Skip to main content

 အသေးစား၊ အလတ်စား လုပ်ငန်းများသည် မြန်မာနိုင်ငံ၏ မြို့ပြများနှင့် ကျေးလက် ဒေသများတွင် နေရာအနှံ့အပြားတွင် တည်ရှိနေကြပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော် ရှိသည့် လုပ်ငန်းသည် SME ဟု ခေါ်သည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖြစ်ကြပြီး၊ SME လုပ်ငန်းများနှင့် ပတ်သက်သည့် ဥပဒေကို လွှတ်တော်မှ ပြဋ္ဌာန်းခဲ့သော်လည်း လက်ရှိတွင် SME လုပ်ငန်းများသည် စိန်ခေါ်မှု အမျိုးမျိုး ရင်ဆိုင်နေရသည့် ကာလ ဖြစ်ပါကြောင်း၊ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လွှတ်တော်မှ လွယ်ကူရှင်းလင်းသည့် ဥပဒေ ပြဋ္ဌာန်းပေးရမည် ဖြစ်သည့်အပြင် အစိုးရမှ SME လုပ်ငန်းများ ပံ့ပိုးပေးနိုင်သည့် လွယ်ကူရှင်းလင်း မြန်ဆန်သည့် ပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များ၊ ဝန်ဆောင်မှုများနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပေးရမည် ဖြစ်ပါကြောင်း၊ SME လုပ်ငန်းများအတွက် အဓိက အခြေခံ လိုအပ်ချက်သည် လုပ်ငန်းလိုင်စင်များ၊ လုပ်ငန်းများ စတင်ရာတွင် အခက်အခဲ မရှိစေရေးအတွက် လုပ်ငန်းလိုင်စင်များ ပြုလုပ်ရာတွင် အခက်အခဲ မရှိ လွယ်ကူ ရှင်းလင်းသည့် မူဝါဒ လမ်းညွှန်ချက်များ လိုအပ်ပါကြောင်း၊

လုပ်ငန်းလိုင်စင်ကို မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်မှသာ နောက်ဆက်တွဲ ဖြစ်သည့် ထုတ်ကုန်များ ရောင်းချနိုင်မည်ဖြစ်ပြီး ဈေးကွက်များ ရှာဖွေနိုင်ခြင်း၊ SME Loan များ လျောက်ထားနိုင်ခြင်း၊ ထုတ်ကုန် ဈေးကွက်များ ရရှိစေရေးနှင့် ဈေးကွက်များ ရှာဖွေရေးအတွက် လုပ်ငန်းရှင်များ အချင်းချင်း ချိတ်ဆက်မှု အားကောင်းအောင် အစိုးရအနေဖြင့် အသေးစား၊ အလတ်စား လုပ်ငန်းများ မှတ်ပုံတင်ရာတွင် လွယ်ကူရှင်းလင်း မြန်ဆန်စေရန်အတွက် ပြုလုပ်ပေးဖို့ရန် လိုအပ်လှပါကြောင်း၊ လက်ရှိတွင် လုပ်ငန်းစတင် လုပ်ကိုင်သည့် လုပ်ငန်းရှင် အသစ်များကို စိတ်ဓာတ်ကျ စိတ်ပျက်စေသည့် အချက်သည် လုပ်ငန်းလိုင်စင်များ ပြုလုပ်ရာတွင် ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များ၊ ဌာနများ၏ ညံ့ဖျင်းသည့် ဝန်ဆောင်မှု နားမလည်သည့် ပြည်သူများကို ကောင်းမွန်စွာ လမ်းညွှန်ခြင်းမရှိသည့်အပြင် အချက်အလက်များလိုအပ်က နေရာပေါင်းစုံသို့ သွားရောက်စေခြင်းသည် စေတနာဖြင့် လမ်းညွှန်ပေးခြင်းမျိုး မဟုတ်သည်အပြင် အမိန့်ပေးစေခိုင်းသည့် ပုံစံမျိုးများ၊ ယဉ်ကျေးပျူငှာမှု မရှိသည့် ဝန်ဆောင်မှုများကြောင့်လုပ်ငန်းစလုပ်သည့်သူများအတွက် အလွန် စိတ်ပျက်ရပါကြောင်း၊ မိမိ၏ အတွေ့အကြုံအရ နေပြည်တော်စည်ပင်ကို လုပ်ငန်းလိုင်စင် လျောက်သည့်အချိန်တွင် ထိုကဲ့သို့ အလွန်ညံ့ဖျင်းသည့် ဝန်ဆောင်မှုများကို တွေ့ရသည့် အတွက် နိုင်ငံတော်အတွက် အင်မတန်မှ ဝန်လေးမိပါကြောင်း၊ နိုင်ငံတော်မှ ရရှိသည့် နှစ်စဉ်အခွန်များသည် ၎င်းလုပ်ငန်းရှင်များအပေါ် အများကြီး မှီခိုပါကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းခန့်ရှိသည့် လုပ်ငန်းရှင်များ သည် အခက်အခဲ မရှိစေရန်အတွက် လုပ်ငန်းလိုင်စင် ပြုလုပ်သည့်အချိန်တွင် ပြည်သူများ စိတ်ပျက်စေသည့် ဝန်ဆောင်မှုများနှင့် လုပ်ငန်းစဉ်မျိုး မဟုတ်သည့်အပြင် ယဉ်ကျေးပျူငှာသည့် ဝန်ဆောင်မှုများနှင့် ရှင်းလင်းလွယ်ကူ မြန်ဆန်သည့် မူဝါဒများ ချမှတ်ပြီး လုပ်ငန်းလိုင်စင် ပြုလုပ်ခြင်းကို One Stop Service ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ပြုလုပ်ပေးရန် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလနှင့် ဧရိယာ သတ်မှတ်ချက်များ သတ်မှတ်ပြီး ပြုလုပ်ပေးမည်ဖြစ်ကြောင်းကို သိရှိလိုသည့်အတွက် မေးမြန်းပါသည်။


 

​​​​​​​စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း

လုပ်ငန်းလိုင်စင် ပြုလုပ်ခြင်းအပိုင်းကို ပထမ ဖြေကြားမည်ဖြစ်ကြောင်း၊ လုပ်ငန်းလိုင်စင် ပြုလုပ်သည့်အချိန်တွင် လုပ်ငန်းအနေအထားကို အခြေခံပြီး လိုင်စင်ပြုလုပ်သည့် လုပ်ငန်းစဉ် ပုံစံအနေအထားများစွာ ကွဲပြားမှု ရှိပါကြောင်း၊ လုပ်ငန်းအမျိုးအစားကို မူတည်ပြီး‌ သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများမှ ကုမ္ပဏီများ ဖွဲ့စည်းခြင်း၊ မှတ်ပုံတင်ခြင်း၊ လုပ်ငန်းမှတ်ပုံတင်ခြင်း၊ လုပ်ငန်းလိုင်စင် ပြုလုပ်ခြင်းစသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့်အချိန်တွင် စက်မှုလုပ်ငန်းဖြစ်ပါက စက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းကို ပုဂ္ဂလိက စက်မှုလုပ်ငန်း ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အသေးစား စက်မှုလုပ်ငန်းဖြစ်ပါက အသေးစား စက်မှုလုပ်ငန်းဆိုင်ရာ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ လျှောက်လွှာတင်ခြင်း၊ ကွင်းဆင်း စစ်ဆေးခြင်း၊ အတည်ပြုခြင်း၊ စိစစ်ခြင်းနှင့် မှတ်ပုံတင်ခြင်း စသည်ဖြင့် လုပ်ငန်းစဉ်များအတိုင်း အဆင့်ဆင့် ဆောင်ရွက်ရပါကြောင်း၊

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အောက်ရှိသည့် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသည် စက်မှုလက်မှု လုပ်ငန်းများကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတည်ပြု ပြဋ္ဌာန်းထားရှိသည့် အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ၊ နည်းဥပဒေများ၊ ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေနှင့် ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပ‌ဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပုဂ္ဂလိက စက်မှုလုပ်ငန်းများကို စနစ်တကျ စိစစ်၍ မှတ်ပုံတင်ပေးခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ စက်မှုလုပ်ငန်း ဦးစီးဌာနသည် အသေးစား စက်မှုလုပ်ငန်းများကို မှတ်ပုံတင်ရေးအတွက် အဓိကထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုကဲ့သို့ မှတ်ပုံတင် ထုတ်ပေးသည့်အချိန်တွင် သက်ဆိုင်ရာ လုပ်ငန်းများ၏ ထုတ်လုပ်သည့် ပစ္စည်းနှင့် လုပ်ငန်းသဘာဝကို မူတည်ပြီး ဓာတ်ခွဲစမ်းသပ်ခြင်း သက်ဆိုင်ရာဌာ၏ ထောက်ခံချက် ရရှိခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ အတည်ပြု ထောက်ခံချက် ထုတ်ပေးရပါကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်တွင် မှတ်ပုံတင်ခြင်း လုပ်ငန်းများကို One Stop Service ဆိုသည့် တစ်နေရာတည်းတွင် ဝန်ဆောင်မှု အမျိုးမျိုးကို စုစည်း ဆောင်ရွက်ခြင်း အစီအစဉ်နှင့် လတ်တလော ဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးကြောင်းနှင့် အချိန်တိုအတွင်း ပြီးမြောက်စေရန် ဝန်ဆောင်မှု ပေးနိုင်ရန် အသေးစား စက်မှုလုပ်ငန်း ဦးစီးဌာနရုံးချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ ရုံးခွဲများ ချိတ်ဆက်ပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းများ မှတ်ပုံတင်ခြင်းနှင့် လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်းကို မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးကို အထောက်အကူ ပြုစေရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်း မြှင့်တင်ရေးဥပဒေ၊ နည်းပညာ ဥပဒေများ ရေးဆွဲလျက် ရှိပြီး လက်ရှိတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် ဥပဒေများ၊ နည်းဥပဒေများကို အတည်ပြု ပြဋ္ဌာန်းပြီး လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတွင်လည်း အမြန်ဆုံး ရေးဆွဲအတည်ပြုနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိနေကြပြီ ဖြစ်ပါကြောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ SME များမှ Registration လျှောက်ထားခြင်းကို Website မှတစ်ဆင့် Online လျှောက်ထားနိုင်ရန်အတွက် စီစဉ်ထားပါကြောင်း၊ မှတ်ပုံတင်နိုင်ရန် လိုအပ်သည့် ထောက်ခံချက်များကို Digital Platform မှတစ်ဆင့် သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်နိုင်ရန် စီစဉ်ထားပြီး ဖြစ်ပါကြောင်း၊ လက်ရှိတွင် တည်ရှိ အသက်ဝင်နေသည့် One Stop Service၊ One Stop Shop များ၏ အခြေအနေသည် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများကို မြန်ဆန်စွာ ပံ့ပိုးနိုင်ရန် ရည်ရွယ်ပြီး One Stop Shop(OSS) ရုံးများ တည်ထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ၂၃-၈-၂၀၁၆ ရက်စွဲပါစာဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေရှိ မြို့နယ်ပေါင်း ၃၃၀ အနက် မြို့နယ် ၃၁၆ မြို့နယ်တွင် ပြည်သူ့ ဝန်ဆောင်မှုရုံး (OSS) များ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်သူ့ ဝန်ဆောင်မှု ရုံးများတွင် သက်ဆိုင်ရာ စည်ပင် သာယာရေး ကော်မတီများသည် စားသောက်ဆိုင် လိုင်စင်၊ အထွေထွေ လုပ်ငန်းလိုင်စင်၊ ပုဂ္ဂလိက အိမ် လိုင်စင်၊ အိမ်ဆိုင် လိုင်စင်၊ တည်းခိုခန်း လိုင်စင်၊ ဘော်ဒါ လုပ်ငန်း လိုင်စင်စသည့် လုပ်ငန်းလိုင်စင်များကို ဝန်ဆောင်မှုများ ပေးလျက်ရှိပြီး အခြား လုပ်ငန်း လိုင်စင်များကိုလည်း ပြည်သူ့ ဝန်ဆောင်မှုရုံးတွင် ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် လိုအပ်သည့် စံသတ်မှတ်မှု လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ဌာနများ၏ လုပ်ငန်းမှတ်ပုံတင်နှင့် လိုင်စင်များ လျှောက်ထားရာတွင် အချိန်ကြန့်ကြာမှု မရှိစေဘဲ မြန်ဆန်စွာ ထုတ်ပေးနိုင်ရန်အတွက် အချိန်နှင့် တစ်ပြးညီ ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်း သဘော သဘာဝအရ ဓာတ်ခွဲစိစစ်ခြင်း၊ ကွင်းဆင်းခြင်းတို့ကိုလည်း ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အမြန်ဆုံး ပြီးစီးဆောင်ရွက်ရန် ဆောင်ရွက်လျက် ရှိခြင်းတို့ကြောင့် လက်ရှိတွင် နေ့ချင်းပြီး One Stop Service ပြုလုပ်ပေးနိုင်ခြင်း မရှိသေးသော်လည်း ပိုမိုမြန်ဆန် ထိရောက်သည့် လုပ်ငန်း မှတ်ပုံတင်နှင့် လိုင်စင်ထုတ်ပေးသည့် စနစ်တစ်ရပ် အမြန်ဆုံး ပေါ်ပေါက်လာရေးအတွက် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်မည့် Standard Operation Procedures များ ရေးဆွဲရာတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အနေဖြင့် ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။