Skip to main content

၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင် ပြုလုပ်ခြင်း ဥပဒေအရ သိမ်းဆည်းခဲ့သည့် အခန်း၊ အဆောက်အအုံများကို မူလပိုင်ရှင်နှင့် ပိုင်ရှင်၏ ဆက်ခံသူများက ပြန်လည်လျှောက်ထားသည့် ကိစ္စနှင့် စပ်လျဉ်းပြီး ဆောင်ရွက်နေမှုကို သိရှိလိုသည့်အတွက် မေးခွန်းမေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ ဆိုရှယ်လစ် စီးပွားရေး တည်ဆောက်ရေးအတွက် ၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင် ပြုလုပ်ရေး ဥပဒေပြဋ္ဌာန်းပြီး အမိန့်ကြော်ငြာစာ အမှတ်(၃၉)ဖြင့်လည်းကောင်း၊ အမိန့်ကြော်ငြာစာ အမှတ်(၄၉)ဖြင့်လည်းကောင်း၊ တစ်ပြည်လုံးရှိ လုပ်ငန်းများကို ပြည်သူပိုင် သိမ်းခဲ့ပါကြောင်း၊ ပြည်သူပိုင်လုပ်ခဲ့သည့် အခန်း၊ အဆောက်အအုံများ နှင့်စပ်လျဉ်းပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ဝန်ကြီးချုပ်ရုံး၏ ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ နေ့စွဲဖြင့် အမိန့် အမှတ် (၂၇၇)အရ အစိုးရက ဆက်လက်အသုံးပြုမည့် အဆောက်အအုံများကို လျော်ကြေး ပေးခြင်းနှင့် အစိုးရ အသုံးမပြုသည့် အခန်း၊ အဆောက်အအုံ တရားဝင် လွှဲပြောင်းပေးခြင်းကို ကုန်သွယ်ရေး ဝန်ကြီးဌာနမှလည်းကောင်း၊ နဝတ အစိုးရ လက်ထက်တွင် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်မှ လည်းကောင်း စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော် မိမိတို့ ပုံစံ(၃)ဖြင့် ပြန်လည်‌ ပေးခဲ့ခြင်း ရှိသော်လည်း လက်ရောက် မရရှိသည့် အခန်းများ၊ အဆောက်အအုံများ များစွာ ရှိခဲ့ပါကြောင်း၊ ထိုကြောင့် ယခုမေးခွန်းကို မေးရခြင်း ဖြစ်ပါကြောင်း၊

နိုင်ငံရေးစနစ်နှင့် ခေတ်ကာလ အခြေအနေအရ လက်ရှိတွင် ဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေးစနစ်ကို နိုင်ငံတစ်ဝန်း ကျင့်သုံးလျက် ရှိနေပြီ ဖြစ်ပါကြောင်း၊ ဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေးစနစ်ကို ပြည်သူပိုင် လုပ်ငန်းများ၊ တိုက်ခန်း၊ အဆောက်အအုံများကို ပုဂ္ဂလိကသို့ ပြန်လည်လွှဲ ပြောင်းနိုင်ရေး လက်ရှိအစိုးရက ကြိုးပမ်းလျက် ရှိပါကြောင်း၊ ၎င်းကြိုးပမ်းချက်တွင် အဓိက တစ်ခုဖြစ်သည် ၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင် ပြုလုပ်ခြင်း ဥပဒေအရ သိမ်းဆည်းခဲ့သည့် အခန်း၊ အဆောက်အုံများကို မူလပိုင်ရှင်နှင့် ပိုင်ရှင်၏ ဆက်ခံသူများ ပြန်လည်‌ လျှောက်ထားသည့် ကိစ္စနှင့်စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်ရသည့် ကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ်(၁၈၇/၁၃၂-အထွေထွေ (အဖရ)၂၀၁၉ ကို ၂၆-၄-၂၀၁၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ ၎င်းညွှန်ကြားချက်တွင် မိမိတို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအားလုံး၊ ပြည်ထောင်စု ဝန်ကြီးဌာနများ အားလုံး၊ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အားလုံးက လိုက်နာ ဆောင်ရွက်ရမည့် မူဝါဒ (၉)ရပ်၊ စိစစ်ရန် အချက် (၆)ချက်နှင့် ဆောင်ရွက်ရန် အချက် (၆)ချက် တို့ကို ထုတ်ပြန်ထားပါကြောင်း၊ လိုက်နာရမည့် မူဝါဒ(၉)ရပ်တွင် ပြည်သူပိုင်သိမ်း အခန်း ဖြစ်ကြောင်း ဆုံးဖြတ်ရမည့်၊ လိုက်နာရမည့် အချက် တစ်ချက်ပါကြောင်း၊

ပြန်ပေးရမည့် အခန်း၊ အဆောက်အအုံဖြစ်ကြောင်း ဆုံးဖြတ်ချိန်တွင် လိုက်နာရာမည့် အချက် နှစ်ချက်တွင် ပထမတစ်ချက်သည် ပြည်သူပိုင် အသိမ်းစာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း ထင်ရှားခြင်း၊ ဒုတိယအချက်သည် ပုံစံ(၃)ဖြင့် ပြန်လည် ပေးအပ်ပြီးနောက် ငှားရမ်းခများကို ၁၉၈၇ ခုနှစ် နောက်ပိုင်းအထိ ရရှိကြောင်း ထင်ရှားပြသနိုင်ခြင်း ဟု အချက် နှစ်ချက် ဖြစ်ပါကြောင်း၊ ဒုတိယအချက်တွင် မိမိတို့ ငှားရမ်းခ ပြေစာကို ငှားရမ်းသည့် သူကို ပေးခြင်းဖြစ်ကြောင်း၊ သို့သော် မိမိပြန်ပြီး သက်သေ ပြခိုင်းနေသည်က ငှားရမ်းသည့် သူကို ပြန်ပြီး သက်သေပြခိုင်းသည့်အတွက် ၎င်းသည် အဆင်ပြေ နိုင်မည်ဆိုသည်ကို ပြန်လည် သုံးသပ်ပေးစေချင်ပါကြောင်း၊ ထို့ပြင် ပြန်ပေးရန် မသင့်ကြောင်း ဆုံးဖြတ်ချိန်တွင် လိုက်နာရမည့် အချက် သုံးချက်။ ထို့အပြင် ပြည်ထောင်စု ရှေ့နေချုပ်ထံ ဥပဒေအကြံဉာဏ် တောင်းခြင်း၊ ပြန်လည် လွှဲပြောင်းခြင်း မပြုလျှင် ဆောင်ရွက်ရမည့် အချက်၊ ပြန်လည် လွှဲပြောင်းခြင်း ပြုလျှင် ဆောင်ရွက်ရမည့် အချက်တို့ ရှိပါကြောင်း၊ ၎င်းသည် စိစစ်ရန် အချက်(၆)ချက်ဖြစ်ပါကြောင်း၊ ပြည်သူပိုင် သိမ်းခဲ့ခြင်း ဟုတ်/မဟုတ်၊ မူလပိုင်ရှင် ဆက်ခံသူ ဟုတ်/ မဟုတ် ဝန်ကြီးဌာန အသုံးပြုမှု အခြေအနေ ငှားရမ်းထားခြင်း ရှိ/မရှိ၊ ငှားရမ်း သက်တမ်း ကျန်/မကျန် ဝန်ကြီးဌာန မူလပိုင်ရှင် အမည်ပေါက် ထားခြင်း ရှိ/မရှိ၊ ပဆ နံပါတ်ဖြင့် သိမ်းဆည်းထားခြင်း အခန်း၊ အဆောက်အအုံနှင့် လက်ရှိ အသုံးပြုနေသည့် အခန်း၊ အဆောက်အအုံများ ကွဲလွဲမှု ရှိ/မရှိကို စိစစ်ပေးရန် အချက်(၆)ချက် ဖြစ်ပါကြောင်း၊ ၎င်းသည့် မိမိတို့ စိစစ်ရန် အချက် (၆)ချက် ဖြစ်ပါကြောင်း၊ ၎င်းအချက်များအပေါ်တွင် အခြေခံပြီး ပြန်လည် စစ်ဆေးပြီး မိမိတို့ ပြန်လည် ပေးအပ်သင့်ပါက ပြန်လည်ပေးအပ်နိုင်ရန်၊ ဝန်ကြီးဌာန အသုံးပြုသင့်ပါက အသုံးပြုရန်အတွက် ဟု ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း ရှိပါကြောင်း၊ ၎င်းညွှန်ကြားချက်နှင့်အညီ ပြည်သူများ လျှောက်ထားရန်၊ ၎င်းညွှန်ကြားချက်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အမိန့်ကြော်ငြာစာပါ အချက်များနှင့်အညီ ဌာနများက အလေးထား ဆောင်ရွက်ခြင်း ရှိ/မရှိ၊ မည်သည့် ဌာနများက လျှောက်ထားလာသည့် ကိစ္စ၊ မည်မျှ ဆောင်ရွက်ထားနိုင်သည်ကို ဖော်ပြပေးနိုင်ခြင်း ရှိ/မရှိ၊ ပြန်လည် လျှောက်ထားလာသည့် မူလပိုင်ရှင်အား ညွှန်ကြားချက်နှင့်အညီ ပြန်လည် အပ်နှံသည့်ကိစ္စ မည်မျှရှိသနည်း၊ သမဝါယမ ဦးစီးဌာနက ပြည်သူပိုင် သိမ်းဆည်းထားသည့် အဆောက်အအုံ မည်မျှကို မူလပိုင်ရှင် ဆက်ခံသူ မည်မျှအား ပြန်လည်အပ်နှံသည့် အခြေအနေ အရေအတွက်ကို ဖော်ပြနိုင်ခြင်း ရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။


 

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောသလေးစော တင်သွင်းသည့် ၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင် ပြုလုပ်ခြင်း ဥပဒေအရ သိမ်းဆည်းခဲ့သည့် အခန်း၊ အဆောက်အအုံများကို မူလပိုင်ရှင်နှင့် ပိုင်ရှင်၏ ဆက်ခံသူများက ပြည်လည် လျှောက်ထားသည့် ကိစ္စရပ်နှင့်စပ်လျဉ်းပြီး ဆောင်ရွက် အကောင်အထည် ဖော်နေမှုကို သိရှိလိုခြင်း နှင့်ပတ်သက်ပြီး ပြည်ထောင်စု ရှေ့နေချုပ်မှ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ဖြေကြားချက်များကို စုပေါင်းပြီး တင်ပြခြင်း ဖြစ်ပါကြောင်း ပဏာမ တင်ပြလိုပါကြောင်း၊

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောသလေးစောက ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင် သိမ်းခြင်း ဥပဒေအရ သိမ်းခဲ့သည့် အခန်းများ၊ အဆောက်အအုံများကို မူလပိုင်ရှင်နှင့် ပိုင်ရှင်၏ ဆက်ခံသူများက ပြန်လည် လျှောက်ထားသည့် ကိစ္စများတွင် လိုက်နာဆောင်ရွက်ရန် စာအမှတ်၊ ၁၈၇/၁၃၂ အထွေထွေ (အဖရ) ၂၀၁၉ ကို ထုတ်ပြန်သည်ဟု သိရှိရကြောင်း၊ ၎င်းအမိန့် ညွှန်ကြားစာတွင် ပြည်ထောင်စု အဖွဲ့အစည်းဝင် အားလုံး၊ ဝန်ကြီးဌာနအားလုံး၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့အားလုံးကို လိုက်နာရမည့် မူဝါဒ(၉)ရပ်၊ စိစစ်ရန် အချက် (၆)ချက်၊ ဆောင်ရွက်ရန် အချက် (၆)ချက် တို့ကို အတိအကျ သတ်မှတ်ပေးထားပြီး ဖြစ်ပြီး မေးခွန်း (၅)ရပ် မေးမြန်းထားခြင်း ဖြစ်ပါကြောင်း၊ ရှေ့နေချုပ်မှ ဖြေကြားသည့် နေရာတွင် ပဏာမ ဖြေကြားခဲ့သည့်အတိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီး၏ ဆောင်ရွက်မှု အခြေအနေများကို စုပေါင်း ဖြေကြားခြင်း ဖြစ်ပါကြောင်း ထပ်မံတင်ပြလိုပါကြောင်း၊

လွှတ်တော် ကိုယ်စားလှယ်ကြီး၏ မေးခွန်း(က)ဖြစ်သည့် ၎င်းအမိန့်၊ ညွှန်ကြားချက်ကို အများ ပြည်သူ သိရှိ လျှောက်ထားရာတွင် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် ရှိ/မရှိဆိုသည့် အချက် ဖြစ်ပါကြောင်း၊ တော်လှန်ရေး ကောင်စီခေတ်က ၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင် ပြုလုပ်ခြင်း ဥပဒေ ပြဋ္ဌာန်းပြီးသည့်နောက်ပိုင်း ပြည်သူပိုင်သိမ်းသည့် စီးပွားရေး လုပ်ငန်းများတွင် မြေများ၊ အဆောက်အအုံများ၊ အခန်းများ ပါရှိ ခဲ့ပါကြောင်း၊ ထိုကဲ့သို့ သိမ်းဆည်းခဲ့သည့် မြေများ၊ အခန်းများ၊ အဆောက်အအုံများကို မူလပိုင်ရှင်နှင့် ပိုင်ရှင်၏ ဆက်ခံသူများက ပြန်လည် လျှောက်ထားခြင်း များရှိသည့် နေရာတွင် လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ၂၆-၄-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့သည့် စာအမှတ်၊ ၁၈၇/၁၃၂ အထွေထွေ(အဖရ)၂၀၁၉ ဖြင့် ဝန်ကြီးဌာနများ အားလုံး၊ အဖွဲ့အစည်းများကို ပေးပို့ခဲ့ပါကြောင်း၊ ၎င်းတွင် ပါသည့် အချက်များသည် ပထမတင်ပြခဲ့သည့် လိုက်နာရမည့် မူဝါဒ (၉)ရပ်၊ ဝန်ကြီးဌာန အဖွဲ့အစည်းများမှ စိစစ်ရမည့် အချက် (၆) ချက်၊ ဆောင်ရွက်ရမည့် အချက် (၆)ချက်၊ ပြည်သူပိုင်သိမ်း အဆောက်အအုံများကို အပြီးအပိုင် လွှဲပြောင်း ပေးသည့်အချိန်တွင် ပေးရမည့် ပုံစံ(က)၊ လွှဲပြောင်းပေးသည့်အချိန်တွင် သုံးရမည့် ပုံစံ(ခ)တို့ ပူးတွဲပါပါကြောင်း၊ ထို့ကြောင့် ၎င်းဥပဒေအရ ပြည်သူပိုင် သိမ်းဆည်းရေး လုပ်ငန်းသည် ၁၉၆၃ ခုနှစ်လွန်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပိုင်ရှင်များ၊ အမွေဆက်ခံသူများမှ သိမ်းဆည်းခြင်း ခံရသည့် မြေများ၊ အခန်းများ၊ အဆောက်အအုံများကို ပြန်လည် တောင်းသည့် ကိစ္စသည် အစိုးရအဆက်ဆက် စိစစ်ဆောင်ရွက်ခဲ့ရသည့် ကိစ္စ ဖြစ်ပါကြောင်း၊

လက်ရှိ အစိုးရ လက်ထက်တွင်လည်း ပြည်သူပိုင်သိမ်းသည့် မြေများ၊ အခန်းများ၊ အဆောက်အအုံများကို ပြန်လည်တောင်းခံသည့် ကိစ္စများ ရှိခြင်းများကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ နီးပါးက ကြာမြင့်ခဲ့သည့် အဆိုပါ ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်သည့် နေရာတွင် စနစ်တကျ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ဝန်ကြီးဌာနများ၊ အစိုးရ အဖွဲ့ရုံးတို့ကို အကြောင်းကြားခဲ့ခြင်း  ဖြစ်ပါကြောင်း၊ ပြည်သူပိုင် သိမ်းခဲ့သည့် မြေများ၊ အခန်းများ၊ အဆောက်အအုံများကို ပြန်လည် တောင်းခံသည့် ကိစ္စနှင့်စပ်လျဉ်းပြီး ဆုံးဖြတ်သည့် နေရာတွင် တစ်ပြေးညီ ဖြစ်စေရန်နှင့် တောင်းခံသူများ နစ်နာမှု မရှိစေရန် ရည်ရွယ်ချက်ဖြင့် အစိုးရအဖွဲ့ရုံးက ၎င်းကိစ္စရပ်အတွက် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း အသီးသီးက ဆောင်ရွက်ရန်အတွက် ညွှန်ကြားခြင်း ဖြစ်သည့်အတွက် အမိန့်ကြော်ငြာစာ အနေဖြင့် ထုတ်ပြန်ခြင်း မဟုတ်ပါကြောင်း၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ အကြောင်းကြားရသည့် အမှာစာအဖြစ် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲအစည်းများမှ သိမ်းခဲ့သည့် မြေများ၊ အခန်းများ၊ အဆောက်အအုံများကို ပြန်လည်ပေးသည့်အချိန်တွင် မိမိ တင်ပြခဲ့သည့် ၂၆-၄-၂၀၁၉ ရက်စွဲပါ အမိန့်စာအရ အခန်းများ၊ အဆောက်အအုံများကို အပြီးအပိုင် လွှဲပြောင်းသည့်အချိန်နှင့် ပြန်ပေးသည့်အချိန်တွင် ပုံစံ(က)ဖြင့် ပြန်ပေးရမည် ဖြစ်ပြီး၊ ၎င်းပုံစံ(က)ကို မြန်မာနိုင်ငံ ပြန်တမ်းတွင် ဖော်ပြရမည်ဟု ပါသည့်အတွက် ပြန်ပေးသည့်အချိန်တွင် ပုံစံ(က)ကို မြန်မာနိုင်ငံ ပြန်တမ်းတွင် ဖော်ပြခြင်းဖြင့် ပြည်သူပိုင်သိမ်းသည့် မြေများ၊ အဆောက်အအုံများ၊ အခန်းများကို ပြန်လည် ပေးအပ်မှုကို  အများပြည်သူ သိရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများကို အကြောင်းကြားသည့် အမှာစာသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက အသီးသီး လိုက်နာရန် ထုတ်ပြန်ခြင်းသာ ဖြစ်ပြီး အများပြည်သူ သိရှိလိုက် နာနိုင်ရေးအတွက် စည်းကမ်းချက်များ၊ သတ်မှတ်ချက်များ ထုတ်ပြန်ခြင်း မဟုတ်သည့်အတွက် အမိန့် ကြော်ငြာစာအနေဖြင့် ထုတ်ပြန်ခြင်း မဟုတ်ကြောင်းနှင့် အမှာစာ ဖြစ်သည့်အတွက် သီးခြား ထုတ်ပြန်ရန် လိုအပ်ခြင်း မရှိပါကြောင်း၊

မေးမြန်းချက် (ခ) ဖြစ်သည့် အမိန့်ကြော်ငြာစာပါ အချက်များကို ဌာနများက အလေးထား စောင့်ကြည့်ပေးခြင်း ရှိ/မရှိ ဆိုသည်ကို ဆက်လက်ပြီး ဖြေကြားလိုပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ အကြောင်းကြားစာ မူဝါဒ(၉)ရပ်တွင် ပြည်သူပိုင် သိမ်းထားသည့် မြေ၊ အခန်း၊ အဆောက်အအုံ ဟုတ်/မဟုတ်၊ စိစစ်ရမည့် အချက်များ၊ ပြည်သူပိုင် သိမ်းထားသည့် မြေများ၊ အခန်းများ၊ အဆောက်အအုံများ ဖြစ်ပါက ပြန်ပေးရန် သို့မဟုတ် ပြန်ပေးခြင်း မပြုရန် ဆုံးဖြတ်ရမည့် အချက်များ၊ ပြန်ပေးမည်ဆိုပါက ဆောင်ရွက်ရမည့် အချက်များ၊ ပြန်ပေးခြင်း မပြုပါက ဆောင်ရွက်ရမည့် အချက်များကို ပါရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူပိုင် သိမ်းထားသည့် မြေများ၊ အခန်းများ၊ အဆောက်အအုံများကို ပြန်တောင်းခံသည့် ကိစ္စရပ်နှင့် စပ်လျဉ်းပြီး ၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင် ပြုလုပ်ခြင်း ဥပဒေအရ သိမ်းသည့် နေရာတွင် ပြည်သူပိုင် သိမ်းသည့် စာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း ထင်ရှားလျှင် ပြန်လည် လွှဲပြောင်းပေးရန်၊ မိမိတို့ ပြည်သူပိုင် သိမ်း အခန်း၊ အဆောက်အအုံကို ပုံစံ-၃ဖြင့် ပိုင်ရှင်အား ပြန်ပေးပြီးသည့် နောက်ပိုင်းတွင် သက်ဆိုင်ရာ ဌာန သမဝါယမအသင်းက ပိုင်ရှင်ထံမှ ပြန်ပြီး ငှားထားခဲ့ပြီး ၎င်းပိုင်ရှင်များ၊ ဆက်ခံသူများထံမှ ငှားရမ်းခကို ၁၉၈၇ ခုနှစ် နောက်ပိုင်းအထိ ရရှိနေကြောင်း အထောက်အထား တင်ပြနိုင်ပါက ပြန်လည် လွှဲပြောင်းပေးရန် ဟု ပါပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့် နေရာတွင် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းက ကိစ္စရပ်အလိုက် အချက်အလက်၊ အထောက်အထား ပြည့်စုံစွာ လေ့လာပြီး ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများသည် မူလပိုင်ရှင်နှင့် ဆက်ခံသူများက မြေသိမ်း၊ သိမ်းထားသည့် မြေများ၊ အခန်းများ၊ အဆောက်အအုံများကို ပြန်တောင်းသည့် ကိစ္စတွင် ပထမ တင်ပြခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့မှ ချုပ်နှောင်ခဲ့သည့် ၂၆-၄-၂၀၁၉ တွင် ပါသည့် ညွှန်ကြားချက်များကို အတိအကျ လိုက်နာပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊

တတိယ မေးခွန်းဖြစ်သည့် ဌာနများက ပြန်လည် လျှောက်ထားသည့် ကိစ္စများကို ဆောင်ရွက် ပေးခြင်းများကို ဖော်ပြပေးခြင်း ရှိ/မရှိ ဖြစ်ပါကြောင်း၊ ၎င်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနများမှ ပြန်ကြားချက်များကို တင်ပြလိုပါကြောင်း၊ ပထမနှစ် ကာကွယ်ရေး ဝန်ကြီးဌာနသည် ပြည်သူပိုင် သိမ်းဆည်းခဲ့သည့် မြေများ၊ အခန်းများ၊ အဆောက်အအုံများ နှင့်စပ်လျဉ်းပြီး ပိုင်ရှင်နှင့် ဆက်ခံသူများမှ ပြန်တောင်းသည့် ကိစ္စရပ် (၅)ရပ်ကို စိစစ်သည့်အချိန်တွင် မူဝါဒနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ပြန်လည်လွှဲ ပြောင်းပေးနိုင်ခြင်း မရှိကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ၃၀-၆-၂၀၀၀ ပြည့်နှစ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးဌာနထံမှ လွှဲပြောင်းရထားသည့် အခန်း တစ်ခန်းကို ပိုင်ရှင်က လျှောက်ထားခြင်းအပေါ်တွင် သက်ဆိုင်ရာ ဌာနနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင်သိမ်း ဥပဒေအရ ပြည်သူပိုင် သိမ်းခဲ့သည့် ကိစ္စရပ်တွင် ပိုင်ရှင်မှ ပြန်တောင်းသည့် ကိစ္စရပ် (၈)ရပ် ရှိသည့် နေရာတွင် ကိစ္စရပ် တစ်ရပ်ကို ပြန်လည် လွှဲပေးပြီး ကျန်သည့် (၇) ရပ်သည် စိစစ် ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသည် ပြည်သူပိုင် သိမ်းခဲ့သည့် အဆောက်အအုံ ၂၇ ခုကို ပိုင်ရှင်များက ပြန်တောင်းပါကြောင်း၊ ပြန်တောင်းသည့်အချိန်တွင် ၂၆ ခုက မူဝါဒနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ပြန်လည် လွှဲအပ်ပေးခြင်း မရှိနိုင်ကြောင်း၊ ကျန်သည့် အဆောက်အအုံတစ်ခုသည် ပြန်တောင်းခံရသူ အချင်းချင်း အငြင်းပွားနေပြီး သက်ဆိုင်ရာ တရားရုံးတွင် တရားဝင် ဆက်ခံခွင့် တင်လျှောက်နိုင်ခြင်း မရှိသည့်အတွက် ဌာနမှ ဆက်လက်ပြီးထိန်းသိမ်းထားပါကြောင်း၊

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်တွင်းအခွန်ဦးစီးဌာနသည် ပြည်သူပိုင် သိမ်းထားသည့် မြေအဆောက်အအုံတစ်ခုကို ပိုင်ရှင်က ပြန်တောင်းသည့် ကိစ္စကို ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ငွေရေးကြေးရေး ကြီးကြပ်ရေး ဦးစီးဌာနမှ သိမ်းထားသည့် အခန်း တစ်ခန်းကို ပိုင်ရှင်က ပြန်တောင်းသည့် ကိစ္စသည် မူဝါဒနှင့်  ကိုက်ညီမှု မရှိခြင်းကြောင့် လွှဲပြောင်းပေးနိုင်ခြင်း မရှိပါကြောင်း၊ စက်မှုဌာနတွင် ပိုင်ရှင်များက ပြန်တောင်းလိုသည့် ကိစ္စရပ် (၅)ရပ်ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ ဆောင်ရွက် ပြီးစီးမှု ကိစ္စရပ် (၃)ရပ်ဖြစ်ပြီး (၂)ရပ်သည် ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ပြီးစီးသည့် သုံးရပ်တွင် (၁)ရပ်သည် မူဝါဒနှင့်မညီသည့်အတွက် ပြန်လည် လွှဲပြောင်းပေးခြင်း မပြုနိုင်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ပြန်တောင်းသည့် အခန်းပေါင်း အခန်းသည် နှစ်ခန်း၊ အဆောက်အအုံသည် တစ်လုံး၊ မြေကွက် တစ်ကွက် ရှိပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး မူဝါဒနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ပြန်လည် ပေးအပ်နိုင်ခြင်း မရှိကြောင်း၊ ပညာရေး ဝန်ကြီးဌာနသည် အဆောက်အအုံ တစ်ခုကို ပိုင်ရှင်၏ သမီးမှ ပြန်တောင်းသည့်အတွက် အဆောက်အအုံ တစ်လုံး၏ ကာလတန်ဖိုးဖြင့် ပြန်လည် တောင်းခံမှုအပေါ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အခြေခံပညာ ဦးစီးဌာနသို့ တင်ပြပြီး ဆက်လက်ပြီး စစ်ဆေး ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် တိုင်းရင်းဆေး ပညာဦးစီးဌာနက သိမ်းထားသည့် အဆောက်အအုံ တစ်ခုကို ပိုင်ရှင်များ လက်ဝယ်ကို ၂၃-၁၀-၂၀၁၈ ရက်နေ့တွင် ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ပါကြောင်း၊ ကုသရေး ဦးစီးဌာနက သိမ်းထားသည့် မြေ တစ်နေရာနှင့် ပတ်သက်ပြီး စစ်ဆေးဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊

ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် ပြည်သူပိုင်သိမ်း အဆောက်အအုံ နှစ်လုံးကို ပိုင်ရှင်မှ ပြန်တောင်းသည့် ကိစ္စတွင် မူဝါဒနှင့် ကိုက်ညီမှု မရှိသဖြင့် ပြန်လည် လွှဲပြောင်းပေးခြင်း မရှိနိုင်ကြောင်း၊ ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနတွင် ပြည်သူပိုင် သိမ်းထားသည့် အဆောက်အအုံများအနက် မူလပိုင်ရှင်မှ ပြန်တောင်းသည့် ကိစ္စရပ် ခြောက်ခုကို စစ်ဆေး ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတွင် ပိုင်ရှင်များမှ ပြန်တောင်းသည့် ကိစ္စရပ် အခန်း နှစ်ခန်း၊ အဆောက်အအုံကိစ္စရပ်များသည် မူဝါဒနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ပြန်လည် လွှဲပြောင်းပေးနိုင်ခြင်း မရှိပါကြောင်း၊ ဝန်ကြီးဌာနအသီးသီးမှ ၎င်းတို့ဌာနအလိုက် ဆောင်ရွက်ချက်များကို တင်ပြခြင်း ဖြစ်ပါကြောင်း၊

နောက်မေးခွန်းတစ်ခုဖြစ်သည့် ပြန်လည် လျှောက်ထားလာသည့်အပေါ် မူလပိုင်ရှင်အား ညွှန်ကြားချက်နှင့်အညီ ပြန်လည်အပ်နှံခဲ့သည့် ကိစ္စ မည်မျှ ရှိပါသနည်း ဆိုသည့် ကိစ္စ ဖြစ်ပါကြောင်း၊ ၎င်းနှင့် ပတ်သက်ပြီး မိမိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ၂၆-၄-၂၀၁၉ ရက်နေ့  အကြောင်းကြားစာ ထုတ်ပြီးသည့် နောက်ပိုင်းတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ၄-၉-၂၀၁၉ ရက်နေ့ အမိန့်ကြော်ငြာစာ အမှတ်(၂၄၉/၂၀၁၉)နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ မင်းလမ်းရှိသည့် အမှတ်(၁၀၇) ယခင်က (၆၇)ခေါ်ပါကြောင်း၊ ၎င်းအဆောက်အအုံကို မူလပိုင်ရှင်နှင့် ဆက်ခံသူများကို ပြန်လည် ပေးအပ်ခဲ့ပါကြောင်း၊ ၎င်းသည် အမိန့်ကြော်ငြာစာ ထုတ်ပြီးနောက် ပြန်လည် ပေးအပ်မှု တစ်ခု ဖြစ်ပါကြောင်း၊

နောက်ဆုံးမေးခွန်းဖြစ်သည့် သမဝါယမ ဦးစီးဌာနက ပြည်သူပိုင် သိမ်းထားသည့် အဆောက်အအုံ မြေနေရာ မည်မျှကို ပိုင်ရှင်ကို ပြန်လည်အပ်နှံသည့် အခြေအနေကို ဖော်ပြပေးနိုင်ခြင်း ရှိ/မရှိ ဖြစ်ပါကြောင်း၊ အများစု ဖြစ်ပါကြောင်း၊ ၎င်းမေးခွန်းနှင့် ပတ်သက်ပြီး သမဝါယမဦးစီးဌာနက ပြည်သူပိုင် သိမ်းသည့် အခန်း၊ အဆောက်အအုံပေါင်း ၁၇၃ ခုအနက်မှ ၁၂၄ ခုသည် မူဝါဒနှင့် မညီသည့်အတွက် ပြန်လည် လွှဲပြောင်းခြင်း မရှိပါကြောင်း၊ ကျန်တဲ့ ၄၉ ခုကို သမဝါယမ ဦးစီးဌာနတွင် စစ်ဆေးဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဦးစောသလေးစော (ရွှေကျင် မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဖြေကြားပေးသွားသည့် ပြည်ထောင်စု ဒုတိယရှေ့နေချုပ်ကြီးကို ကျေးဇူးအများကြီး တင်ပါကြောင်း၊ ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဖြေကြားချက်တွင် မိမိ မှတ်ထားသည်မှာ အားလုံးပေါင်း ဝန်ကြီးဌာန ၄၂ ခုတွင် တစ်ခုသာ ပြန်ပေးထားခြင်း ရှိကြောင်း၊ သမဝါယမဦးစီးဌာနရှိ ၁၇၃ ခုတွင် ၄၉ ခုသည် စိစစ်လျက်ရှိပြီး တစ်ခုကိုမျှ ပြန်ပေးထားခြင်း မရှိကြောင်း၊ ထို့ကြောင့် အဓိက ကိစ္စနှစ်ရပ်ကို မိမိ တင်ပြလိုပါကြောင်း၊ တစ်ရပ်သည် မိမိတို့ ပဲခူးတိုင်းဒေသကြီး၊ ဇိုင်းခနိုင်း တောင်ပိုင်းရပ်ကွက်ရှိ ဦးသန်းနိုင်၏ တင်ပြထားသည့်၊ တိုင်ကြားထားသည့် စာတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနကို ၎င်းမှ အခန်းနှင့်ပတ်သက်ပြီး ပဆ-၁၄(၁၀၄၃) ဖြင့် သိမ်းဆည်းခဲ့သည့် အခန်းနှင့် ပတ်သက်ပြီး ၎င်းတင်ပြသည့်အချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ကို အပ်နှံထားသည်ဟု ပြောပါကြောင်း၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးထံတွင် ပြန်လည် လျှောက်ထားပြီး ရယူပါဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိုပါကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ကို ပြန်လည် ဆက်သွယ်သည့်အချိန်တွင် ၎င်းကို ပြန်လည်အပ်နှံထားခြင်း မရှိပါကြောင်း၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အပ်နှံထားခြင်း မရှိသည်ကို  ပြောပါကြောင်း၊ ထို့အတွက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က ၎င်းတို့ထံတွင် မရှိဘူး ဟု ပြောကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသည်လည်း ၎င်းထံမှ  လွှဲလိုက်ပြီဖြစ်ကြောင်း၊ ၎င်းတို့ လွှဲလိုက်သည် စာအမှတ်ကို ဖော်ပြပြီး သေသေချာချာ လွှဲထားကြောင်း၊ ထိုကဲ့သို့ ကိစ္စရပ်များတွင် မိမိတို့ ပြည်သူများ တင်ပြသည့်အချိန်တွင် မည်သည့် ဌာနက အဓိက ကိုင်တွယ်ပြီး ပြတ်တောက်နေသည့် ဆက်သွယ်မှုများကို ဖြည့်စွက်ပေးမည်နည်း ဆိုသည့်အချက်ကို သိချင်ပါကြောင်း၊ ထိုပြင် မိမိတို့ ပြည်သူများ လျှောက်ထားသည့်အချိန်တွင် သက်ဆိုင်ရာ Focal Ministry၊ သိမ်းထားသည့် Ministry ကို ပြန်လည် တောင်းရမည်၊ သို့မဟုတ် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ကို မိမိတို့ တောင်းရမည် ကို သိလိုပါကြောင်း၊ နောက်တစ်မှုတွင် မိမိမြို့နယ်ရှိ သမဝါယမ ဦးစီးဌာနမှ ပြည်သူပိုင်အဖြစ် သိမ်းဆည်းထားသည့် ဦးပိန်းခင် အမှုတွင် သမဝါယမဦးစီးဌာနမှ ပြန်လည်ပြီး စာပြန်ပါကြောင်း၊ ညွှန်ကြားချက်များနှင့် ကိုက်ညီပါကြောင်း၊ သို့သော် ပိုင်ရှင်အစစ် မဟုတ်ကြောင်း၊ ပိုင်ရှင် အစစ်အမှန်၏ ဆက်ခံသူ ဟုတ်/မဟုတ်ကို ပြန်လည်ပြီး စိစစ်ပါဟု ပြောကြောင်း၊ လျှောက်ထားသည့် သူများသည် ပြန်လည် စိစစ်ကြောင်း၊ ပြန်လည် စိစစ်ပြီး မည်သည်ကို ပြန်တင်ပြရမည်ဆိုသည်ကို မသိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကို မေးကြောင်း၊ မိမိအနေဖြင့် မည်သည့် ဝန်ကြီးဌာနကို၊ မည်သည့် ဦးစီးဌာနကို တင်ရမည်ဆိုသည်ကို သတ်သတ်မှတ်မှတ် သေချာ မသိသည့်အတွက် ယခုမေးခွန်း နှစ်ရပ်တွင် တစ်ရပ်သည် မိမိတို့ လျှောက်ထားလာမှုကို မည်သည့်ဌာနက အဓိကထားပြီး လုပ်ဆောင်ပေးသနည်း၊ တင်ပြလျှောက် ထားတဲ့သည့် အချိန်တွင် မည်သည့်ဌာနကို အဓိကထားပြီး လျှောက်ထားရမည်ကို သိလိုကြောင်း မေးမြန်းပါသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်

သက်ဆိုင်ရာ ဌာနက တစ်ခုချင်း အသေးစိတ် ဆောင်ရွက်ခွင့်ပြုပါကြောင်း၊ ရှေ့နေ့ချုပ်သည် ဌာနများက တင်ပြချက်များကို စုပေါင်းပြီးတင်ပြခြင်း ဖြစ်ပါကြောင်း၊ တစ်ခုချင်းလိုက် အသေးစိတ်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အသေးစိတ် မေးမည်ဆိုပါက ပိုပြီး သင့်တော်မည်ဖြစ်ပါကြောင်း၊ အသေးစိတ်အချက် အလက်ကိုသာ မိမိထံပို့ပေးနိုင်ပါကြောင်း၊ အသေးစိတ်ကိစ္စရပ် အတိအကျမေးမည်ဆိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးမြန်းပြီးပြန်လည်ဖြေကြားပေးနိုင်ပါကြောင်း ဖြေကြားပါသည်။       

 

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်