Skip to main content

 

(စ)-ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်များ နွေစပါး စိုက်ပျိုးရေးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မိုင်(၃၀) စိမ်းလန်းစိုပြည်ရေး စီမံကိန်းအတွက် ရေကို အချိန်အခါမီ လုံလောက်စွာ သိုလှောင်ထိန်းသိမ်း ဖြန့်ဝေပေးနိုင်ရန်အတွက် စစ်ပင်ဆိပ်ချောင်းတွင် ရေတံခါးတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်‌မေးခွန်း

ပဲခူး တိုင်းဒေသကြီး အရှေ့ခြမ်း၊ ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်များ နွေစပါးစိုက်ပျိုးရေးနှင့် ရန်ကုန် တိုင်းဒေသကြီး စိမ်းလန်းစိုပြည်ရေး စီမံကိန်းအတွက် ရေကို အချိန်အခါမီ လုံလောက်စွာ သိုလှောင် ထိန်းသိမ်း ဖြန့်ဝေပေးနိုင်ရန် စစ်ပင်ဆိပ်ချောင်းတွင် ရေတံခါးတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းလိုခြင်း ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ပဲခူး မြို့နယ်၊ ဝေါမြို့နယ်နှင့် ကဝမြို့နယ်များရှိ ရေနက်ကွင်းများတွင် ရေကျနောက်ကျစပါးနှင့် နွေစပါးစိုက်ဧက ၇၀၀၀၀ ခန့်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်နှင့် သုံးခွဲမြို့နယ်တို့တွင် ဧက ၆၀၀၀ ခန့်ရှိသည်ဟု သိရပါကြောင်း၊ ၎င်းနွေစပါး စိုက်ပျိုးရေးအတွက် ဇောင်းတူ၊ ကိုဒူတွဲ၊ ရွှေလောင်း၊ စလူနှင့် ဝါးကဒုတ်စသည့် ရေလှောင်တမံများမှ ဆည်ရေများကို ဇောင်းတူရေသွယ်မြောင်းမှ တစ်ဆင့် မိုးယွန်းကြီးကန်မှာ သိုလှောင်ပြီး ပြန်လည်ဖြန့်ဝေရခြင်း ဖြစ်ပါကြောင်း၊ မိုးယွန်းကြီး ကန်ကို ရေဖြည့်ရန် စစ်ပင်ဆိပ်ချောင်းနှင့် ပဲခူးမြစ်ဆုံရာတွင် နှစ်စဉ် မြေသားတမံ ပိတ်ဆို့ ဆောင်ရွက်ရခြင်းသည် လက်ရှိတွင် နှစ်ပေါင်း ၂၀ ခန့် ရှိပြီ ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ တမံပိတ်ရန်အတွက် လက်ရှိတွင် မြေသားရှားပါးပြီး မြေသားပတ်ဝန်းကျင် ပျက်စီးနေသည့် အတွက်ကြောင့် အခိုင်အမာ ရေတံခါးတစ်ခု တည်ဆောက်ရန် လိုအပ်နေခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် တမံပိတ်ရာတွင် မြစ်ရေ အခြေအနေအရ နှစ်စဉ် ဒီဇင်ဘာလရောက်မှသာ ဆောင်ရွက်နိုင်သည့် အတွက် မိုးယွန်းကြီးကန်ကို ရေကူဖြည့်ရာတွင် နောက်ကျပြီး ပြန်လည် ပေးဝေရာတွင် အချိန် နောက်ကျရသည့်အတွက် ရေမလုံမလောက် ဖြစ်ကြရပါကြောင်း၊ ယခုနှစ်တွင် မုတ်သုံဆုတ်ခြင်း စောပြီး မိုးနှောင်း မကောင်းသည့်အတွက် မိုးယွန်းကြီးကန်ရေ ကူဖြည့်ရာတွင် လိုအပ်သည့်  ရေမှတ် မပြည့်ဘဲ စိုက်ပျိုးရေဖြန့်ဝေရာတွင် ရေမလုံမလောက် ဖြစ်ကြပြီး နှစ်စဉ်အောင်မြင် ဖြစ်ထွန်းခဲ့သည့် နွေစပါးစိုက်ဧကများစွာ ပျက်စီးဆုံးရှုံးခြင်းနှင့် ရင်ဆိုင်နေရပါကြောင်း၊

အထက်ဖော်ပြပါ အကြောင်းများကြောင့် စစ်ပင်ဆိပ်ရေတံခါး တည်ဆောက်ရန် လိုအပ်သည့် အပြင် မိုးယွန်းကြီးကန်ပေါင် ကျောက်စီနံရံ ရေပိုလွှဲနှင့် ဆက်စပ်သည့် ရေတံခါးများ၊ တာပေါင်များ ရေဝင်၊ ရေထွက်ချောင်းများ ကိုပါ လိုအပ်သလို ပြုပြင်ထိန်းသိမ်းပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ နွေစပါးစိုက်ဧကများ ဖြစ်ကြောင်း၊ မြေပြင်တွင် ချောင်းပိတ်ရာတွင် ခဲရာခဲဆစ် လုပ်နေရခြင်း ဖြစ်ပါကြောင်း၊ တမံပိတ်တာ မြေသားရှားပါးလာခြင်းနှင့် တမံပိတ်သည့် အချိန်တွင် နှစ်စဉ် ဒီဇင်ဘာရောက်မှ နောက်ကျပြီး ပိတ်သည့်အတွက်     ရေမလုံလောက်သည်ကို ဖော်ပြလိုခြင်း ဖြစ်ပါကြောင်း၊ အောင်မြင်ဖြစ်ထွန်းသည့် နွေစပါးစိုက်ခင်းများတွင် တစ်ဧကကို စပါးတင်း ၁၅၀ ကနေ ၁၆၀ လောက်ထိ ထွက်ပါကြောင်း၊ ယခုနှစ် တောင်သူလယ်သမားများ တင်ပြချက်အရ မြင်ရသည့် မြင်ကွင်းများတွင် နွေစပါးစိုက်ဧကများ ပျက်စီးနေကြောင်း၊

တင်ပြခဲ့သည့် စိမံကိန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက မိုးယွန်းကြီးကန်ကို မိုးရာသီကုန်သည်နှင့် တစ်ပြိုင်တည်း ရေကူဖြည့်နိုင်ပြီး ပဲခူတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးရှိ သနပ်ပင်မြို့နယ်၊ ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ ကဝမြို့နယ်၊ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်များရှိ နွေစပါးစိုက်ဧက ၇၀၀၀၀ ကျော်တို့အတွက် စိုက်ပျိုးရေလုံလောက်မည် ဖြစ်ပါကြောင်း၊  ထို့ပြင် ရေကျနောက်စိုက်နှင့် နောက်ထပ် နွေစပါးစိုက်ဧကများလည်း ထပ်မံတိုးချဲ့ စိုက်ပျိုးနိုင်မည် ဖြစ်ပြီး တောင်သူလယ်သမားများနှင့် ဆက်စပ်သူများကို လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာစေမည် ဖြစ်သည့်အပြင် မိုးယွန်းကြီးကန် ရေတိမ်ဒေသအတွက်လည်း စိုက်ပျိုးရေ ပေးဝေရမှုကြောင့် ကန်ရေလျော့နည်းသည့် ပြဿနာကိုတစ်ပါတည်း ပြေလည်စေမည် ဖြစ်သည့်အတွက် ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်များ နွေစပါး စိုက်ပျိုးရေးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မိုင်(၃၀) စိမ်းလန်းစိုပြည်ရေး စီမံကိန်းအတွက် ရေကို အချိန်အခါမီ လုံလောက်စွာ သိုလှောင်ထိန်းသိမ်း ဖြန့်ဝေပေးနိုင်ရန်အတွက် စစ်ပင်ဆိပ်ချောင်းတွင် ရေတံခါးတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

ခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်တွင် ဖြတ်သန်း ဖောက်လုပ်ထားသည့် ယခင်လက်ထက် တည်ဆောက်ခဲ့သည့် ပဲခူး-စစ်တောင်း တူးမြောင်းမှ အဆိုပါ မြို့နယ်များရှိ နွေစပါးစိုက်ခင်းများကို စိုက်ပျိုးရေပေးဝေလျက် ရှိပါကြောင်း၊ ထို့ပြင် ရန်ကုန် မြို့တော် မိုင်(၃၀) စိမ်းလန်းစိုပြေရန် စီမံထားသည့် မြောင်းမကြီးကို ရေသွင်းပြီး ခရမ်းမြို့နယ်၊ သံလျင် မြို့နယ်များအထိ စိုက်ပျိုးရေးပေးဝေနိုင်စေရန် စီမံဆောင်ရွက်လျက်ကြောင်း၊ လက်ရှိအခြေအနေ တွင် နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် ဇောင်းတူ၊ ကိုဒူတွဲ၊ စလူ၊ ရွှေလောင်းစသည့် ဒေသအတွင်းရှိ ရေလှောင်တမံငယ်များ၏ သိုလှောင်ထားသည့် ရေများကို ဇောင်းတူ ရေလွှဲဆည် မှတစ်ဆင့် မိုးယွန်းကြီးကန်ကို အဓိက ရေကူဖြည့်တင်းပေးပါကြောင်း၊ ထို့မှတစ်ဆင့် ပဲခူး-စစ်တောင်း တူးမြောင်းသို့ ရေချပေးပြီး စိုက်ပျိုးရေး လိုအပ်ချက်ကို တိုင်းဒေသကြီးနှစ်ခုအတွက် စီမံ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နွေရာသီကာလတွင် အဆိုပါ အစီအမံနှင့် ရေလိုအပ်ချက်များ ဖြည့်ဆည်းလုပ်ကိုင်ပေးရာတွင် ပေးဝေသည့် ဆည်ရေကို ထိန်းသိမ်းနိုင်စေရန်အတွက် ဇောင်းတူ ရေလွှဲဆည်၏ အထက်ဘက် တစ်မိုင်ခန့်အကွာတွင်ရှိသည့် ပဲခူးမြစ်နှင့် စစ်ပင်ဆိပ်ချောင်း နေရာတွင် အလျား ၅၈၅ ပေနှင့် အမြင့် ပေ ၅၀ ရှိသည့် မြေသားချောင်းပိတ် တမံတစ်ခုကို နှစ်စဉ် ဆောင်ရွက်ခဲ့ရပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခဲ့မှုသည် နှစ်ပေါင်း ၂၀ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊

ယခု အခြေအနေတွင် မြေသားချောင်းပိတ် တမံအတွက် မြေ ရယူရန် ရှားပါး ခက်ခဲလာသည့် အခြေအနေ ဖြစ်ပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင် အခြေအနေများ ထိခိုက်ပျက်စီးလာနိုင်မှုများ ရှိသည့်အပြင် ကုန်ကျစရိတ်များသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာမှု ရှိနေပါကြောင်း၊ ထို့ပြင် မြေသားတမံ ပိတ်ရာတွင် ပဲခူးမြစ် ရေစီးရေလာ အခြေအနေအရ ဒီဇင်ဘာလရောက်မှသာ လုပ်ငန်းဆောင်ရွက်နိုင်သည့် အတွက် မိုးယွန်းကြီးကန်ကို ရေကူဖြည့်တင်း ပေးနိုင်ရန် နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့လာရပါကြောင်း၊ တစ်ဆက်တည်းတွင် စိုက်ပျိုးရေ ပေးဝေချိန် နောက်ကျခြင်းနှင့်အတူ စိုက်ပျိုးသီးနှံများ အောင်မြင် ဖြစ်ထွန်းရေးအတွက် အခက်အခဲများ ရှိလာပါကြောင်း၊ ထို့ကြောင့် စစ်ပင်ဆိပ် ရေထိန်းတံခါးကို အခိုင်အမာ တည်ဆောက်ပေးနိုင်ရန် လိုအပ်လာသည့် အနေအထားဖြစ်ကြောင်း၊ အဆိုပါ ရေထိန်းတံခါး တည်ဆောက်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏဟာ ကြီးမားပြီး ကုန်ကျရမည့် ကုန်ကျစရိတ်သည် များပြားမည် ဖြစ်ပါကြောင်း၊ စစ်ပင်ဆိပ် ရေထိန်းတံခါး တည်ဆောက်နိုင်ရန် အတွက်  တိုင်းဒေသကြီး အစိုးရအဖွဲ့က ကနဦး စီမံကိန်း အဆိုပြုလွှာ ပြုစုဆောင်ရွက်ပါကြောင်း၊ ယခု အဆိုပါ စီမံကိန်း အဆိုပြုလွှာကိုလည်း ပြုစုပြီး ဖြစ်ပါကြောင်း၊ ၎င်းစီမံကိန်း အဆိုပြုလွှာကို နိုင်ငံတော်၏ Project Bank တွင် ထည့်သွင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက် တင်ပြထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်း စီမံကိန်းကြီးအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၁၅ ဘီလီယံခန့် ဖြစ်ပါကြောင်း၊ ယခု ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီး ရန်ပုံငွေတွင် ကျပ် ၃ ဘီလီယံခန့် ထည့်သွင်း လျာထားပြီး စီမံကိန်းကာလကို သုံးနှစ်လျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေ ခွဲဝေရခြင်းနှင့်အညီ ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ လုပ်ငန်းများ အကောင်အထည်ဖော်စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ် ရှင်းလင်းဖြေကြားပါသည်။