Skip to main content

 

၂၂ မိုင် ၆ ဖာလုံရှည်လျားသည့် ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းဆောင်ရွက်ခဲ့ရာ ၎င်းလမ်းမ အရှည်ကို တစ်ကြောင်းထိုးမြေသားလမ်းအဖြစ် ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ နှစ်အလိုက်ဆောင်ရွက်ချက်များကို မေးခွန်းမေးသည့်အခါ ဖော်ပြထားပြီး ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ၁၈ ပေအကျယ်ရှိသော ကွန်ကရစ်လမ်း ၇  မိုင်ကို ပြီးစီးအောင်ဆောင်ရွက်နေပါကြောင်း၊ ကွန်ကရစ်လမ်းဆက်လက် ဆောင်ရွက်ရန် ၁၅ မိုင် ၆ ဖာလုံကျန်ရှိနေပါသေးကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၎င်းလမ်း အတွက်ဘဏ္ဍာငွေ လုံးဝထည့်သွင်းခွင့်မရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊

တချို့လမ်းပိုင်းနေရာများတွင် လမ်းများပျက်စီးနေသည့်အတွက် ပွင့်လင်းရာသီတွင်သာမက  မိုးရာသီမှာပါ သွားလာရေးအခက်အခဲများစွာနှင့် ကြုံတွေ့နေကြရပါကြောင်း၊ အထူးသဖြင့် မိုးရာသီ တွင် ကားများရပ်နားထားရသည့်အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါကြောင်း၊ မိုးရွာလျှင် ခင်းထားသည့်ကျောက်များ မိုးရေနဲ့အတူ မျောပါသွားပြီး မြေမှုန့်ကဲ့သို့ဖြစ်သွားကာ မိုးစဲပါကလည်း မြေသားလမ်းအဖြစ် ကျန်ရှိနေကြသည်ကို တွေ့ကြရမည်ဖြစ်ပါကြောင်း၊ ယခုလောလောဆယ်တွင် တချို့လမ်းပိုင်းနေရာများတွင် ကျောက်ခင်းလျက်ရှိပါကြောင်း၊ မြေသားလမ်းမှ ကျောက်ခင်းလမ်း၊ ကျောက်ခင်းလမ်းမှ ကွန်ကရစ်လမ်းအဖြစ် ဝန်ကြီးဌာနမှ အဆင့်မြှင့်ပြုလုပ်ရာတွင် ကြားကာလတွင် အချိန်ကြာမြင့်သွားပါက ကျောက်ခင်းလမ်းများပိုမိုပျက်စီးသွားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများလည်း အကျိုးမရှိဖြစ်သွားတတ်ပါကြောင်း၊ အစိုးရဝန်ထမ်းများနှင့် နယ်သူ နယ်သားများက နေ့စဉ်နေ့တိုင်း  အချိန်မရွေးလူမှုစီးပွားဘဝအတွက် အဆိုပါလမ်းကိုသာ အသုံးပြု သွားလာနေကြရပါကြောင်း၊ ၂၂ မိုင် သာရှိသောလမ်းကို နှစ်နာရီခန့်သွားလာနေရခြင်းက နီးလျက်ဝေးနေသည့်ခရီးစဉ်တစ်ခုဖြစ်သည့်အတွက် ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းပိုင်းတွင် ကွန်ကရစ်လမ်းခင်းရန် ကျန်ရှိနေသေးသည့် ၁၅ မိုင် ၆ ဖာလုံ ကို ၂၀၁၉-၂၀၂၀ ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း

ရခိုင်ပြည်နယ်အတွင်းရှိ ပုဏ္ဏားကျွန်း- ရသေ့တောင်လမ်းသည် အရှည် ၂၂ မိုင် ၆  ဖာလုံရှိပြီး ယခုချိန်တွင် ကွန်ကရစ်လမ်း ၇ မိုင် ခင်းထားပြီး ၁၅ မိုင် ၆ ဖာလုံကို ကွန်ကရစ်လမ်းခင်းရန် ကျန်ရှိပါကြောင်း၊ အဆိုပါ ၁၅ မိုင် ၆ ဖာလုံ ကျန်ရှိသည့်အနက် ၆ ဖာလုံကို ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ဖြည့်စွက်ရန်ပုံငွေတွင် ၅၀၆ သန်း  တင်ပြထားပါကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသော ၁၅ မိုင် လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေတို့တွင် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။