Skip to main content

ဘုတ်ပြင်းမြို့နယ်၊ အလယ်မာန်ကျေးရွာအုပ်စု၊ အလယ်မာန်ရွာဟောင်းကျေးရွာသည် ယခင် ပြည်ထဲရေးဝန်ကြီးဌာနအမည်ပေါက်ကျေးရွာဖြစ်ခဲ့ပြီး ခေတ်အဆက်ဆက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ ရုံးစိုက်ရာ  ကျေးရွာ အုပ်စုကျေးရွာကြီး တစ်ရွာဖြစ်ပါကြောင်း၊ အိမ်ခြေ ၃၀၄ အိမ်၊ အိမ်ထောင်စု ၃၁၇ စုနှင့် လူဦးရေ ၁၅၈၂ ဦးရှိပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းလုပ်ငန်းများ လုပ်ကိုင်ကြပါကြောင်း၊ ကျေးရွာအတွင်းရှိ အိမ်အများစုသည် ကွန်ကရစ်အဆောက်အအုံ ဖြစ်ပြီး ‌ကျောင်းသားကျောင်းသူ ၃၈၅ ဦး တက်ရောက်ပညာသင်ကြားနေသည့် အခြေခံပညာ မူလတန်းလွန်ကျောင်း၊ ကျေးရွာစာကြည့်တိုက်၊ ကလေးကစားကွင်း၊ ပန်းခြံနှင့် အခိုင်အမာ တည်ဆောက်ထားသည့် ရွာဦးစေတီတော်၊ ဘုန်းတော်ကြီးကျောင်း၊ သာသနိကအဆောက်အဦများ၊ ပေ ၄၀၀၀ ကျော်ရှိ ရှစ်ပေအကျယ်နှင့် ၁၂ ပေအကျယ် ကွန်ကရစ်လမ်းများ၊ အလယ်မာန်ရွာသစ် ကျေးရွာနှင့် ဆက်သွယ်ထားသော ၁၂ ပေကျယ်ပြီး တစ်မိုင်ခန့်ရှည်လျားသည့် ကွန်ကရစ်လမ်းမကြီး၊ ၁၂ ပေအကျယ်၊ အရှည် ၆၁၄ ပေရှိသည့် ကွန်ကရစ် RC သစ်သားခင်း တံတားကြီးတို့ဖြင့် ပြည့်စုံခိုင်မာစွာတည်ရှိသော ကျေးရွာကြီးတစ်ရွာ ဖြစ်ပါကြောင်း၊ ရွာ၏ အနောက်ဘက်အခြမ်းတွင် သာယာလှပရှည်လျားသည့် ပင်လယ်သဲသောင် ကမ်းခြေရှုမျှော်ခင်းများရှိပြီး ဒေသအခြေပြု အပန်းဖြေခရီးသွားလုပ်ငန်းများလည်း စတင်ဝင်ရောက်လုပ်ကိုင်ရန် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် ပေ ၄၅၀၀ အရှည်ရှိ တောင်နောက်ကမ်းခြေဆင်း ကျောက်ချောလမ်းကိုလည်း ယခုဘဏ္ဍာရေးနှစ်တွင် စတင်ဖောက်လုပ်နေပြီဖြစ်ပါကြောင်း၊ အလယ်မာန်ကျေးရွာသည် ရပ်နီးရပ်ဝေးက ငါးဖမ်းပိုက် လှေများ အစဉ်အမြဲ ဝင်ရောက်နားခိုကြပြီး ‌လှေ၊ စက်၊ ငါးဖမ်းကိရိယာများ လာရောက်ပြုပြင်ခြင်း၊ ဝယ်ယူခြင်း၊ ရေခဲ၊ ရိက္ခာများ ဝယ်ယူဖြည့်တင်းခြင်းပြုလုပ်ကြသည့်အတွက် လူဝင် လူထွက်များပြီး စီးပွား၊ စည်ပင်ဖွံ့ဖြိုးလျက်ရှိသော ကျေးရွာဖြစ်ပါကြောင်း၊ 

သို့သော် ယခင်အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်းမှ မှန်စက်ရုံများအတွက် သဲထုတ်ရန် မြေဧရိယာ ၁၉၅.၃၄ ဧက သိမ်းယူရာမှ ကျေးရွာပိုင်မြေအားလုံး ပါဝင်သွားခဲ့ပြီး တစ်ရွာလုံး မြေပိုင်အိမ်ပိုင် ဘဝမှ ကျူးကျော်ဘဝသို့ ရောက်ရှိခဲ့ကြရပါကြောင်း၊ ဌာန၏ သတ်မှတ်ချက်အရ ကျေးရွာတည်ရှိရာသည့် မြေအမျိုးအစားသည်လည်း တတိယဦးစားပေး အဆင့်သာဖြစ်ပြီး  စက်ရုံများအတွက် အသုံးပြုရန်မသင့်တော်သည့် ကျောက်စရစ်၊ သဲ၊ ရွှံ့ရောမြေများသာ ရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတွင် အခမဲ့လွှဲပြောင်းပေးသောမြေကို အမှတ်(၁)စက်မှုဝန်ကြီးဌာနအတွက် အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဟု အချက်ပါရှိခဲ့ပါကြောင်း၊ ယခုအခါ အမှတ်(၁) စက်မှုဝန်ကြီးဌာနဟု သီးသန့်မရှိဘဲ ယင်းဝန်ကြီးဌာနအောက်ရှိ ပုသိမ်၊ သံလျင် မှန်စက်ရုံများမှာလည်း ရပ်နားထားသည်မှာ ကြာခဲ့ပြီဖြစ်သည်ဟု သိရှိရပါကြောင်း၊  

သို့ဖြစ်ပါ၍ ဘုတ်ပြင်းမြို့နယ်၊ အလယ်မာန်ကျေးရွာအုပ်စုတွင် ယခင်အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ သိမ်းယူခဲ့သော မြေဧရိယာအတွင်းပါဝင်သည့် အလယ်မာန်ရွာဟောင်း ကျေးရွာမြေနေရာအား သိမ်းယူထားခြင်းမှ ပယ်ဖျက်၍ ကျေးရွာပိုင်မြေအဖြစ် ပြန်လည်တိုင်းတာသတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၏ ကြီးကြပ်မှုအောက်တွင် ရှိသော အလယ်မာန်သဲထုတ်လုပ်မှုစခန်းသည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အလယ်မာန်ကျေးရွာအုပ်စုတွင် တည်ရှိပြီး မြေဧကအားဖြင့် ၁၉၅.၃၄ ဧက ကျယ်ဝန်းပါကြောင်း၊ အဆိုပါ  သဲလုပ်ကွက်ကို ယခင် မြန်မာ့ကြွေထည်၊မြေထည်လုပ်ငန်းရှိ မှန်စက်ရုံ(ပုသိမ်)နှင့် ဖန်ချက်စက်ရုံ(သန်လျင်)တို့အတွက် သဲကုန်ကြမ်းများ ထုတ်လုပ်ရန် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၃၉ အရ လယ်ယာမြေ ကို သတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးချရန် ဆင့်ဆိုသောအမိန့်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ပြည်သူ့ကောင်စီမှ ၁၉၈၄ ခုနှစ်ကတည်းက ထုတ်ပြန်ပေးခဲ့ပါကြောင်း၊ ထို့အပြင် သဲထုတ်လုပ်ရေးစခန်း မြေဧရိယာ ၁၉၅.၃၄ ဧကရှိသည့်အနက် ဖန်ချက်သဲတူးဖော်ထုတ်လုပ်နိုင်ရန် မြေ ၁၉၄.၃၄ ဧကကို ယခင်သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုမိန့်အမှတ်(၆/၂၀၀၂)ဖြင့် ၂၃-၈-၂၀၀၂ ရက်နေ့မှ ၂၂-၈-၂၀၂၇ ရက်နေ့အထိ ဓာတ်သတ္တု အကြီးစားထုတ်လုပ်ခွင့်ပြုမိန့်  ၂၅ နှစ် ရရှိထားခဲ့ပါကြောင်း၊ ယင်းခွင့်ပြု သဲလုပ်ကွက်ဧရိယာအတွင်းတွင် အလယ်မာန်ကျေးရွာဟောင်း၏ မြေနေရာများလည်း ပါရှိခဲ့ပါကြောင်း၊ ယခင် မြန်မာ့ကြွေထည်၊ မြေထည်လုပ်ငန်းလက်အောက်တွင်ရှိသော ဖန်ချက် စက်ရုံ (သန်လျင်)နှင့် မှန်စက်ရုံ(ပုသိမ်)တို့၏ ထုတ်လုပ်မှုမြင့်မားလာသည်နှင့်အမျှ သဲထုတ်လုပ်မှု၊ သုံးစွဲမှု များကလည်း ပိုမိုများပြားလာခဲ့ပါကြောင်း၊ သဲထုတ်လုပ်မှုသည် အလယ်မာန်ကျေးရွာဟောင်း၏ နေအိမ်များနှင့် အလွန်တရာ နီးကပ်သည့်နေရာများအထိရောက်ရှိခဲ့ပြီး သဲကုန်ကြမ်းများ သယ်ဆောင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ မြို့နယ် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဒေသကျေးရွာအုပ်စုဥက္ကဋ္ဌများ၏ အစီအမံဖြင့် အဆိုပါရွာဟောင်းအား လုပ်ငန်းခွင်နှင့်ကင်းလွတ်ရာဖြစ်သော ယခု အလယ်မာန်ကျေးရွာအသစ်သို့ ၁၉၉၇ ခုနှစ် ဇူလိုင်လမှစ၍ ပြောင်းရွှေ့ပေးခဲ့ပါကြောင်း၊ ထို့ပြင် ၁၉၇၉ ခုနှစ်တွင် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ ဘူမိဗေဒကွင်းဆင်း စစ်ဆေးရေးအဖွဲ့က ဆောင်ရွက်ခဲ့သည့် လေ့လာသုံးသပ်ချက်အရ မှန်ချပ်သဲထုတ်လုပ်နိုင်မည့် ပမာဏသည် တန်ပေါင်း ၃.၃ သန်း ထွက်ရှိနိုင်မည်ဖြစ်ကြောင်းနှင့် Silicon ပါဝင်မှုသည် ၉၇ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းခန့်ရှိပြီး သံဓာတ်ပါဝင်မှုမှာ ၀.၄ ရာခိုင်နှုန်းခန့်သာရှိသဖြင့် အရည်အသွေး အထူးကောင်းမွန်သော သဲအမျိုးအစားဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ယခုအချိန်တွင် မှန်စက်ရုံတစ်ရုံဖြစ်သည့် အမှတ်(၃၆)အကြီးစား စက်ရုံ(ကျောက်ဆည်)ကို ၃၁-၃-၂၀၁၇ ရက်နေ့မှစ၍ International Glass Co.ltd သို့ ငှားရမ်း ဆောင်ရွက်စေခဲ့ပြီး အဆိုပါစက်ရုံသို့ အလယ်မာန်သဲလုပ်ကွက်မှ ထွက်ရှိသော ဖန်ချက်သဲများကို သယ်ဆောင်၍ အဆင့်မြင့်မှန်များကို ထုတ်လုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မှန်စက်ရုံ(ပုသိမ်)ကိုလည်း အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ကုန်ထုတ်လုပ်မှုများ စတင်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး လုပ်ငန်းလည်ပတ်နိုင်ရန် လိုအပ်သည့် ဖန်ချက်သဲများကို အလယ်မာန်သဲလုပ်ကွက်များမှ ထုတ်ယူရန် စီစဉ်ထားပါကြောင်း၊ ထိုစက်ရုံများ၏ အဆင့်မြင့်မှန် ထုတ်လုပ်မှုကို ဆောင်ရွက်နိုင်ရန်အတွက် အလယ်မာန်သဲလုပ်ကွက်မှ တစ်နှစ်လျှင် စုစုပေါင်း တန်ချိန် တစ်သိန်းခန့် ထုတ်ယူသုံးစွဲရန် လိုအပ်မည်ဖြစ်သည်ဟု တွက်ချက်ထားပါကြောင်း၊ ၁၉၇၉ ခုနှစ်က ဘူမိဗေဒလေ့လာရေးအဖွဲ့၏ စမ်းသပ်အတည်ပြုချက်ဖြစ်သည့် ထုတ်လုပ်နိုင်မှုပမာဏ တန် ၃.၃ သန်းနှင့် နှိုင်းယှဉ်ပါက နှစ် ၃၀ ခန့်သာ ထုတ်ယူနိုင်မည် ဖြစ်သော ကြောင့် ခွင့်ပြုဧရိယာတစ်ခုလုံးကို အပြည့်အဝအသုံးပြုနိုင်မှသာ မှန်စက်ရုံများအတွက် စက်မှု ကုန်ကြမ်းလိုအပ်ချက်က ပြည့်မီနိုင်မည်ဖြစ်ပါကြောင်း၊  သို့ဖြစ်ပါ၍ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အလယ်မာန်ကျေးရွာအုပ်စုရှိ အလယ်မာန်သဲထုတ်လုပ်ရေးစခန်းမြေမှ ဓာတ်သတ္တု အကြီးစား ထုတ်လုပ်ခွင့်ပြုမိန့်ရရှိပြီးကြောင်း လေ့လာတွေ့ရှိချက်များအရ အဆင့်မြင့်မှန်ထုတ်လုပ်မှုအတွက် လိုအပ်သော ကုန်ကြမ်းသဲများထုတ်လုပ်နိုင်သည့် သဲလုပ်ကွက် တစ်ခုဖြစ် ကြောင်း၊ ဒေသခံပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် လုပ်ငန်းခွင်ဧရိယာနှင့် ကင်းလွတ်ရာ အလယ်မာန်ရွာသစ်သို့ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ခွင့်ပြုဧရိယာအားလုံး အသုံးပြုနိုင်မှသာ မှန်စက်ရုံများအတွက် လိုအပ်သော သဲကုန်ကြမ်းများ အပြည့်အဝဖြည့်ဆည်း နိုင်မည်ဖြစ်ကြောင်း စသည့်အချက်အလက်များကို အခြေခံပြီးဌာနအနေဖြင့် ပြန်လည် စွန့်လွှတ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးနေလင်းထွန်း(ဘုတ်ပြင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။              

ရွာဟောင်းဘက်တွင်ရှိသည့် မြေများကို အမှန်တစ်ကယ်လျှင် သဲလည်းတူးခြင်းမရှိပါကြောင်း၊ သဲလုပ်သားများနှင့် ရွာသူရွာသားများ အဆင်မပြေလျှက် အဆင်မပြေသည့်အိမ်ကို သဲလာတူးခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ အသုံးမဝင်သည့် သဲများ ယူဆောင်ခဲ့ခြင်းကြောင့် သင်္ဘောတချို့လည်း ပြဿနာရှိခဲ့ဖူးပါကြောင်း၊

ဝန်ကြီး၏ ဖြေကြားချက်သည် အောက်ခြေကို ကွင်းဆင်းစစ်ဆေးပြီးလာရောက်ဖြေကြားခြင်း သို့မဟုတ် ရုံးက သတင်းအချက်အလက်များ စုဆောင်းပြီးလာရောက်ဖြေကြားခြင်း ဟုတ်/မဟုတ်သိရှိ လိုပါကြောင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ မြေပြင်ကွင်းဆင်းစစ်ဆေးလိုပါကြောင်း၊ အမှန်တစ်ကယ် အသုံးမည့်နေရာဆိုပါက လိုအပ်လျှင် လာယူနိုင်ပါကြောင်းနှင့် သဲထုတ်သည့်  ကိစ္စအတွက် မကန့်ကွက်ခြင်း မဟုတ်ပါကြောင်း၊  မိမိတင်ပြခဲ့သကဲ့သို့ အခိုင်အမာ အဆောက်အဦးများလည်းရှိပြီး ကျေးရွာလူထုတွေအပေါ် ငှဲ့ညှာထောက်ထားခြင်းအားဖြင့် ပြန်လည်စဉ်းစားပြီး မြေပြင်ကွင်းဆင်းစစ်ဆေးကာ စွန့်လွှတ်ပေးသင့်သည်များကို စွန့်လွှတ်ပေးရန်၊ ပြည်ထောင်စုအဆင့်များ မြေပြင်သို့ ကွင်းဆင်းသေချာစစ်ဆေးခြင်းများ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း

မိမိတို့အနေဖြင့် အချိန်ယူပြီး လာရောက် ကွင်းဆင်းလေ့လာမည်ဖြစ်ပါကြောင်း၊ ယခုအချိန်သည် လုပ်ငန်းများကို ပြန်လည်ဖော်ဆောင်ရန် စီစဉ်နေသည့်အချိန် ဖြစ်ပါကြောင်း၊ မှန်စက်ရုံများ ပြန်လည် လည်ပတ်သည့်အချိန်တွင် သဲထုတ်လုပ်ရန် အလယ်မာန်ကျွန်း ထုတ်လုပ်ရေးစခန်းသည် အလွန်တရာ အရေးပါသည့် အခန်းကဏ္ဍက ပါဝင်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် PPP ဆောင်ရွက်ခြင်းကိစ္စများ၊ စက်ရုံပြန်လည်လည်ပတ်ရန် ကိစ္စ္စများ စီစဉ်မှုပြီးစီးသည့်အချိန်တွင် အဆိုပါ မေးခွန်းကို ပြန်လည်သေချာလေ့လာသုံးသပ်မည်ဆိုပါက် ပိုမိုသင့်တော်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။