Skip to main content


ကချင်ပြည်နယ်တရားလွှတ်တော်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်တွင်တည်ရှိပြီး အလျား ၂၉၀ ပေ၊ အနံ ၂၇၀ ပေ  ၁.၇၆၈ ဧက ရှိပါကြောင်း၊ အဆိုပါတရားလွှတ်တော်ရုံးဝင်းအတွင်း၌ ကချင်ပြည်နယ်တရားလွှတ်တော်၊ မြစ်ကြီးနားခရိုင်တရားရုံး၊ မြစ်ကြီးနားမြို့နယ်တရားရုံးတို့ တည်ရှိ နေပြီး ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး တရားခွင်သုံးရုံး၊ မြစ်ကြီးနားခရိုင် တရား သူကြီး တရားခွင်သုံးရုံး၊ မြစ်ကြီးနားမြို့နယ် တရားသူကြီး တရားခွင်လေးရုံးတို့ တည်ရှိနေပါကြောင်း၊ ၎င်းအပြင် အမှုတွဲခန်းများ အစည်းအဝေးခန်းမဆောင်တစ်ဆောင်၊ တရားရုံး အချုပ်ခန်းတစ်ဆောင်၊ ကားရပ်နားဆောင် တစ်ဆောင်၊ ရှေ့နေများနားနေဆောင်တစ်ဆောင်တို့ကိုလည်း ဆောက်လုပ် ထားပြီး သက်ဆိုင်ရာတရားရုံးတော်အသီးသီး၏ ပြစ်မှု၊ ရာဇဝတ်မှုများမှ ထိန်းသိမ်းထားရသော သက်သေခံပစ္စည်း မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် အခြားသက်သေခံပစ္စည်းများ ကိုလည်း အဆိုပါ တရားရုံးတော်ရုံးဝင်းအတွင်း၌ ပြည့်နှက်စွာထားရှိသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊
ကချင်ပြည်နယ်တရားလွှတ်တော်ရုံးဝင်းအတွင်း၌ ဝန်ထမ်းအင်အားအနေဖြင့် အရာထမ်း  ၁၈ ဦး၊ အမှုထမ်း ၇၃ ဦး စုစုပေါင်း အရာထမ်း၊ အမှုထမ်းပေါင်း ၉၁ ဦး တာဝန်ထမ်းဆောင်လျက် ရှိနေပြီး တစ်နှစ်အတွင်း အမှုပေါင်း ၆၀၀၀ ကျော်မှ အမှုသည်များ၊ တရားခံ၊ တရားလိုများ၊ ရှေ့နေ၊ ရှေ့ရပ်များသည် တရားလွှတ်တော်ရုံးဝင်းကျဉ်းကျဉ်းလေးထဲ၌ ခက်ခက်ခဲခဲသွားလာလျက် တရား ရေးတာဝန်များနှင့် အမှုများရင်ဆိုင်ဆောင်ရွက်နေကြသည်ကို စိတ်မကောင်းဖွယ်တွေ့မြင်ရ ပါကြောင်း၊ ၎င်းအပြင် ကချင်ပြည်နယ် တရားလွှတ်တော်အဆောက်အဦသည် ဟောင်းနွမ်းဆွေးမြည့် နေသည့် အလျား ၁၂၀ ပေ၊ အနံ ၉၀ ပေရှိ တစ်ထပ်အဆောက်အဦသာဖြစ်၍ တာဝန်ထမ်းဆောင် နေသည့် တရားရေးဝန်ထမ်းများနေရာကျဉ်းကြပ်နေသည့်အတွက် ခေတ်မီသောအဆောက်အဦ အသစ်တည်ဆောက်နိုင်ရန်အတွက် မြေနေရာသစ်လိုအပ်လျက်ရှိနေသည်ကို တွေ့မြင်ရပါကြောင်း၊
ကချင်ပြည်နယ် တရားလွှတ်တော်သည် ကချင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၈ မြို့နယ်နှင့် ခရိုင်ပေါင်း လေးခရိုင်တို့ရှိ ပြစ်မှု၊ တရားမမှုများ၏ မူလအမှုများ၊ ပြစ်မှု၊ တရားမမှုများ၏ ပြင်ဆင်မှု၊ အယူခံမှု များအားလုံးကို လက်ခံဆောင်ရွက်ပေးနေသော တရားရုံးတော်ကြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခေတ်မီသောအဆောက်အဦ၊ ခေတ်မီသောတရားခွင်များဖြင့် ပြည်သူလူထု၏အကျိုးကို ပို၍ပို၍ မှန်မှန်ကန်ကန်ပွင့်လင်းမြင်သာမှုရှိစွာ၊ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက်ရှိ နေပါကြောင်း၊
သို့ဖြစ်ပါ၍ ကချင်ပြည်နယ်တရားလွှတ်တော်အဆောက်အဦအသစ် သီးခြားဆောက်လုပ်နိုင်ရန် မြေနေရာရရှိရေးအတွက် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)ပိုင်မြေဖြစ်သော ကွင်းအမှတ်(၄)၊ ယောရင်ကွင်းအတွင်း ၆၀.၉၂ ဧရိယာဧကထဲမှ အလျား ၂၀၀ ပေ၊ အနံ ၇၀၀ ပေ စုစုပေါင်းဧရိယာ ၃.၂၂၄ ဧကရှိ မြေကွက်အလွတ်အား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)နှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါ သည်။


 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမျိုးတင့်
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမျိုးတင့်

ကချင်ပြည်နယ် တရားလွှတ်တော်အဆောက်အဦသည် သက်တမ်းကြာမြင့်နေသည့် အဆောက်အဦ ဖြစ်ပြီး ထိုမြေပေါ်တွင် မြစ်ကြီးနားခရိုင်တရားရုံးနှင့် မြစ်ကြီးနားမြို့နယ်တရားရုံးတို့ကို သီးခြားစီ ဆောက်လုပ်ထားပါကြောင်း၊ ထို့ကြောင့် မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ ကွင်းအမှတ်(၄)၊ ယောရင်ကွင်း၊ ဦးပိုင်အမှတ်(၃၅/၂-င)၊ ကချင်ပြည်နယ်  လွှတ်တော်အဆောက်အဦ တောင်ဘက်တွင် တည်ရှိသော ဧရိယာ ၃.၂၂၄ ဧကရှိမြေကွက်တွင် ကချင်ပြည်နယ် တရားလွှတ်တော်အဆောက်အဦ ဆောက်လုပ်ခွင့်ပြုပါရန် ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ ကချင်ပြည်နယ်တရားလွှတ်တော်က တင်ပြ သည့်အခါ အဆိုပါမြေနေရာသည် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၃-၁-၂၀၁၁ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ်၊ ၃၀၀၊ ၁-၅/ဦး ၁ အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးပိုင်မြေအဖြစ် အသုံးပြုရန်ခွင့်ပြုမိန့် ချထားပြီး ဖြစ်ကြောင်း၊ အဆိုပါမြေနေရာအား အသုံးပြုလိုပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း ပြန်ကြားလာခဲ့ပါကြောင်း၊
ကချင်ပြည်နယ်တရားလွှတ်တော်အဆောက်အဦသစ် ဆောက်လုပ်နိုင်ရန်အတွက် အဆိုပါ မြေနေရာအား ခွဲဝေအသုံးပြုခွင့်ပြုပါရန် ကချင်ပြည်နယ်တရားလွှတ်တော်မှ ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ညှိနှိုင်းထားကြောင်း အကြောင်းကြားခဲ့ရာ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် မန်ခိန်ရပ်ကွက်၊ ကွင်းအမှတ်(၄)၊ ဦးပိုင်အမှတ်(၂၉+၃၀/၂+၃၅)ရှိ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း၊ ဥယာဉ်ခြံမြေသီးနှံနည်းပညာပြန့်ပွားရေးခြံအဖြစ် အသုံးပြုလျက်ရှိသော မြေ ဧရိယာ ၇၂.၃၀ ဧကအနက် ၆၀.၉၂ ဧကအား မြေနှင့်အခွန်ဆင့်ဆိုချက် ၃၃၂ အရ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မြေအဖြစ် အသုံးပြုရန် ပြည်ထဲရေးဝန်ကြီးဌာနက လွှဲပြောင်းခဲ့သဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနသို့ တင်ပြတောင်းခံသင့်ကြောင်း  ပြန်ကြားလာခဲ့ပါကြောင်း၊ ကချင်ပြည်နယ်တရားလွှတ်တော်မှ ၁၉-၃-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၀၇၃/ကတခ/အဆောက်အအုံ (၂၀၁၉)ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ 
ထို့အပြင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများပါဝင်သော ကိုယ်စားလှယ်အဖွဲ့၏ ၂၁-၃-၂၀၁၉ ရက်နေ့မှ ၂၂-၃-၂၀၁၉ ရက်နေ့ အထိ ကချင်ပြည်နယ်သို့သွားရောက်ခဲ့သောခရီးစဉ်တွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ပြည်နယ်တရားလွှတ်တော်ရုံးတည်ဆောက်ရန်အတွက် ပြည်နယ်လွှတ်တော်ရုံးနှင့်ကပ်လျက်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင်မြေနေရာအား ရရှိလိုပါကြောင်း တင်ပြချက်နှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာဝန်ကြီးဌာန၏အခြေအနေကို ဝန်ကြီးဌာနများအခြေအနေကိုစိစစ်တင်ပြရန် လမ်းညွှန်ခဲ့ ပါကြောင်း၊ သို့ပါ၍ ကချင်ပြည်နယ်တရားလွှတ်တော် အဆောက်အအုံသစ် သီးခြားဆောက်လုပ် နိုင်ရန် မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ ကွင်းအမှတ်(၄)၊ ယောရင်ကွင်း၊ ဦးပိုင် အမှတ်(၃၅/၂-င)၊ ဧရိယာ ၂၀၀ x ၇၀၀ ပေ၊ ဧက ၃.၂၂၄ ဧကရှိ မြေနေရာရရှိရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသို့ တင်ပြတောင်းခံထားပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်

ကိုယ်စားလှယ်တော်ကြီးမေးမြန်းသော မေးခွန်းနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်တရားလွှတ်တော်ရုံးမှ တင်ပြတောင်းခံထားသော ဦးပိုင်အမှတ်(၃၅/၂-င)၊ မြေဧရိယာ   ၃.၂၂၄ ဧကရှိ မြေနေရာသည် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ကွင်းအမှတ်(၄)၊ ယောရင်ကွင်း၊ ဦးပိုင်အမှတ်(၃၅/၂-က+ ၃၀/၂+ ၃၅/၂-င)၊ ဧရိယာ ၆၀.၉၂ ဧကအတွင်းရှိသည့် မြေကွက်ကြီး ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ် ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၂၄-၃-၁၉၉၇ ရက်စွဲပါ စာအမှတ်၊ ၆၂၅/၂၂(၅)ပဝတ(ကချင်)အရ မြို့မြေတိုးချဲ့ရေးအတွက် မြို့မြေအဖြစ်အသုံးပြုရန် (လန/၃၉)ကျပြီးသော မြို့မြေအမျိုးအစား ဖြစ်ပါကြောင်း၊ အဆိုပါမြေနေရာသည် ယခင်က မြန်မာ့စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ ဥယျာဉ်ခြံ သီးနှံနည်းပညာပြန့်ပွားရေးခြံမြေ ဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၃-၁-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၀၀/၁-၈/ဦး ၁ အရ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မြေအဖြစ် အသုံးပြုရန် အခမဲ့လွှဲပြောင်းပေးထားသော မြေဖြစ်ပါကြောင်း၊ 
အဆိုပါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေဧရိယာ ၆၀.၉၂ ဧကအနက် မြေဧရိယာ ၁၀ ဧကကို ကချင်ပြည်နယ်လွှတ်တော်ရုံး အဆောက်အဦအတွက်လည်းကောင်း၊ မြေဧရိယာ ၁၁.၆၈ ဧကကို လွှတ်တော်ရုံးဝန်ထမ်းအိမ်ရာနှင့် ဧည့်ဂေဟာများအတွက်လည်းကောင်း စုစုပေါင်းမြေဧရိယာ ၂၁.၆၈ ဧကကို ကချင်ပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းအိမ်ရာနှင့် ဧည့်ဂေဟာများဆောက်လုပ်ရန် အတွက် ခွင့်ပြုထားပြီး အဆိုပါမြေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)အမည်ပေါက်မြေ အဖြစ်သာ လက်ရှိထားရှိလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကချင်ပြည်နယ်တရားလွှတ်တော်ရုံးမှ အဆောက်အဦသစ် သီးခြားဆောက်လုပ်နိုင်ရန် မြေနေရာရရှိရေးတင်ပြတောင်းခံမှုနှင့်စပ်လျဉ်းပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)ပိုင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ကွင်းအမှတ်(၄)၊ ယောရင်ကွင်း၊ ဦးပိုင်အမှတ်(၃၅/၂-င) ဧရိယာ ၃.၂၂၄ ဧကရှိ မြေကွက်တွင် ကချင်ပြည်နယ်တရား လွှတ်တော်ရုံးအဆောက်အဦသစ် ဆောက်လုပ်ခွင့်ကို ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း ယင်းမြေနေရာကိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)အမည်ပေါက်အတိုင်းသာ ကချင်ပြည်နယ်လွှတ်တော်ရုံးကဲ့သို့ မြေနေရာကို ရုံးချုပ်အမည်ပေါက်မြေအဖြစ်သာ ဆက်လက်ထား ရှိပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။