Skip to main content

ပြည်သူများကြောက်ရွံ့နေကြသော Coronavirus ကြောင့် လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါဖြစ်ပွားနိုင်ပြီး ၎င်းရောဂါကို တရုတ်ပြည်၊ ဝူဟန်မြို့တွင် စခဲ့သည့့်အတွက် ဝူဟန်ဗိုင်းရပ် ရောဂါ၊ ဝူဟန်အဆုတ်ရောင်ရောဂါဟုလည်း လူသိများကြပါကြောင်း၊ မနေ့ကရရှိသည့် သတင်းများ အရ တရုတ်ပြည်မကြီးတွင် သေဆုံးသူ ၉၀၈ ဦးအပါအဝင် စုစုပေါင်း သေဆုံးသူ ၉၁၀ ဦးရှိပြီဟု သိရပါကြောင်း၊ ရောဂါဖြစ်ပြီးပျောက်ကင်းသူ ၃,၀၀၀ ဦးကျော်ရှိသော်လည်း သေဆုံးသူသည် SARS ရောဂါကြောင့် သေဆုံးသည်ထက်ကျော်သွားပြီဖြစ်ပါကြောင်း၊ ရောဂါပိုး ကူးစက်သူ ၄၀,၀၀၀ ဦး ကျော်နှင့် သံသယရှိသူ ၂,၃၀၀ ဦးကျော်ရှိကြောင်း သတင်းများအရသိရှိနိုင်ပါကြောင်း၊ ယနေ့ ကမ္ဘာ့စံတော်ချိန်အရ သေဆုံးသည့်ဦးရေ ၁၀၁၈ ဦး၊ ကူးစက်ခံရသူ ၄၃,၀၀၀ ဦးရှိနေပြီ ဖြစ်ပါကြောင်း၊ သေဆုံးသူ ၉၁၀ ဦးရှိကြောင်း WHO က သတင်းထုတ်ပြန်နေဆဲ ဖြစ်ပါကြောင်း၊  SARS ရောဂါနှင့်နှိုင်းယှဉ်ချက်အရ Wuhan Corona Virus သည်စဖြစ်ပြီး ၃၃ ရက်အကျော်တွင် SARS ရောဂါထက်ရှစ်ဆပိုပြီး ကူးစက်နိုင်စွမ်းရှိသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ရောဂါကာကွယ် ရေး၊ ပညာပေးရေးတို့အတွက် အထူးဆောင်ရွက်ရန်လိုအပ်သော ကူးစက်မြန်ရောဂါတစ်မျိုး ဖြစ်ပါကြောင်း၊ မိမိတို့၏အိမ်နီးချင်း တရုတ်ပြည်ကြီးတွင် သေဆုံးမှုနှုန်းအများဆုံးနှင့် ကူးစက်မှုနှုန်း အမြန်ဆုံးဖြစ်နေသည့်အတွက် စိုးရိမ်နေသောပြည်သူများအတွက် ရှင်းပြရန်အကောင်းဆုံး အချိန်ဖြစ်ပါကြောင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၁၀-၂-၂၀၂၀ ရက်နေ့ ည ၈ နာရီအချိန် သတင်းထုတ်ပြန် ချက်အရ သံသယလူနာတစ်ဦးအပါအဝင် လူနာ ၂၀ ဦးခန့်ရှိလာပြီ ဖြစ်သည့်အတွက် မိမိတို့ နိုင်ငံတွင်လည်း ပေါ့ဆ၍မရကြောင်း သတိပေးခေါင်းလောင်းသံ မြည်နေပြီဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ၉-၂-၂၀၂၀ ရက်နေ့က ထုတ်ပြန်သော Situation Report 20 တွင် မြန်မာအပါအဝင် ဒေသဆိုင်ရာနှင့် ကမ္ဘာ့အဆင့်တွင် ကူးစက်မှုအန္တရာယ် မြင့်မားနေဆဲ ဖြစ်ကြောင်း ဖော်ပြထားပါကြောင်း၊ ရောဂါကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမို ကောင်းမွန်သည် ဟုဆိုကြသော်လည်း ကပ်ရောဂါအသွင်ဖြစ်ပွားလာမည်ဆိုလျှင် ပြည်သူလူထုအထိအခိုက် အသေ အပျောက်နည်းစေရန် ကြိုတင်စီမံထားရန် နိုင်ငံတော်အစိုးရအနေဖြင့် အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်မိပါကြောင်း၊ လူထုက ကာကွယ်ဆေးမရှိ၊ ကုသဆေးမရှိသည့်အတွက်၊ ၎င်းဗိုင်းရပ် အန္တရာယ်ကို သေချာပညာမပေးနိုင်သေးခင် ကြောက်ရွံ့နေကြသလို ကာကွယ်ရေး ပြည်သူ့ ကျန်းမာရေး လုပ်ငန်းများ ဂရုမစိုက်ကြရင်လည်း အားလုံးအတွက်အန္တရာယ်ရှိပါကြောင်း၊

ဝူဟန်ဗိုင်းရပ်ကူးစက်လူနာကို မိမိတို့နိုင်ငံတွင် မတွေ့ရသေးသော်လည်း သီရိလင်္ကာနိုင်ငံ၊ နီပေါနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်ဝမ်၊ တောင် ကိုရီးယားနိုင်ငံများအထိ ပျံ့နေပြီဖြစ်သည့်အတွက် မြန်မာပြည်ကိုလည်း အချိန်မရွေးဝင်ရောက် ပျံ့နှံ့လာနိုင်ပါကြောင်း၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသော နယ်စပ်ကုန်သွယ်‌ရေး စခန်းဂိတ်များတွင် စောင့်ကြည့်စစ်ဆေး၊ ရှာဖွေညွှန်းပို့လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ကြိုဆို ရမည်ဖြစ်ပြီး နယ်စပ်တရားမဝင်ဝင်ပေါက်များမှတစ်ဆင့် ဥပဒေမဲ့ ဥဒဟိုဝင်ထွက်သွားလာ နိုင်ကြသည့်အတွက် တစ်ဖက်နိုင်ငံက ရောဂါပိုးများအချိန်မရွေးဝင်ရောက်နိုင်ပြီး ထိန်းချုပ်ရခက်ခဲ နေသော ပကတိအခြေအနေကို အသိအမှတ်ပြုဖြေရှင်းဆောင်ရွက်နိုင်ရမည် ဖြစ်ပါကြောင်း၊ ဝူဟန်ဗိုင်းရပ်သံသယလူနာငါးဦး မူဆယ်ဘက်သို့ ထွက်ပြေးရောက်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခြင်းကလည်း ပြည်သူလူထု၏စိုးရိမ်ထိတ်လန့်မှုကို ပိုမိုဆိုးရွားသွားစေခဲ့ပါ ကြောင်း၊

Digital Literacy အားနည်းသော မိမိတို့နိုင်ငံအတွက် ဝူဟန်သို့ အလည်တစ်ခေါက်လိုဗွီဒီယိုမျိုး Facebook ပေါ်တွင် ပျံ့နှံ့ခဲ့ရာတွင် လေးရက်အတွင်းကြည့်ရှုသူ ၅.၄ သန်းရှိနေသော်လည်း WHO က အင်္ဂလိပ်ဘာသာဖြင့် အသိပညာပေးချက်များကို ဇန်နဝါရီလ ၁၅ ရက်နေ့မှသာ ထုတ်ပြန်နိုင်ခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအစီအစဉ်နှင့်ပတ်သက်၍ ဇန်နဝါရီ လ ၂၉ ရက်နေ့အထိ ဖော်ပြနိုင်ခြင်းမရှိဘဲ အကြိမ် ၈၀၀ သာ လူထု၏မျှဝေမှုရှိခြင်းတို့သည် သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်ချက်များကို ပြည်သူလူထုကို ထိရောက်စွာရှင်းပြပေးရန် လိုအပ်နေသည့်အချက်များ ဖြစ်ပါကြောင်း၊ ၎င်းဗိုင်းရပ်နှင့်ပတ်သက်၍ သတင်းတု၊ သတင်းယောင်များ အားကောင်းနေ ကြောင်းနှင့် တရားဝင်သတင်းဌာနများက အချိန်မီဆောလျင်စွာ သတင်းမှန်များ၊ ကာကွယ်ကုသရေး အစီအစဉ်များ ထုတ်ပေးရန်လိုအပ်နေကြောင်း ညွှန်ပြနေပါကြောင်း၊ ကူးစက်ရောဂါစတင်ဖြစ်ပွား သော အစောပိုင်းအဆင့်များတွင် ကြောက်ရွံ့ခြင်းသည် မည်သည်ကိုမျှမသိခြင်းကြောင့်ဖြစ်ကြောင်း ပညာရှင်များကဆိုကြ၍ ကာကွယ်ကုသရေးလုပ်ငန်းများတွင် တည်ဆဲကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနှင့်အညီ အဆိုပါရောဂါကို ပြည်သူများပါဝင်၍ ကာကွယ်ကုသခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ 2019 Novel Coronavirus (2019-nCoV)ကြောင့်ဖြစ်ပွားသော ရောဂါကာကွယ်နှိမ်းနင်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရက  မည်သို့စီမံဆောင်ရွက်ထားသည် ကို  လွှတ်တော်မှတစ်ဆင့် ပြည်သူလူထုသိရှိနိုင်ရန်အတွက် ရောဂါနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန် သောကများနေကြသော ပြည်ထောင်စုတစ်ဝန်းမှ ပြည်သူများကိုယ်စား  မေးမြန်းရခြင်း ဖြစ်ပါ ကြောင်း မေးမြန်းပါသည်။

မေးခွန်းတွင်အပိုင်းနှစ်ပိုင်းပါပါကြောင်း၊ ပထမတစ်ပိုင်းက ကာကွယ်နှိမ်နင်းရေးအတွက် ကူးစက် ပြန့်ပွားမှုမရှိရန်၊ ဆိုလိုသည်မှာ ကာကွယ်ထိန်းချုပ်ရေးဖြစ်ပါကြောင်း၊ ဖြစ်ပွားမှုရှိပါက အထိအခိုက်၊ အသေအပျောက်နည်းရန်၊ ဒေါက်တာစိန်မြအေး မေးမြန်းစဉ်က အဆုတ်ရောင်ရောဂါဟု ခေါ်ပါကြောင်း၊ ယခု WHO က လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Acute Respiratory Disease) ဟု ခေါ်ပါကြောင်း၊ ဒုတိယအပိုင်းဖြစ်သော အသေအပျောက်နည်းရန်မှာ မိမိတို့တွင် ယခုအချိန်အထိ အတိအကျကုထုံးမရှိသေးပါကြောင်း၊ ဖြစ်ပေါ်လာသော Symptom များ၊ ရောဂါလက္ခဏာများကိုသာကြည့်ပြီး သက်သာအောင်ရသည့်အဆင့်သာ ရှိပါသေးကြောင်း၊ ကမ္ဘာတွင် ဤကိစ္စနှင့်ပတ်သက်ပြီး သုတေသနများစွာလုပ်သည့်အခါ HIV/AIDS ကို ကုသသော ဆေးက ထိရောက်သည်ဟု တွေ့နေပါပြီဖြစ်ကြောင်း၊ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြု ချက် မရသေးပါကြောင်း၊ ရမည်ဆိုပါက ကုသရန် ၎င်းဆေးသုံးမျိုးကိုလည်း Ready ဆောင်ထား ပြီးပြီဖြစ်ပါကြောင်း၊ မိမိတို့၏ Physician များ၊ Specialist များက ၎င်းကိုကုသရန် အရည်အချင်း အပြည့်အဝရှိပါကြောင်း၊ မည်သည့်နိုင်ငံမျှ ပို့စရာမလိုပါကြောင်း၊ မိမိတို့ပြည်တွင်းတွင် အပြည့် လုပ်နိုင်ပါကြောင်း၊

ပထမဦးဆုံးကူးစက်ပြန့်ပွားမှုထိန်းချုပ်မှုကိုအစပြောလိုပါကြောင်း၊ စသိသိချင်း မိမိတို့လူများဆီကို ချက်ချင်းဖုန်းဆက်ပါကြောင်း၊ ဝင်ပေါက်များ၊ လေဆိပ်ဝင်ပေါက်၊ နယ်စပ်ဝင်ပေါက်များကို ချက်ချင်း သွားပါ၊ ကြည့်ပါဟု ပြောပါကြောင်း၊ မိမိတို့တွင် ဘယ်လောက်အထိ အရည်အချင်းရှိလည်း လုပ်နိုင်ပါကြောင်း၊ ၅ ရက်နေ့ကစပြီး ချက်ချင်းလုပ်ပါကြောင်း၊ နောက်မကျပါကြောင်း၊ ၎င်းဗိုင်းရပ်စ်က အသစ်ဖြစ်သည့်အတွက် Novel Virus ဟုခေါ်ပါကြောင်း၊ အဆိုပါဗိုင်းရပ်စ်၏ ရောဂါလက္ခဏာ ဘယ်လောက်အထိဆိုးမလဲ၊ ရောဂါကူးစက်ပြန့်ပွားမှုက ဘယ်လောက်ရှိမလဲ၊ ရောဂါကောင်းသွားပြီး ဘယ်‌လောက်ကြာကြာအထိ ဗိုင်းရပ်စ်က ထပ်ပြီးထွက်နေဦးမလဲ၊ လုံးဝမသိပါကြောင်း၊ ထို့အပြင်၎င်းရောဂါသည် အမှုန်အမွှား(Droplet)ကအစ ခြောက်ပေအတွင်း ကူးနိုင်သည့်အတွက် အလွန်အန္တရာယ်များပါကြောင်း၊ ကူးစက်မှုကလည်း အရမ်းမြန်ပါကြောင်း၊ ကူးစက်မှု မြန်သည့်အခါ ပြည်သူ့ကျန်းမာရေးပညာတွင် အခြေခံကူးစက်နှုန်း(Basic Reproduction Rate – R 0) အသံထွက် အာရ်နော့ ဟုခေါ်ပါကြောင်း၊ R 0 ၏ တန်ဖိုးသည် အခြားကူးစက် ရောဂါများထက် ပိုမြင့်နေပါကြောင်း၊ တော်တော်စိုးရိမ်စရာကောင်းနေပါကြောင်း၊ Incubation Peirod ရောဂါပျိုးချိန်သည်လည်း ယခုထိ နှစ်ရက်မှ ၁၂.၅၊ ၁၄ အတိအကျပြော၍ မရသေးကြောင်း၊ မှန်းခြေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၁၄ ရက်နေ့ အထိကို သတ်မှတ်ထားပါကြောင်း၊ တရုတ်ပြည် တွင်နေ့စဉ် တက်နေပါကြောင်း၊ Out-break၊ ကပ်ရောဂါဗေဒတစ်ခုတွင် အပေါ်တက်သွားသည် လည်း ရှိကြောင်း၊ တည့်တည့်သွားသည်လည်းရှိကြောင်း၊ အောက်ဆင်းသည်လည်းရှိကြောင်း၊ ယခု တရုတ်ပြည်တွင် တက်နေဆဲရှိပါကြောင်း၊ နေ့စဉ်၊ နေ့စဉ်တက်နေသည်များက များများ၊ များများလာ ပါကြောင်း၊ ၃၀၀၀ ကျော်၊ ၄၀၀၀ နီးပါး၊ မနေ့က နည်းနည်းလေးပြန်ကျပါကြောင်း၊ ဒါကို ကြည့်ခြင်းအားဖြင့် ဆောင်ရွက်နေသည်များကို လုံးဝလျှော့လို့မရဘူးဖြစ်သည့်အတွက် မိမိ သေသေချာချာကိုင်တွယ်လုပ်နေပါကြောင်း၊ ဗိုင်းရပ်စ်ဖြစ်သည့်အတွက် အချိန်မရွေး ၎င်း၏ Genetic material Mutation ဖြစ်သွားပါက ဒါ့ထက်ပိုလည်းဆိုးသွားနိုင်ကြောင်း၊ ဗိုင်းရပ်စ်က တက်လည်း တက်သွားနိုင်ကြောင်း၊ မည်သူမျှမသိတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်းမသိပါကြောင်း၊ အမေရိကန်ရှိ CDC ကလည်း မသိသေးကြောင်း၊ ၎င်းရောဂါကို လုံးဝမပေါ့ဆပါကြောင်း၊ လွတ်လပ်ရေးနေ့ ကတည်းကစပြီး သေချာလုပ်ပါကြောင်း၊

ယနေ့အထိ မိမိတို့နိုင်ငံတွင် ဓာတ်ခွဲ Positive လူနာတစ်ယောက်မျှမတွေ့သေးပါကြောင်း၊ မိမိတို့ ပို့ပါကြောင်း၊ သို့သော် လေဆိပ်များတွင် Thermal Scanner ဖြင့် Temperature တိုင်းတာ ပါကြောင်း၊ တကယ့်တကယ်တော့ မလုံလောက်ပါကြောင်း၊ Thermal Scanner ဖြင့်လုပ်သည့် အချိန်တွင် ၎င်းရောဂါပျိုးချိန်ဖြစ်သော ၁၄ ရက်အတွင်း လာနေသူများသည် အဖျားမရှိပါကြောင်း၊ မိမိတို့နိုင်ငံထဲကို ရောက်ပြီးပြီ၊ ဟိုတယ်တွင်တည်းမည်၊ အိမ်များကို သွားသည့်အခါ အဖျား လက္ခဏာပေါ်လာပါကြောင်း၊ ထို့ကြောင့် အဆိုပါရောဂါကို ကာကွယ်ထိန်းချုပ်ရန် ပြည်သူလူထု၏ အင်အား၊ အဖွဲ့အစည်းများ၏အင်အား၊ ဟိုတယ်ဝန်ထမ်းများ၊ ရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အားလုံး ၎င်းရောဂါအကြောင်းနှင့်ပတ်သက်ပြီး အသေးစိတ်ဖြင့် ဘယ်လိုကုနိုင်သည်၊ ဘယ်လိုကာကွယ်ရမလဲဆိုတာ သိထားရမည် ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးရှုထောင့်(Public Health Perspective)၊ ကပ်ရောဂါဗေဒရှုထောင့် (Epidemiological Perspective)၊ ကုသမှု ရှုထောင့် (Clinical Perspective)၊ ဓာတ်ခွဲခန်းဆိုင်ရာ ရှုထောင့်(Laboratory Perspective)၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ Socio-economic ရှုထောင့် အားလုံးကနေ စဉ်းစားပြီးမှလုပ်ပါကြောင်း၊ ၎င်းရောဂါသည် အလွန်အရေးကြီးသည့့်အတွက် မိမိတို့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ထမ်းများသည် သေသေချာချာ ၂၈ ရက်နေ့လောက်ကစပြီး နေ့စဉ် မနက် ၇ နာရီခွဲ၊ ၈ နာရီတွင် အားလုံး အစည်းအဝေးလုပ်ကြောင်း၊ အားလုံး လမ်းညွှန်ချက်များပေးကြောင်း၊ ဘယ်သူက ဘာလုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးဌာနက ဘာလုပ်၊ မြို့နယ်ဆရာဝန်က ဘာလုပ်၊ ဆေးရုံအုပ် အားလုံး မိမိလမ်းညွှန်ချက်များ ချပါကြောင်း၊ မိမိ Website ထဲတွင် အကုန်ပါပါကြောင်း၊ အားလုံး လုပ်သည့် အခါ ဒီလိုကပ်ရောဂါကိုထိန်းရန် အေးအေးဆေးဆေး ဒီအတိုင်းသွားလို့မရပါကြောင်း၊ သေသေချာချာ စနစ်တကျဖြင့် လုပ်ရမည်ဖြစ်သည့်အတွက် ဆက်သွယ်မှုလမ်းကြောင်း(Line of Communication) ဘာဖြစ်ရင် ဘယ်သူကဘယ်လိုလုပ်မယ် အားလုံး သတ်မှတ်ထားပါကြောင်း၊ လုပ်သည့်အခါ လူများက အများကြီးကူချင်ကြောင်း၊ ဟိုလူဒီလူ ကူချင်တယ်တိုင်း ကူလို့မရပါကြောင်း၊ သေသေ ချာချာစည်းစနစ်ကျစွာဖြင့် ပေါင်းစပ်ညှိနှိုင်းမှုက အရမ်း အရေးကြီးပါကြောင်း၊ မဟုတ်ပါက အားလုံး ရှုပ်ယှက်ခတ်ပြီး Chaos ဖြစ်သွားမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်နေသူ အများကြီးပါဝင်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနပါကြောင်း၊ အခြားဝန်ကြီးဌာနများလည်းပါကြောင်း၊ နယ်များတွင် ဌာနများ ပါကြောင်း၊ အစိုးရအဖွဲ့များပါကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများပါသည့်အတွက် Division of Labour ဘယ်သူက ဘာလုပ်ရမလဲ၊ မိမိတို့သတ်မှတ်ထားပါကြောင်း၊ မိမိတို့လုပ်သည့်အားလုံးကို တစ်ချိန်လုံးဆန်းစစ်နေပါကြောင်း၊ လိုတိုးပိုလျှော့ သဘောမျိုး၊ ဒါတော့ လိုရင်ပိုလုပ်၊ ဒါလေးကတော့ မလိုရင်လျှော့လုပ်၊ အားလုံး လုပ်သည့်အပြင် နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်သမ္မတရုံးကလည်း မိမိတို့ကို 2019 nCoV ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီဆိုပြီး သမ္မတကြီးက ဇန်နဝါရီလ ၃၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဥက္ကဋ္ဌနှင့် မိမိက ပူးတွဲ ဥက္ကဋ္ဌအနေဖြင့့် လုပ်ပြီး စုစုပေါင်းအဖွဲ့ဝင် ၂၇ ဦးပါပြီး လုပ်ငန်းတာဝန်(၁၁)ရပ်ဖြင့် ဖွဲ့စည်းလိုက်ပါကြောင်း၊ သို့သော် ၎င်းအဖွဲ့မဖွဲ့ခင် မိမိတို့ ဝန်ကြီးဌာန တွင် ဝန်ကြီးဌာနများပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးအဖွဲ့ကို အမြဲတမ်းအတွင်းဝန်က ဥက္ကဋ္ဌအနေ ဖြင့် အဖွဲ့ဝင် ၂၀ ဦး၊ လုပ်ငန်းတာဝန် ၁၁ ခုဖြင့် စဖွဲ့ပါကြောင်း၊ မိမိတို့ စပြီးလုပ်နေပါကြောင်း၊ ထိုနေ့က ဗဟိုတွင်လည်း မိမိတို့ကအဖွဲ့ဖွဲ့ပါကြောင်း၊ မိမိကိုယ်တိုင် ဥက္ကဋ္ဌလုပ်ပြီး အဖွဲ့ဖွဲ့ထား ပါကြောင်း၊ စနစ်ကျအောင် ဖွဲ့ရခြင်းဖြစ်ပါကြောင်း၊ စနစ်မကျဘဲ ၎င်းရောဂါကို သွားထိန်းပါက ပိုက်ဆံတစ်သိန်းထည့်ပြီး တစ်ကျပ်ဖိုးလောက်သာ ရမည်ဖြစ်သည့်အတွက်စနစ်တကျဖြစ်အောင် အဖွဲ့များနှင့်လုပ်ခြင်း ဖြစ်ပါကြောင်း၊ ကုသရေးပိုင်းတွင်လည်း Clinical Management Committee ဝေဘာဂီဆေးရုံရှိ ဆရာဝန်တစ်ဦး သို့မဟုတ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ Specialist ပါဝင်ပြီး အဖွဲ့ဖွဲ့ထားပါကြောင်း၊ Physician များ၊ ပါမောက္ခများ ပါပြီး အဆိုပါရောဂါဖြစ်ပါက ဘယ်လို ကုရမလဲ၊ ဘာလုပ်ရမလဲဆိုတာ Guidance များ အတိအကျထွက်ပါကြောင်း၊ ထို့အပြင် Triage ပြုစုထားပါကြောင်း၊ ရောဂါလူနာတစ်ယောက်လာသည်နှင့် ဘယ်လိုအဆင့်ခွဲမလဲ၊ ဘာလုပ်မလဲ၊ မိမိတို့က SOP များ၊ Guideline များ အားလုံးထုတ်ထားပါကြောင်း၊

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဤရောဂါသည် Public Health Emergency of International Concern ၃၀ ရက်နေ့က ထွက်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနဖြင့် ဘာတွေလုပ်ရမလဲ၊ အခြား ၁၄၉ နိုင်ငံအဖွဲ့ဝင်များက ဘာတွေလုပ်ရမလဲဆိုတာ အဓိက ခြောက်ချက်ထွက်ပါကြောင်း၊ ၎င်းခြောက်ချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကြေညာပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံက ဇန်နဝါရီလ ၅ ရက်နေ့ကတည်းကစပြီးလုပ်နေပါပြီ ဖြစ်ကြောင်း၊ Active Surveillance ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို လျင်မြန်စွာအရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်၊ Early Detection သံသယလူနာများအား စောစီးစွာသိရှိနိုင်ရန်ပြုလုပ်ခြင်း၊ Isolation and Case Management သံသယနှင့် အတည်ပြုလူနာများအား အခြားသူများနှင့်မထိတွေ့စေဘဲ သီးခြားခန်းတွင် ထားရှိကုသပေးခြင်း၊ Contact Tracing သံသယလူနာ၊ လူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံဖူးသူများ ကို ထောက်လှမ်း၍ စောင့်ကြပ်ကြည့်ရှုခြင်း၊ Prevention of onward spread of 2019-nCoV Infection ရောဂါထပ်မံဖြစ်ပွားကူးစက်မှုကို ကာကွယ်ထိန်းချုပ်ခြင်း၊ To share full data with WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို သတင်းအချက်အလက်အပြည့်အစုံပေးပို့ခြင်းတို့ကို ဇန်နဝါရီလ ၅ ရက်နေ့ကတည်းကစပြီး မိမိလုပ်နေပါကြောင်း၊ မိမိတို့ မပေါ့ပါကြောင်း၊ အထူးအလေးထား လုပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကျန်းမာရေးပိုစတာပေါင်း ၂၂ မျိုး ထုတ်ပြီးသည့်အပြင် SOP Guideline ၁၁ မျိုး ထုတ်ပြီးပြီဖြစ်ပါကြောင်း၊ Guideline ကုသမှုပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ဘာလုပ်ရမလဲ၊ ဆရာဝန်တွေက ဘာလုပ်ရမယ်၊ သူနာပြုတွေက ဘာလုပ်ရမယ် အစရှိသဖြင့် အကုန်လုံးအသေးစိတ်ကို မိမိတို့ ထုတ်ထားပါကြောင်း၊ မိမိတို့ ယခုလုပ်သည့် လုပ်ငန်းများသည် စနစ်တကျသေသေချာချာလုပ်ခြင်း ဖြစ်ပါကြောင်း၊ သတင်းထုတ်ပြန်ချက်များကလည်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက အကြိမ် ၃၀ ခန့်ထုတ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တွေ့ရှိချက်များကိုလည်း ထုတ်ပေးပါကြောင်း၊

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မည်ကဲ့သို့လုပ်ဆောင်နေကြောင်း မိမိတို့Website တွင် ၁၅၃ ကြိမ် တင်ပါကြောင်း၊ ထိုသို့တင်ရခြင်းမှာ ပြည်သူလူထုတစ်ရပ်လုံးသည် ၎င်းရောဂါ မည်သည့်အတွက်ကြောင့်ဖြစ်ကြောင်း၊ မည်သို့ဖြစ်ကြောင်း၊ မဖြစ်အောင် မည်သို့လုပ်ရမည်နည်း၊ ဆောင်ရန်၊ ရှောင်ရန်နှင့် ထိုကိစ္စများအားလုံးကို ပြည်သူများသိမှသာ ထိန်းချုပ်မှုလုပ်ငန်းကြီးသည် အောင်မြင်မည်ဖြစ်ပါကြောင်း၊ သို့မဟုတ်လျှင် လုံးဝမအောင်မြင်ပါကြောင်း၊ ယခုနေရာတွင် မိမိ ဓာတ်ခွဲခန်း၏ကုသမှုပိုင်းနှင့်ဆိုင်၍ နှီးနွှယ်နေသည့် ဓာတ်ခွဲခန်းသည်လည်း မည်သို့လုပ်နေသည်ကို မေးလိုပါကြောင်း၊ ဓာတ်ခွဲခန်းဆိုသည်မှာ သံသယလူနာ သို့မဟုတ် ဖြစ်နေသည်ဟုထင်ရသည့် လူနာများကို အာခေါင်မှ၊ နှာခေါင်းမှ ဓာတ်ခွဲနမူနာယူပါကြောင်း၊ ထိုအရာများကိုလည်း မည်သို့ ယူရမည်ကို မိမိတို့ Guideline များ အကုန်အတိအကျ ထုတ်ထားပါကြောင်း၊ ယခုလောလောဆယ်အရ မိမိတို့နိုင်ငံတွင် ထိုရောဂါကို Detect လုပ်ရန်ဓာတ်ခွဲခန်းတွင်မလုပ်နိုင်သော်လည်း မကြာခင် ရက်ပိုင်းတွင် လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းရောဂါသည် အသစ်ဖြစ်သည့်အတွက် မိမိတို့တွင် Primer လိုပါကြောင်း၊ Probe လိုပါကြောင်း၊ ထိုအရာများသည် မိမိတို့နိုင်ငံတွင်မရှိပါကြောင်း၊ ထိုအရာတို့သည် တကယ့်ဖွံ့ဖြိုးပြီးသည့်နိုင်ငံများက ချက်ချင်းထုတ်လိုက်ပါကြောင်း၊ ၎င်းတို့ထံတွင် ရှိပါကြောင်း၊ ထိုအရာသည်မိမိတို့ ရတော့မည်ဖြစ်ကြောင်း၊ ဥပမာ National Center for Global Health and Medicine(NCGM)နှင့့် Juntendo University တို့နှင့် JICA တို့မှ 100 Reaction လုပ်ရန် အတွက် မကြာခင်ရက်ပိုင်းအတွင်းတွင် ၁၂ ရက်နေ့ မနက်လောက်ရရန်ရှိပါကြောင်း၊ ထိုင်းနိုင်ငံ Armed Forces Research Institute of Medical Science(AFRIMS)မှ ဓာတ်ခွဲအကြိမ် ၁၀၀ စာလုပ်ရန် မိမိတို့ရတော့မည် ဖြစ်ပါကြောင်း၊ ထို့နောက် အမေရိကန်နိုင်ငံ Centre for Disease Control မှ ၁၇ ရက်နေ့တွင် အကြိမ် ၂၅၀ စာလောက်လုပ်ရန်ရသည့်အပြင် Asia Pacific ၏ ဘန်ကောက်မြို့တွင် အခြေစိုက်သည့် Chief ကိုယ်တိုင်လာ၍ မိမိတို့ Virologists များနှင့် Training ပေးမည်၊ လုပ်မည်ဆိုလျှင် ၁၉၊ ၂၀၊ ၂၁ ရက်နေ့လောက်တွင် မိမိတို့နိုင်ငံတွင် ထိုရောဂါ ဟုတ်/မဟုတ် ဆိုသည် ကို စမ်းသပ်၍ရရန်ရှိပါကြောင်း၊ ထိုနေရာတွင်လည်း မိမိတို့ နောက်မကျပါကြောင်း၊ မိမိတို့ အမျိုးသားဓာတ်ခွဲခန်းတွင်ရှိသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်မှအစ ညွှန်ကြားရေးမှူးများက ကမ္ဘာအရပ်ရပ်တွင်ရှိသည့် ထို Centre များနှင့် Webiner များ၊ Viber Call နှင့် Skype များလုပ်ပါကြောင်း၊ အကုန်လုံး Update ဖြစ်ကြောင်း၊ နောက်ဆုံးဖြစ်ပေါ်သည့်အခြေအနေကို နောက်မကျအောင် မိမိတို့ အမြဲလုပ်ပါကြောင်း၊ ထို့အပြင် မိမိတို့ကို အကူအညီပေးနေသည့် Greater Mekong Sub-region Health Security Project မှလည်း လိုအပ်သည့်ပစ္စည်းများ၊ ၎င်းတို့ကို မိမိတို့ ရရန် လုပ်နေပါကြောင်း၊ ထိုနေရာတွင် မိမိတစ်ချက်ပြောလိုသည်မှာ လူများက မေးပါကြောင်း၊ ထိုဓာတ်ခွဲသည့်ကိစ္စကို မည်သည့်အတွက် မြန်မာနိုင်ငံတွင်မလုပ်နိုင်ရမည်နည်း၊ တစ်ကမ္ဘာလုံးတွင် စစ်ဆေးနိုင်သည်မှာ အားလုံး ၁၅ နေရာသာရှိပါကြောင်း၊ ပထမ ၁၂၊ ယခု ၁၅ နေရာဖြစ်ပါကြောင်း၊ တကယ့်နိုင်ငံများဖြစ်ပါကြောင်း၊ တရုတ်၊ Japan၊ Germany၊ South Africa၊ Thailand၊ India၊ Singapore၊ Senegal၊ France၊ UK၊ Russia၊ USA၊ Australia ထိုနိုင်ငံများတွင် လောလောဆယ်လုပ်နိုင်ပါကြောင်း၊ သို့သော်လည်း မကြာခင် မိမိတို့နိုင်ငံတွင်လည်း လုပ်ရန် ရှိပါကြောင်း၊ သို့သော်လည်း မိမိတို့ နိုင်ငံတွင်စလုပ်သည့်အခါ မိမိတို့မှာလုပ်တာနှင့် တစ်ပြိုင်နက် Sample ကို ထို ၁၅ နေရာထဲမှ တစ်ခုကို မိမိတို့အား ပေးရမည်၊ မိမိတို့သည် မှန်လား၊ မှားလားဆိုသည်ကို Check လုပ်မည်၊ မိမိတို့က စလုပ်တာဖြစ်သည့်အတွက် ၎င်းတို့ကလည်း မယုံတာမဟုတ်ပါကြောင်း၊ စပြီးလုပ်သည့် Center များတွင် နှစ်ခုပေးရပါကြောင်း၊ Cross Checking လုပ်သည့်သဘောဖြစ်ကြောင်း၊ ထိုအရာများသည်လည်း မိမိတို့ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ Lab နှင့်ပတ်သက်၍ မိမိတို့နယ်ဆေးရုံများတွင် လူနာတစ်ယောက်လာလျှင် မည်သို့ Throat swab ယူမည်နည်း၊ ယူပုံ၊ ယူနည်း၊ ထုပ်ပိုးပုံ၊ သယ်ယူပုံ၊ ညွှန်ကြားချက်များကို ဗွီဒီယိုများနှင့် အကုန်လုံး ပြထားပါကြောင်း၊ ယူသည့်အခါတွင် PPE ဝတ်ရမည်၊ PPE ဝတ်ပုံစားပုံအားလုံးကိုလည်း မိမိတို့က Video နှင့် လုပ်ကြောင်း၊ နောက် Disinfection ကိစ္စအကုန်လုံး Lab က အဆင်သင့် ဖြစ်ပါ ကြောင်း၊ မိမိတို့လူများက အကုန်လုံးအဆင်သင့်ဖြစ်ပါကြောင်း၊ Reagent, Primer, Probe များရမည်ဆိုလျှင် မိမိတို့ရမည် ဖြစ်ပါကြောင်း၊ မိမိတို့သာ လုပ်ခြင်း မဟုတ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တွင်ရှိသည့် ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရမှ လုပ်ဆောင်မှုများ ၁၇ ခုလုံးကို ကျေနပ်မှု ရှိပါကြောင်း၊ ဗဟိုနှင့်ချိတ်ဆက်လုပ်နေသည့် ၎င်းတို့၏ အသေးစိတ်များ သည် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းမှ လုပ်ဆောင်ချက်များသည် မိမိတို့၏ ညွှန်ကြားချက် အတိုင်း အကုန်လုံးလိုက်လုပ်နေသည်ကို တွေ့ရပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် ဌာနဆိုင်ရာများ ပူးပေါင်းရန်လည်း အလွန်ကျေနပ်ဖွယ်ရာကောင်းသည်ကို တွေ့ရပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရကလည်း ဦးဆောင်ပြီး လုပ်သည့်အတွက် ကျေနပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် ဝန်ကြီးဌာနမှလုပ်၍ မရပါကြောင်း၊ ပြည်နယ်အစိုးရမှ ဦးဆောင်မည်ဆိုလျှင် အားလုံးကိစ္စပြီးပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် လုပ်ခြင်းသည် အဓိကမှာ ပြည်သူများကို ကျန်းမာရေးအသိပညာ (Health Literacy Level) ကို တက်အောင် လုပ်ခြင်း ဖြစ်ပါကြောင်း၊ နမူနာတစ်ခု ကယားပြည်နယ်တွင် ၂၆ ရက်နေ့မှစ၍ ကျန်းမာရေး ဝန်ထမ်းများကို လိုက်နာမည့်လမ်းညွှန်ချက် (SOP) များကို ဆေးရုံကြီးများ၊ မြို့နယ်များကို အကုန်ပို့ပြီး၊ နောက်ထပ်လူနာတွေ့လျှင် မည်သို့လုပ်ဆောင်မည်ဆိုသည့် လမ်းညွှန်ချက်များ အကုန်ပေးပြီးပြီဖြစ်ကြောင်း၊ လွိုင်ကော်ဆေးရုံတွင် သံသယလူနာကိုထားရန် အခန်းများလုပ်ပြီး၊ ၂၇ ရက်နေ့တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့်ချိတ်ဆက်၍ မည်သို့လုပ်ဆောင်ရမည်ကို အကုန်လုပ်ပြီးပါပြီ ဖြစ်ကြောင်း၊ ၂၈ ရက်နေ့တွင် အကုန်ခေါ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဆေးရုံ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီဒီယာ၊ လေဆိပ် အကုန်အသိပေးခြင်းများ လုပ်ပါကြောင်း၊ ၂၉ ရက်နေ့တွင် ပိုစတာဗွီနိုင်းများကို ကျေးလက်ကျန်းမာရေးအဆင့်ထိ အားလုံးဖြန့်ဝေပြီးဖြစ်ကြောင်း၊ ၃၀ ရက်နေ့ တွင် ဟိုတယ်၊ တည်းခိုခန်းများတွင် ပိုစတာများ ကပ်ခြင်းများ အကုန်လုပ်ထားပါကြောင်း၊ ၎င်းကို နမူနာအဖြစ် ပြောခြင်းဖြစ်ပါကြောင်း၊ ၃၁ ရက်နေ့တွင် ရောဂါကို Active Surveillance ထောက်လှမ်းခြင်း ကိစ္စများကိုလည်း အကုန်ဝိုင်း၍လုပ်နေသည်တွေ့ရကြောင်း၊

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကော်မတီအစည်းအဝေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ပါဝင်ပါကြောင်း၊ ဌာနဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်တွင် အကုန်ပါဝင်ကြောင်း၊ ကြက်ခြေနီ ပါဝင်ကြောင်း၊ MMCWA များ၊ လူမှုရေး၊ NGO အကုန်ပါဝင်ပြီး လုပ်ပါကြောင်း၊ ဆိုလိုသည်မှာ မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင်လုပ်သည်ကို မှတ်တမ်းလည်း တင်ချင်ပါကြောင်း၊ ကျေလည်း ကျေနပ်ပါကြောင်း၊ ထိုအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးက ဆက်လုပ်မည်ဆိုလျှင် မိမိတို့က အခြေအနေကောင်းမည်ဟု ထင်ပါကြောင်း၊ အကျဉ်းချုပ် ပြောခြင်းဖြစ်ပါကြောင်း၊ ယခု လွှတ်တော်ကိုယ်စားလှယ်ကြီး မေးသည့့်အကြောင်းသည် မိမိထင်သည်မှာ အားမရ၍ မေးခြင်းလည်း ဖြစ်နိုင်ကြောင်း၊ သို့သော်မေးသည့်မေးခွန်းသည် အချိန်နည်းနည်းကြာပြီ ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ ကျေနပ်မည်ဟုထင်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနသည် အထူးလုပ်ပေးနေပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော် ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သေသေချာချာလုပ်နေသည်ကို တွေ့ရသည့်အတွက် မှတ်တမ်းတင်လိုပါကြောင်း၊ မိမိတို့ ဂုဏ်လည်းယူပါကြောင်း၊ ယခုလို အခြေအနေမျိုးတွင် အားလုံးပေါင်းစပ်ပြီး လုပ်နေသည်ကိုတွေ့ရကြောင်း၊ စည်းလုံးညီညွတ်ခြင်းကိုလည်း တစ်နည်း အားဖြင့် ပြနေခြင်းဖြစ်ပါကြောင်း၊

TV Spot များ လုပ်ကြောင်း၊ Breaking News ငါးကြိမ်၊ စနစ်တကျလက်ဆေးရန်အတွက် ၂၁ ကြိမ် အစရှိသည်ဖြင့် သတင်းစာထဲတွင်ပါသည့် အကြိမ်များတော်တော်များပါကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနကို ကျေးဇူးလည်းတင်ပါကြောင်း၊ အလွန်အရေးကြီးပါကြောင်း၊ တိုင်းရင်းသား ဘာသာများတွင် အားလုံး ၈၈ ကြိမ်ရှိပြီဖြစ်ကြောင်း၊ ဘာသာအနေဖြင့် ၁၁ ဘာသာနှင့်ပြခြင်းသည် အထူးအရေးကြီးပါကြောင်း၊ မိမိတို့သည် ထိုတိုင်းရင်းသားကိစ္စကို ပစ်မထားကြောင်း အရေးကြီးသည့် ဝင်ပေါက်၊ ထွက်ပေါက်များသည် တိုင်းရင်းသားများနှင့်နီးသည့် နေရာဖြစ်သည့်အတွက် အထူးအရေးကြီးပါကြောင်း၊ ၎င်းကိုလည်း ၈၈ ကြိမ်တင်မက ၃၆၀ ကြိမ်လောက်ထိပြနိုင်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း၊ ကွန်ပျူတာတွင် လက်နဲ့ထောက်လိုက်ပါက ဘယ်မြို့နယ်မှာ သံသယက ဘယ်နှစ်ယောက်ရှိသလဲ ထိပ်မှာပါပါကြောင်း Interactive၊ ဘယ်မြို့နယ်ထောက်လိုက်ပါက ၎င်းမြို့နယ်မှာရှိလား၊ မရှိလား အကုန်ပေါ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန Website တွင် တင်ထားပါကြောင်း၊ တော်တော်များ ပါကြောင်း၊ TV Spot ဆိုပါက ဇန်နဝါရီလ ၂၅ ရက်မှ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ၁၇၈ ကြိမ်၊ သတင်းထုတ်လွှင့်မှုသည် ဇန်နဝါရီလ ၂၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အထိ ၁၅၉ ကြိမ်၊ Breaking News ကငါးကြိမ် တော်တော်များ ပါကြောင်း၊ အရေးကြီးဆုံးဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်သည် ၎င်းရောဂါထိန်းချုပ်မှုမှာ အဓိကကဏ္ဍမှာပါဝင်ပါကြောင်း၊

ထို့အပြင် ပြည်သူများအနေဖြင့်သော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ အနေဖြင့် သော်လည်းကောင်း၊ အခြားဝန်ကြီးဌာနအနေဖြင့်သော်လည်းကောင်း မိမိတို့ ဘာတွေ လုပ်နေတယ် ဆိုတာကို အတိအကျသိရန် မိမိတို့ Website တွင် နေ့စဉ်နေ့တိုင်းလုပ်နေသော အစည်းအဝေး မှတ်တမ်း အကုန်ရှိပါကြောင်း၊ မိမိဘာတွေပြောလဲ၊ ဘာတွေလုပ်ရမလဲ၊ ဘာတွေညွှန်ကြားချက် တွေရှိလဲဆိုတာ (၁/၂၀၂၀)မှ ယနေ့အထိ (၁၅/၂၀၂၀)ထိ လုပ်ပါကြောင်း၊ ထူးခြားသည်မှာ (၁၀/၂၀၂၀) ဖေဖော်ဝါရီလ ၆ ရက်နေ့ အစည်းအဝေးတွင် ပြည်သူများသို့အသိပေး တင်ပြချက်ဆိုသည်ကို အသေးစိတ်ပြောပြီးပါပြီ ဖြစ်ပါကြောင်း၊ ပြည်သူများကိုလည်း ဖတ်စေချင်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများလည်းဖတ်ကြည့်ပြီး မိမိတို့ကိုလည်း လိုအပ်သည့်အကြံဉာဏ်များရှိရင် ပေးပါ၊ မိမိတို့သေချာစွာ လုပ်မှာဖြစ်ပါကြောင်း၊ ဆေးရုံများကို လိုအပ်သည်များ အကုန်ဆက်ပြီးပံ့ပိုးပါကြောင်း၊ အသက်ရှူစက်များ၊ Personal Protective Equipment များ၊ N95 Mask များ၊ Antibiotic များကအစ အကုန်ပါပါကြောင်း၊ Surgical Mask၊ Hand sanitizer အကုန်ပေးထားကြောင်း၊ Pulse oxymeter ၊ Defibrillator ၊ ECG monitor ၊ Nebulizer ၊ Syrings pump၊ Infusion Pump၊ ICU Intensive Care Unit တွင်လိုသော ပစ္စည်းအကုန်လုံး မိမိတို့ပံ့ပိုးပါကြောင်း၊

ဆက်လက်ပြီး ပံ့ပိုးပေးပါမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရကလည်း မိမိတို့ဝန်ကြီးဌာနကို သိန်း ၃၀၀၀ အရေးပေါ်ရန်ပုံငွေလျာထားသည့်အထဲကလည်းပံ့ပိုးမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်သူ များကလည်း လှူပါကြောင်း၊ Ventilator ကတော်တော်ဈေးကြီးပါကြောင်း၊ သိန်း ၄၀၀ ဖြစ်ပါ ကြောင်း၊ လှူသူ အများကြီးရှိပါကြောင်း၊ ပြည်သူလူထုကိုလည်း အများကြီးကျေးဇူးတင်ပါကြောင်း၊ ပြည်သူလူထုအားလုံးပါဝင်သည်ကိုလည်း တွေ့ရပါကြောင်း၊ မိမိတို့နိုင်ငံတွင် လောလောဆယ် ရောဂါရှိသူမတွေ့သော်လည်း စိုးရိမ်ရကြောင်း၊ အချိန်မရွေးဗြုန်းကနဲ အများကြီးပေါ်လာနိုင် ပါကြောင်း၊ Incubation Period များက ၁၄ ရက်လောက်ဖြစ်ကြောင်း၊ ဘယ်သူဘာပေါ်လာမလဲ ဆိုသည်ကို ကြည့်နေရပါကြောင်း၊ ကျေနပ်နေလို့မရပါကြောင်း၊ မိမိတို့ သေချာလုပ်နေပါကြောင်း၊ လေဆိပ်တွင်ဝင်လာသူ နည်းကြောင်း၊ Visa on Arrival ကိုပိတ်ထားသည့်အတွက် ပြည်တွင်းအဝင် ဦးရေကျဆင်းလာသည်မှာ ယခု ရာကျော်လောက်သာရှိကြောင်း၊ ၂၀၀ ကျော်၊ ၁၀၀ ကျော်သာ လေဆိပ်က ဝင်ပါတောကြောင်း၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့စိုးရိမ်နေသည်မှာ ကုန်းလမ်းတွင် ယခင်က တရားဝင်ပေါက်က ၂၇ ပေါက်ရှိပါကြောင်း၊ သိန်းချီပြီးဝင်ပါကြောင်း၊ နောက်ပိုင်းတွင် သောင်းချီပြီး ဝင်ပါကြောင်း၊ မိမိတို့ထိန်းချုပ်ရမည် ဖြစ်ပါကြောင်း၊ နယ်စပ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လုပ်လို့မရပါ‌ကြောင်း၊ နယ်စပ်တွင် တာဝန်ရှိအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများက အကုန်လုံးပေါင်းစပ်လုပ်ရမည် ဖြစ်ကြောင်း၊ နယ်စပ်ကိုအားဖြည့်နေပါကြောင်း၊ Thermal Scanner များကအစ အကုန်ပို့နေ ပါကြောင်း၊

အကြောက်ရဆုံးကတော့ လွှတ်တော်ကိုယ်စားလှယ်များအားလုံးသိသည့်အတိုင်း Human to Human Transmission ဖြစ်နေပါကြောင်း၊ လူတစ်ဦးမှ တစ်ဦး ကူးစက်နိုင်သည့်အတွက် အလွန်စိုးရိမ်ရသည့် အခြေအနေရှိပါကြောင်း၊ ပြည်သူလူထုကို ပြောလိုသည်မှာ Quarantine လုပ်ခြင်းကို မကြောက်ပါနှင့်၊ Quarantine Isolation ဆိုသည်မှာ ရောဂါဖြစ်လာပါက ချက်ချင်း ကုသ၍ ရောဂါကောင်းသွားနိုင်ပါကြောင်း၊ အကယ်၍ Quarantine အလုပ်မခံဘဲ ဟိုလျှောက်ပြေး၊ ဒီလျှောက်ပြေးနေပါက ရှောင်နေပါက ၎င်းကတစ်ဆင့် မိသားစုများ၊ ‌ဆွေမျိုးအသိုင်းအဝိုင်းများကို ကူးသွားပါက ထိန်းမနိုင်သိမ်းမရသည့်အခြေအနေဖြစ်နိုင်ပါကြောင်း၊ ပြည်သူလူထုသာလျှင် အဓိက ဖြစ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကိုလည်း အထူးမေတ္တာရပ်ခံပါကြောင်း၊ ဝန်ကြီးသုံးဦး၊ လေးဦးနှင့် မိမိကိုယ်တိုင်ဆွေးနွေးခဲ့ပြီး သေသေချာချာအကူအညီပေး‌နေပါကြောင်း၊ ဆက်လက်ပြီးထိန်းချုပ်ရန် ရှုထောင့်မျိုးစုံကလုပ်သည့်အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)တို့ အခြားနိုင်ငံရှိ Institution များ၊ ADB၊ World Bank များအစ အားလုံးနှင့်နှီးနွှယ်ပြီး သေသေ ချာချာရှုထောင့်မျိုးစုံက သုံးသပ်ပြီး မိမိတို့မြန်မာနိုင်ငံ၏ လိုအပ်ချက်အပေါ်မူတည်ပြီး စုပေါင်း တိုင်ပင်ဆွေးနွေးဆုံးဖြတ်ခြင်းများကို အမိနိုင်ငံအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြား ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး