Skip to main content

 

(ဆ)-ဆီဆိုင်မြို့နယ်၊ အနောက်မြောက်ခြမ်း တောင်ကြီးမြို့နယ်နှင့် ဆက်စပ်ဒေသဖြစ်သော ဆိုက်ခေါင်-နောင်ဆံဗတ်-နောင်ကဖား-ပုံးလောင်း-နောင်လုံ(မြောက်) ကျေးလက်လမ်းအား မြေသားလမ်း သဲဗြုန်းခင်းခြင်း သို့မဟုတ် ကျောက်ချောလမ်းအဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဆီဆိုင်မြို့နယ် မြို့ပေါ်ခြောက်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ ကျေးရွာပေါင်း ၃၂၀ဖြင့် ဖွဲ့စည်းထားပြီး ပအိုဝ်း၊ ရှမ်း၊ ဗမာ၊ လီဆူ၊ ကယားနှင့် အခြားလူမျိုးများ လူဦးရေ ၁၅၀၀၀၀ ခန့်နေထိုင်သည့် မြို့နယ် တစ်ခုဖြစ်ပါကြောင်း၊  ပါလောပါကယ်ကျေးရွာအုပ်စုသည် ကျေးရွာပေါင်း ၅၀ ဖြင့် ဖွဲ့စည်းထားရှိပြီး လူဦးရေ ၂၄၀၀၀ ခန့်နေထိုင်နေသော ကြီးမားသည့် ကျေးရွာအုပ်စု တစ်ခုဖြစ်ပါကြောင်းနှင့် တောင်ငူ- လွိုင်ကော်-ဟိုပုန်းပြည်ထောင်စုလမ်းမကြီးမှ တောင်မြောက် အလိုက် ဖြတ်သန်းထားသည့် မြေပြန့်ဒေသဖြစ်ပြီး အနောက်ဘက်ခြမ်းတွင် တောင်ကြီးမြို့နယ်နှင့် နန့်တဘက်ချောင်းက ပိုင်းခြားထားပြီး မြေနိမ့်ပိုင်းဒေသဖြစ်ပါကြောင်း၊

ဆိုက်ခေါင်ကျေးရွာကြီးမှ နောင်ဆန်ဗတ်-နောင်ကဖား-ပုံးလောင်း-နောင်လုံ(မြောက်)ကနေ ဗန်းရင်-လွယ်ဆောင်ကတ္တရာလမ်းသို့ ချိတ်ဆက်ထားသော ကျေးလက်လမ်းသည် အရှည် ၈.၄ မိုင်ရှိပါ ကြောင်း၊ နန့်တဘက်ချောင်းတစ်လျှောက်နှင့် နီးစပ်စွာတည်ရှိပြီး စိုက်ပျိုးမြေကောင်းမွန်၍ စိုက်ပျိုး သီးနှံများထွက်ကုန်များပြားသည့်ဒေသဖြစ်သည့်အပြင် သမိုင်းဝင်မွေတော်ကက္ကူဘုရားနှင့် နီးကပ်စွာ တစ်ဆက်တစ်စပ်ရှိသော ဒေသလည်းဖြစ်ပါကြောင်း၊ မိုးတွင်းအခါတွင် သွားလာရ ခက်ခဲသည့်ဒေသ ဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် ၂၀၀၀ ပြည့်နှစ်ပတ်ဝန်းကျင်တွင် တောင်ကြီးမြို့သို့သွားလာရာ၌ ခရီးမိုင်တိုင်တိုခြင်းကြောင့် အဓိကအားထားသွားလာခဲ့သည့် လမ်းဖြစ်ခဲ့ပြီး ထိုစဉ်အခါက ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၊ အထူးဒေသ(၆)ငြိမ်းချမ်းရေးအဖွဲ့(PNA)၊ ယခုအခါ အသွင်ပြောင်း ပြည်သူ့စစ် အစီအစဉ်ဖြင့် ဒေသခံလုပ်ငန်းရှင်များ၊ ကားပိုင်ရှင်များ ပူးပေါင်းပြီး ကျောက်လမ်းခင်းခဲ့ပါကြောင်း သို့သော် နှစ်ကြာလာသည်နှင့်အမျှ ချိုင့်ခွက်ကြီးများဖြစ်ပေါ်ပြီး သွားလာမှုခက်ခဲနေပါကြောင်း၊ ၎င်းကျေးလက်လမ်းကို စံကိုက်မြေသားသဲဗြုန်းခင်းခြင်းနှင့် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့် တင်ပေးပါက အခြေချနေထိုင်သော ဒေသခံပြည်သူ ၂၀၀၀ ခန့်အား အကျိုးပြုမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆီဆိုင်မြို့နယ်၊ အနောက်မြောက်ဘက်ခြမ်း တောင်ကြီးမြို့နယ်နှင့် ဆက်စပ်ဒေသ ဖြစ်သည့် ဆိုက်ခေါင်-နောင်ဆံဗတ်-နောင်ကဖား-ပုံးလောင်း-နောင်လုံ(မြောက်) ကျေးလက်လမ်းအား မြေသားလမ်း သဲဗြုန်းခင်းခြင်း သို့မဟုတ် ကျောက်ချောလမ်းအဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့် တင်ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ဆောင်ရွက်‌ပေးမည့်အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဒေါက်တာကျော်လင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စုရှိ ဆိုက်ခေါင်-နောင်ဆံဗတ်-နောင်ကဖား-ပုံးလောင်း-နောင်လုံ(မြောက်) ကျေးရွာချင်း ဆက်လမ်း အရှည်ခုနစ်မိုင်သည် လမ်းအဆင့် သတ်မှတ်ချက် Class(A)ဦးစားပေး အဆင့်(၂)လမ်း တွင် ပါဝင်ပြီး ကျေးရွာလေးရွာ၊ အိမ်ခြေ ၂၉၀၊ လူဦးရေပေါင်း ၁၃၀၀ ကျော်ကို အကျိုးပြုသော လမ်းဖြစ်ပါသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်း လျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အဆင့်မြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။