Skip to main content

နိုင်ငံတော် အစိုးရအနေဖြင့် ချင်းပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံး လမ်းပန်း ဆက်သွယ်ရေး ဖွံ့ဖြိုးရန် အားကြိုးမာန်တက်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ ချင်းပြည်နယ်သည် ခေတ်အဆက်ဆက်က ဖွံ့ဖြိုးမှု နောက်ကျကျန်နေရစ်ခဲ့ခြင်းကြောင့် ယနေ့အချိန်အထိ လမ်းပန်း ဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာသော်လည်း လိုအပ်ချက်များ ရှိသေးပါကြောင်း၊  မောချောင်း သည် မင်းတပ်မြို့နယ်နှင့် ထီးလင်းမြို့နယ်ကြားတွင်ရှိပြီး မင်းတပ်မြို့နယ်ရှိ ကျေးရွာများနှင့် ထီးလင်းမြို့နယ်ရှိကျေးရွာများကို ချိတ်ဆက်ပေးသည့် လမ်းကြောင်းဖြစ်သည့်အတွက် မြို့နယ် ချင်းဆက်လမ်းဟု ဆိုနိုင်သကဲ့သို့ နောင်တစ်ချိန်တွင် ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီးတစ်ခုကို ဆက်သွယ်ထားသော လမ်းကြောင်းတစ်ခုလည်း ဖြစ်လာနိုင်ပါကြောင်း၊ မင်းတပ်မြို့နယ် အရှေ့ ဘက်နှင့် အရှေ့မြောက်ဘက်ရှိ ကျေးရွာများသည် မင်းတပ်မြို့နယ်နှင့် အလှမ်းကွာသွားသည့် အတွက် ထီးလင်းမြို့နယ်သာ အားပြုနေရပါကြောင်း၊ ထီးလင်းမြို့နယ်တွင် ဆန်၊ ဆီ၊ ဆား၊ ငါးပိများ  သွားရောက်ဝယ်ယူခြင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအတွက်လည်း အားကိုးနေရခြင်း တို့ကြောင့် အဆိုပါ လမ်းကြောင်းသည် အလွန်ပင်အရေးကြီးပါကြောင်း၊ သို့သော် အဆိုပါ လမ်းသည် နွေရာသီတွင် အဆင်ပြေသော်လည်း မိုးရာသီရောက်တွင် အလွန်ခက်ခဲကြမ်းတမ်းပြီး  အဆင်မပြေမှု များရှိနေပါကြောင်း၊ မောချောင်းကိုဖြတ်ကျော်သည့် တံတားကိုသာ တည်ဆောက်ပေးမည်ဆိုပါက မင်းတပ်မြို့နယ်နှင့် ထီးလင်းမြို့နယ်ရှိ ပြည်သူများအတွက် လူမှုဘဝတွေဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အပြင် ချင်းပြည်နယ်ရှိ ချင်းတိုင်းရင်းသားများနှင့် မကွေးတိုင်းဒေသကြီးရှိ တိုင်းရင်းသား ပြည်သူများ အချင်းချင်း ကူးလူးဆက်ဆံမှုတွေများပြားလာကာ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ပိုမိုရရှိနိုင်သည့်အချက်များပါ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မင်းတပ်မြို့နယ်နှင့် ထီးလင်း မြို့နယ်အကြားရှိ မောချောင်းကိုဖြတ်၍ ဘေလီတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှ ထီးလင်းမြို့နယ်သို့ ဆက်သွယ်သည့်လမ်းသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဖောက်လုပ်ခဲ့သောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းပေါ်ရှိ မောချောင်းဖြတ်ကူး ဘေလီတံတားသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်း/တံတားစာရင်းတွင် ပါဝင်ခြင်းမရှိသေးပါ သဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ နယ်စပ်ရေးရာဝန်ကြီးဌာနလမ်း အဖြစ်မှ ဆောက်လုပ်ရေးဝန်ကြီးဌာနလမ်းအဖြစ်သို့ စာရင်းသိမ်းသွင်းရန် တင်ပြပြီးခွင့်ပြုချက် ရရှိပါက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးနေလင်းအောင်(မင်းတပ်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

သက်ဆိုင်ရာနယ်စပ်ရေးရာဝန်ကြီးဌာနက အဆိုပါလမ်းကိုကျေးလက်လမ်းအဖြစ် လွှဲပြောင်းပေးလာ မည်ဆိုပါ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း

ပထမနယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာနကို လွှဲပြောင်းပေး ပြီးသွားပြီဆိုပါ ကျေးလက်လမ်းစာရင်းတွင် Master Plan ဖြစ်သည့် Coal Rural Road Network Master Plan နှင့်ပါရန် ဦးစွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့ကို  အကြောင်းကြားပြီး ချင်းပြည်နယ်ရှိ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များနှင့် Coal Rural Road Network၏ Master Plan တွင်ပါသော Class(A)၊ Class(B)၊ Class(C) ဦးစားပေး(၁)၊ (၂)၊ (၃) စာရင်းတွင် မည်သည့်စာရင်း၌ ထည့်သွင်းမည်ကို ဆောင်ရွက်ရမည်ဖြစ်ပြီး Master Plan အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။