Skip to main content


လယ်ယာလုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုနေသော တောင်သူများအတွက် အထောက်အပံ့ရရှိနိုင်ရေးအတွက် လယ်ယာလုပ်ငန်းခွင်၌ လိုအပ်သောလယ်ယာသုံး စက်ကိရိယာ ပစ္စည်းများကိုလည်းကောင်း၊ သွင်းအားစုဓာတ်မြေဩဇာများကိုလည်းကောင်း ပြည်တွင်း၌ စက်ရုံများ တည်ထောင်ကာ ထုတ်လုပ်ပေးရန်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ လယ်ယာလုပ်ငန်းခွင်တွင် လိုအပ်သည့်လယ်ယာသုံးစက်ကိရိယာပစ္စည်းများနှင့် သွင်းအားစုဓာတ်မြေဩဇာများကို ပြည်ပမှ မှာယူတင်သွင်းရာတွင် နိုင်ငံခြားငွေများစွာသုံးစွဲရသည့်အတွက် ကုန်သွယ်မှုလိုငွေပြခြင်းများကို ကြုံတွေ့နေရပါကြောင်း၊ အဆိုပါ လယ်ယာသုံးပစ္စည်းများကို ပြည်တွင်းတွင် ထုတ်လုပ်နိုင်ပါက ဝယ်ယူသုံးစွဲသူ တောင်သူများအနေဖြင့် သင့်တင့်သည့်ဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ခွင့်ရရှိမည်ဖြစ်သလို ပြည်တွင်း၌အရှုံးပေါ်၍ ရပ်ဆိုင်းထားရသည့် နိုင်ငံပိုင်စက်ရုံများတွင် ဝန်ထမ်းများလုံလောက်စွာ ရှိနေသည့်အတွက်ကြောင့် အဆိုပါစက်ရုံများတွင် လယ်ယာလုပ်ငန်းအတွက် အမှန်တကယ် လိုအပ် နေသော လယ်ယာသုံးပစ္စည်းများကို ထုတ်လုပ်ပါက ဝယ်ယူသုံးစွဲမှုများသောကြောင့် စက်ရုံများလည်း ရပ်ဆိုင်းထားခြင်းမရှိဘဲ လည်ပတ်နိုင်မည် ဖြစ်ပါကြောင်း၊ အရေအတွက်နည်းပါးပြီး ဈေးကွက် အာမခံချက်မရှိသည့် ကုန်ပစ္စည်းများထုတ်လုပ်သည့် ရပ်ဆိုင်းထားဆဲ အကြီးစားစက်မှုလုပ်ငန်းများ နေရာတွင်ဆုံးရှုံးနေသည့်ဘဏ္ဍာငွေများကို အကျိုးရှိစေရန် လိုအပ်ပါကြောင်း၊
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ် ပြောင်းလဲဆောင်ရွက်နိုင်ရေးသည် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက် စက်မှုလယ်ယာစနစ် ဖွံ့ဖြိုးတိုးတက်လာ နိုင်စေရေးအတွက် နိုင်ငံတော်မှ နည်းလမ်းမျိုးစုံဖြင့် အားပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးနှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်မှု၊ လယ်ယာ ထွက်ကုန်ဈေးနှုန်းများ ဈေးကွက်တွင် တည်ငြိမ်မှုမရှိမှု၊ အထောက်အကူပြုသည့် နည်းပညာများ လက်ခံကျင့်သုံးရန် စိတ်ဝင်စားမှု အားနည်းနေမှု၊ သွင်းအားစုအပါအဝင် လယ်ယာသုံးစက်ကိရိယာများ ဈေးနှုန်းမြင့်မားနေမှုနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာကျင့်သုံးနိုင်မှုမရှိခြင်း စသည့်အကြောင်း အရင်းများစွာကြောင့် တောင်သူများသည် လယ်ယာလုပ်ငန်းခွင်တွင် စိတ်ဝင်စားမှု အားနည်းသွားပြီး လယ်ယာကိုစွန့်ခွာကာ ပြည်ပကို အလုပ်သွားရောက်လုပ်ကိုင်သည့်သူများ ပိုမိုများပြားနေကြရ ပါကြောင်း၊
ခေတ်ကာလအခြေအနေအရ ကျေးလက်ဒေသများတွင် လယ်ယာလုပ်သား ရှားပါးလာနေမှုကို အဓိက တာဝန်ယူဖြေရှင်းပေးနိုင်ရေး နည်းလမ်းဖြစ်သည့်တောင်သူများအတွက် ဈေးနှုန်းသက်သာစွာဖြင့် လွယ်လင့်တကူ သုံးစွဲနိုင်သည့် လယ်ယာသုံးစက်ကိရိယာများကို တောင်သူများ၏လိုအပ်ချက်နှင့် ရေမြေရာသီဥတုအခြေအနေနှင့်လျော်ညီပြီး ထုတ်လုပ်မည့်စက်ကိရိယာများ၏ အားနည်းချက်၊ အားသာချက်များကို စဉ်ဆက်မပြတ် သုတေသနပြုဆောင်ရွက်ခြင်းများ၊ စက်ရုံများ၏ နည်းပညာ အဆင့်မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ခြင်းမှ ရလဒ်ကောင်းများလည်း ပေါ်ထွက်လာရန် အရေးကြီးပါကြောင်း၊ ယခင်က အရှုံးပေါ်၍ ရပ်ဆိုင်းထားရသည့် စာရင်းတွင်ပါဝင်နေသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်တွင် ရှိသည့်ဓာတ်မြေဩဇာ၊ စက်ရုံများ အရှုံးပေါ်ရသည့်ကိစ္စနှင့်စပ် လျဉ်းပြီး ပြည်ထောင်စုဒုတိယဝန်ကြီးမှ ပြည်ထောင်စုလွှတ်တော်တွင် လာရောက်ရှင်းပြရာ၌ ရှုံးရသည့် အကြောင်းအရင်းများတွင် တစ်ခုဖြစ်သည့် ရောင်းချသည့်နည်းစနစ်များ၏ အားနည်းချက်ကြောင့် သိုလှောင်ရုံအတွင်း ကုန်ချောလက်ကျန်များများလာပြီး သိုလှောင်ရုံများ မလုံလောက်သည့်အတွက် ကြောင့် ထုတ်လုပ်မှုကိုခဏရပ်နားထားရသည်မှာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့် အားလျော်စွာ သွင်းအားစုဓာတ်မြေဩဇာများကို တရုတ်ပြည်မှ ဈေးကြီးပေးကာ အမြောက်အမြား ဝယ်ယူသုံးစွဲနေရချိန်တွင် မြန်မာနိုင်ငံရှိ ဓာတ်မြေဩဇာစက်ရုံမှ ထွက်ရှိသည့်ဓာတ်မြေဩဇာများ လက်ကျန်အများအပြား ရှိနေသည်ဆိုသည်မှာလည်း အဆိုပါဓာတ်မြေဩဇာများက အရည်အသွေး ညံ့ဖျင်းခြင်း၊ သုံးစွဲရန်မသင့်တော်ခြင်း၊ ဈေးနှုန်းသက်သာသော်လည်း တောင်သူများဝယ်ယူသုံးစွဲခြင်း မပြုသည့်အတွက်ကြောင့် အရည်အသွေးမြင့်မားပြီး ဈေးနှုန်းသက်သာကာ ကြာရှည်စွာ အသုံးစွဲခံနိုင်ပြီး တောင်သူများစိတ်ဝင်စားရန် လွန်စွာလိုအပ်ပါကြောင်း၊ တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့မှာ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ကြပြီး လယ်ယာကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ကြခြင်းဖြင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့်လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာကာ နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုကို အထောက်အကူပြုမည် ဖြစ်သည့်အတွက် လယ်ယာလုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုနေကြသော တောင်သူများ အတွက် လယ်ယာလုပ်ငန်းခွင်၌ လိုအပ်သော လယ်ယာသုံးစက်ကိရိယာ၊ သွင်းအားစုဓာတ်မြေဩဇာ၊ လယ်ယာသုံး ပစ္စည်းများကို ပြည်တွင်း၌ပင် စက်ရုံများတည်ထောင်ကာ ထုတ်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။


 
နိုင်ငံတွင်အခြေခံကျသည့် လယ်ယာကုန်ထုတ်လုပ်မှုတိုးတက်ပြီး ၎င်းပေါ်တွင် အမှီသဟဲပြု အသက်မွေးဝမ်းကျောင်းပြုနေသည့် တောင်သူများ၏ လူမှုစီးပွားဘဝကို မြင့်မားတိုးတက်စေလိုသည့် စေတနာနှင့်မေးမြန်းသည့်အပေါ် မိမိတို့ဝန်ကြီးဌာနက အထူးပင်ကျေးဇူးတင်ရှိကြောင်း ပဏာမ တင်ပြလိုပါကြောင်း၊ ယခင်စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)၊ အကြီးစားစက်မှုလုပ်ငန်းအောက်တွင်  အမှတ်(၁၆) အကြီးစား(ဆင်တဲ)စက်ရုံနှင့် အမှတ်(၁၇) အကြီးစား(မလွန်)စက်ရုံနှစ်ရုံကို ၁၉၆၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး လယ်ယာသုံးကိရိယာများကို ထုတ်လုပ်ပေးလျက်ရှိခဲ့ပါကြောင်း၊ အဆိုပါစက်ရုံများမှ လယ်ယာသုံးစက်ကိရိယာများဖြစ်သည့် ဧရာ(၁) လက်တွန်းထွန်စက်များ၊ မြင်းကောင်ရေ(၅)ကောင် ဒီဇယ်အင်ဂျင်များနှင့်၊ ၃ သွားထယ်၊ ၁၆ သွားထယ် အပါအဝင် ထွန်ယက် ကိရိယာများ၊ လယ်ယာလုပ်ငန်းတွင်အသုံးပြုရသည့် ရေစုပ်စက်အမျိုးမျိုး၊ မြင်းကောင်ရေ ၉၀ ရှိသည့် ထွန်စက်ကြီးများ၊ လယ်ယာလုပ်ငန်းသုံး သယ်ပို့ယာဉ်များနှင့် စပါးခြွေစက်များ၊ ဆန်စက်ငယ်များကို ထိုစဉ်ကာလက ထုတ်လုပ်ဖြန့်ဖြူးခဲ့ပါကြောင်း၊ အဆိုပါစက်ရုံနှစ်ရုံအနေဖြင့် အရှုံးပေါ်သည့် စက်ရုံများတွင်ပါဝင်သည့်အလျောက် ပြီးခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ကျင်းပသည့် စီးပွားရေးရာကော်မတီ၏ (၇/၂၀၁၇)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်တို့အရ လတ်တလောရပ်ဆိုင်းခဲ့ရသည့် စက်ရုံများတွင်ပါဝင်ခဲ့ပါကြောင်း၊ ယနေ့အထိ အဆိုပါစက်ရုံများ၏ ထုတ်လုပ်မှုရပ်ဆိုင်းထားခဲ့သည့်အခြေအနေ ဖြစ်ပါကြောင်း၊ နိုင်ငံ၏လယ်ယာကဏ္ဍတွင် စက်စွမ်းအား တိုးမြှင့်သုံးစွဲနိုင်ရန်အတွက် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ဖြန့်ဖြူးဆောင်ရွက်နေမှုမှာ မြန်မာ့ ရေမြေသဘာဝနှင့်ကိုက်ညီပြီး သုံးစွဲသည့်တောင်သူများ ကြိုက်နှစ်သက်မှုရှိစေသည့် စက်ကိရိယာများ ဖြစ်ရန် လိုအပ်သည့်အလျောက် လက်ရှိတောင်သူများနှစ်သက်ပြီး လယ်ယာလုပ်ငန်းခွင်တွင် အသုံး တည့်သည့် New Holland ထွန်စက်များကို ပြည်ပမှတင်သွင်းပြီး အများအပြား အသုံးပြုဆောင် ရွက်သည့်အနေအထားမှ လက်ရှိပြည်တွင်းတွင်ထုတ်လုပ် ဖြန့်ဖြူးနိုင်ရန်အတွက် မူရင်းကုမ္ပဏီဖြစ်သည့် CNH Industrial ကုမ္ပဏီအနက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊
ယခုကာလတွင် လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရန် အခွင့်အလမ်းများ ဖန်တီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိသည့်အခါ တောင်သူများအတွက် လယ်ယာ သုံးစက်ကိရိယာများ ပြည်တွင်းတွင် ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ပြည်ပမှရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီများ ကို အားပေးကူညီခြင်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး သီလဝါအထူးစီးပွားရေးဇုန်တွင် ကူဘိုတာ(Kubota)၊ ယာမာ(Yanmar) အမျိုးအစား ထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များကို ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် စက်ရုံတည်ထောင်ပြီး တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း။
အလားတူ နိုင်ငံသားပိုင်ကုမ္ပဏီ တစ်ခုဖြစ်သည့် Good Brothers Co;Ltd အနေဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံ(အရှေ့)မြို့နယ်၊ ရွာသာကြီးတွင် လယ်ယာသုံးပစ္စည်းစက်ရုံတည်ထောင်ပြီး လယ်ယာလုပ်ငန်းသုံးသယ်ပို့ယာဉ်များ၊ မြင်းကောင်ရေ ၅ ကောင်မှ ၃၀ ကောင်ရှိသည့် လယ်ယာလုပ်ငန်းသုံး ဒီဇယ်အင်ဂျင်အမျိုးမျိုးတို့ကို ပြည်တွင်းတွင် တပ်ဆင် ထုတ်လုပ်ဖြန့်ဖြူးပေး လျက်ရှိပါကြောင်း၊ ထို့အပြင် ကုမ္ပဏီအနေဖြင့် မန္တလေးတွင်လည်း လယ်ယာသုံး လက်တွန်းထွန်စက် များ ထုတ်လုပ်သည့် စက်ရုံတစ်ရုံ တည်ထောင်ပြီး လုပ်ကွက်ငယ်တောင်သူများ လိုအပ်သည့်လက်တွန်း ထွန်စက်များ တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ အဆိုပါကုမ္ပဏီကဲ့သို့ မန္တလေးမြို့တွင် တည်ရှိသည့် မန္တလာရွှေသီဟ လယ်ယာသုံးစက်ကိရိယာ ဆက်စပ်ကုမ္ပဏီကလည်း ထွန်စက်ကြီးနှင့် တွဲဘက်အသုံးပြုသည့် ပြည်တွင်းမှတင်သွင်းသုံးစွဲရလေ့ရှိသည့် ထယ်၊ ထွန်၊ မြေညှိဂေါ် စသည့် တွဲဘက်ကိရိယာများကို ပြည်တွင်းတွင် အရည်အသွေးမီ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ယခုအခါ တောင်သူများအတွက် စပါး/ပြောင်း အခြောက်ခံစက်များကို ပြည်တွင်းတွင် စမ်းသပ် ထုတ်လုပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာသုံး စက်ကိရိယာထုတ်လုပ်ရေးလုပ်ငန်းများ ပြည်တွင်းတွင် တိုးတက်ပေါ်ထွန်းလာစေရန် နိုင်ငံတော်မှ အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိရာတွင် လယ်ယာ သုံးစက်ကိရိယာထုတ်လုပ်သည့် လုပ်ငန်းရှင်များပေါင်းစုပြီး တောင်သူများအတွက် စက် ကိရိယာလိုအပ်ချက်များကို ပိုမိုထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးကို ရည်ရွယ်ပြီး မြန်မာနိုင်ငံ လယ်ယာသုံးစက်ကိရိယာလုပ်ငန်းရှင်အသင်းကိုလည်း ၅.၂.၂၀၂၀တွင် တရားဝင် တည်ထောင်ထား သည့်အသင်းအဖြစ် မှတ်ပုံတင်ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊
ထိုသို့ ပုဂ္ဂလိကကဏ္ဍ စက်မှုလယ်ယာမြှင့်တင်မှုအပိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသလို သမဝါယမကဏ္ဍက လယ်ယာသုံးစက်ကိရိယာများ ဖြစ်သည့်ထွန်စက်အမျိုးမျိုး၊ ရိတ်သိမ်းခြွေလှေ့စက် အပါအဝင် လုပ်ငန်းသုံးပစ္စည်းကိရိယာများကို ချေးငွေအထောက်အပံ့များ ဖြည့်ဆည်းပေးပြီး ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း၊ သမဝါယမအသင်းသား ၄၈၃၉၃ဦးကို စက်ကိရိယာ ၆၄၂၃၀ စီး၊ တန်ဖိုးအားဖြင့် ကျပ် ၁၁၀ ဘီလီယံကျော်ဖိုး ဖြန့်ဖြူးရောင်းချပေးခဲ့ပါကြောင်း၊ လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအပိုင်းတွင် အရည်အသွေးကောင်း ဓာတ်မြေဩဇာများ တိုးတက်သုံးစွဲ နိုင်ရေးသည် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်ပါကြောင်း၊ လယ်ယာလုပ်ငန်း အဓိကသွင်းအားစု တစ်ရပ်ဖြစ်သည့် ဓာတ်မြေဩဇာနှင့်စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်ကြီး ထောက်ပြသွားသလို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်တွင်ရှိသည့် ယခင်က အရှုံးပေါ်၍ ရပ်ဆိုင်းခဲ့ရသည့် မြောင်းတကာနှင့် ကန်ကြီးထောင့်ရှိ ယူရီးယားဓာတ်မြေဩဇာစက်ရုံ နှစ်ရုံကိုလည်း တောင်သူများ အကျိုးရှေ့ရှုပြီး နိုင်ငံတော်၏လိုအပ်ချက်ဖြစ်သည့် မလိုအပ်သည့်ဘတ်ဂျက်ငွေကြေး ဖြည့်ဆည်းပေး မှုနှင့်အတူ စက်စွမ်းအားတိုးမြင့်လာစေရန် အာရုံခံစနစ်များအပါအဝင် အဓိကကျသည့်စက်ပစ္စည်းများ အသစ်လဲလှယ်တပ်ဆင်ပြီး ဆက်လက်လည်ပတ်ထုတ်လုပ်မှုကိုလည်း သက်ဆိုင်ရာလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စီမံဆောင်ရွက်လျက်ရှိရာတွင် ယခုအခါ အကျိုးရလဒ်ကောင်းများ ဖြစ်ထွန်းလာနေပြီဖြစ်ပါကြောင်း၊
ပြည်ပမှဓာတ်မြေဩဇာများ တင်သွင်းပြီး ပြန်လည်ထုပ်ပိုး၊ ရောစပ်ဖြန့်ဖြူးနေသည့်လုပ်ငန်းများကို အားပေးသည့်အနေဖြင့် နိုင်ငံတော်က ပြည်ပမှတင်သွင်းသည့် ကျသင့်သည့်အခွန်အခများ ဖြေလျော့ခွင့်ပြုထားမှုနှင့်အတူ အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့ထိ ပြည်တွင်း ပုဂ္ဂလိကမြေဩဇာ ထုတ်လုပ်သည့်ကုမ္ပဏီပေါင်းသည် ၁၄၃ ခု ရှိပြီဖြစ်ပါကြောင်း၊ တစ်ဖက်မှာ စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး၊ အရည်အသွေးပြည့်မီသည့် သွင်းအားစုဓာတ်မြေဩဇာများ သုံးစွဲနိုင်ရန် မိမိဝန်ကြီးဌာနအနေဖြင့် ပြန်လည်ထုပ်ပိုးစက်ရုံများ၊ ရောနှောစက်ရုံများက ထုတ်လုပ်လျက်ရှိသည့် မြေဩဇာများ အရည်အသွေး ပြည့်မီစွာသုံးစွဲနိုင်ရန်အတွက် ပြဋ္ဌာန်းထားသည့် မြေဩဇာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်သည့် အတွက် မြန်မာနိုင်ငံအတွင်း လယ်ယာလုပ်ငန်းနှင့် အဓိက အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် တောင်သူများအပေါ် အထောက်အပံ့ပေးနိုင်ရေးအတွက် လယ်ယာလုပ်ငန်းခွင်မှာ လိုအပ်သည့် လယ်ယာသုံး စက်ကိရိယာပစ္စည်းများ သွင်းအားစု ဓာတ်မြေဩဇာ စသည့်လယ်ယာသုံးပစ္စည်းများကို ပြည်ပမှ တင်သွင်းဖြန့်ဖြူးခြင်းရှိသလို ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု များကိုလည်း ဖိတ်ခေါပြီး ပြည်တွင်းမှာ စက်ရုံများ တည်ထောင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း  ရှင်းလင်းဖြေကြား ပါသည်။
ဒေါ်ချိုချို(အုတ်တွင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဒုတိယဝန်ကြီးအနေဖြင့် ပြည့်စုံစွာဖြေကြားပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ပြည်ပတွင် သာမက ပြည်တွင်းတွင်လည်း စက်ရုံများတည်ထောင်ပြီးမှ ယခုလိုမျိုး လယ်ယာလုပ်ငန်း နှင့်သက်ဆိုင်သော စက်ကိရိယာပစ္စည်းများကို ထုတ်လုပ်ပါကြောင်း၊ သွင်းအားစုဓာတ်မြေဩဇာ များကိုလည်း ထုတ်လုပ်ပါကြောင်း၊ သို့သော် မိမိတို့တောင်သူများ၏ ဝယ်ယူရသည့်ဈေးနှုန်းများက သက်သာခြင်းမရှိသေးပါကြောင်း၊ ဈေးနှုန်းများသည် အင်မတန် မြင့်မားနေပါကြောင်း၊ ထို့ကြောင့် အရည်အသွေးကောင်းမွန်သည့် လယ်ယာသုံးစက်ကိရိယာများနှင့် သွင်းအားစုပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများအဆင်ပြေရန်အတွက် ပိုမိုပြီးကောင်းမွန်သည့် အစီအစဉ်များနှင့် လုပ်ဆောင်ပေးရန် အတွက် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်        
မိမိတို့ပြည်တွင်းတွင် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်သည့်အခါ အရည်အသွေးပိုင်းတွင် သာမက အရေအတွက်ကို တိုးတက်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်နေသလို တစ်ဖက်ကလည်း ကုန်ကျစရိတ်ကို လျှော့ချနိုင်မည့်နည်းလမ်းလေးများကို သုတေသနပြု လေ့လာဆောင်ရွက်သည့် အခြေအနေရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်