ ခု အမေရိကန် ဒေါ်လာ ၁.၇၆၅ ဘီလီယံအထိ ခွင့်ပြုနိုင်ခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၈၂ ခု အမေရိကန် ဒေါ်လာ ၄.၁၅၈ ဘီလီယံခွင့် ပြုပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလ ကာလအတွင်း လုပ်ငန်း ၇၂ ခု အမေရိကန်ဒေါ်လာ ၁.၁၆၄ ဘီလီယံ ခွင့်ပြုနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၌ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၅၂ တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၁၆၀၄.၄၆၀ ဘီလီယံ စိစစ်ခွင့်ပြုနိုင်ခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၁၉ ခုကို ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၃,၉၇၈.၀၉၇ ဘီလီယံ ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ ကာလ အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀၅ ခုတွင် ကျပ် ၉၉၅.၄၀၂ ဘီလီယံ ခွင့်ပြုနိုင်ခဲ့ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၆၉ ခု ကျပ် ၁,၆၉၁.၃၃၂ ဘီလီယံ ခွင့်ပြု ပေးခဲ့ပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလ ကာလ အတွင်း လုပ်ငန်း ၂၈ ခုတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၆၄၄.၉၀၀ ဘီလီယံ ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံအလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီးဝင်မှု အခြေအနေနှင့်စပ်လျဉ်းပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ဒီဇင်ဘာလအထိ နိုင်ငံပေါင်း ၃၅ နိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုများ စီးဝင်လာသည့်အနက် စင်ကာပူနိုင်ငံသည် အမေရိကန်ဒေါ်လာ ၉.၂၈၅ ဘီလီယံဖြင့် ရင်းနှီး မြှုပ်နှံမှုပမာဏ အများဆုံး ဖြစ်ခဲ့ပြီး ဒုတိယ အများဆုံးဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂.၈၇၄ ဘီလီယံနှင့် တတိယအများဆုံးသည် ဟောင်ကောင်မှ အမေရိကန်ဒေါ်လာ ၁.၈၁၅ ဘီလီယံတို့ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏများ ဝင်ရောက်လာနိုင်ခဲ့ပါကြောင်း၊

အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှု အခြေအနေနှင့်စပ်လျဉ်းပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် အလုပ်အကိုင် ဖန်တီးပေးနိုင်မှု အခြေအနေအရ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဧပြီလ မှ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ဒီဇင်ဘာလအထိ ပြည်တွင်း လုပ်သားဦးရေ ၄၆၄,၀၅၉ ဦး၊ ပြည်ပ လုပ်သား ဦးရေ ၁၃,၇၃၄ ဦး စုစုပေါင်း ၄၇၇,၇၉၃ ဦးကို အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး ဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ အလုပ်အကိုင် ဖန်တီးပေး နိုင်မှု အခြေအနေသည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဧပြီလ မှ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ဒီဇင်ဘာလအထိ ပြည်တွင်း လုပ်သားဦးရေ ၆၅,၇၀၅ ဦးနှင့် ပြည်ပ လုပ်သားဦးရေ ၁,၂၆၉ ဦး စုစုပေါင်း ၆၆,၉၇၄ ဦးကို အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး ဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးမှ တင်ပြချက် အားလုံးကို စိစစ်ခွင့်ပြုပေးခဲ့ရာတွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ငါးသန်းနှင့် ကျပ်သန်း ၆,၀၀၀ အထိ လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက အတည်ပြုမိန့် ထုတ်ပြန်နိုင်ရေးအတွက် လုပ်ပိုင်ခွင့်များ ခွဲဝေသတ်မှတ် ပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အထူးသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုသိရှိနိုင်ကြပြီး ဒေသထွက်ကုန်များကို အားပေးမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မိမိတို့ဝန်ကြီးဌာနက တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ၊ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်များနှင့်ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှု ပြပွဲ (Investment Firm) များကို ကျင်းပပေးလျက် ရှိပါကြောင်း၊ ဝန်ကြီးဌာန စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ယနေ့အထိ ကာလအတွင်း ကိုးကြိမ်တိတိ ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)သည် ပို့ကုန်တိုးမြှင့်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ပြီး လုပ်ငန်းများအဖြစ် သတ်မှတ်ပြီး အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များကို ခံစားခွင့်ပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုလည်း ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပ‌ဒေ ပုဒ်မ ၂၄ ပုဒ်မခွဲ(ဆ)အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက်ဖြစ်ပေါ်မှု အခြေအနေများ၊ ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးမှုများ တစ်နှစ်တာအတွင်း ထုတ်ပြန်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကြေညာချက်များ၊ အမိန့်ကြော်ငြာစာများ၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆောင်ရွက်ခဲ့မှုများစသည်တို့ ပါဝင်သည့် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ နှစ်စဉ်အစီရင်ခံ တင်ပြလျက် ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်ပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည့် လုပ်ငန်းများနှင့် အရည်အသွေးပြည့်ဝပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖြစ်စေရေးအတွက် စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။