Skip to main content

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်းရှိ တံတားဦးမြို့တွင်းလမ်း ကတ္တရာလမ်းထပ်ပိုး လွှာခင်းခြင်း၊ လမ်းချဲ့ခြင်းမှာ ကျော်လမင်းကုမ္ပဏီမှတာဝန်ယူပြီး လမ်းများတိုးချဲ့ခြင်းအစရှိသဖြင့် လမ်းပိုင်းဆိုင်ရာလိုအပ်သည်များကို ၁-၁၂-၂၀၁၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ လမ်းပြုပြင်မှု ပြီးစီးပြီး နိုင်ငံတော်အစိုးရထံအပ်နှံပြီးစီးသည်ဟုဆိုသော်လည်း ကျော်လမင်းကုမ္ပဏီမှ တာဝန်ယူ ခဲ့သည့် လမ်းမကြီးတွင် ကတ္တရာများလွန်စွာနည်းနေသောကြောင့် လမ်းဘေးဝဲယာတွင်နေထိုင်ကြ‌သော မဲဆန္ဒရှင်ပြည်သူများမှ မိမိထံပြုပြင်ထားသည့်နေရာသို့ လာရောက်စစ်ဆေးမှုများပြုလုပ် နိုင်ရန် အကူအညီတောင်းခံတင်ပြခဲ့ရာ လမ်းအရည်အသွေးမပြည့်မီဟု သိရှိထားပါသောကြောင့် မဲဆန္ဒရှင်ပြည်သူများနှင့် မြို့မိမြို့ဖများ၏အကူအညီ‌တောင်းခံမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် သဘောတူညီချက်ရယူပြီး အဆိုပါလမ်းမကြီးကို ဖွင့်ဖောက်စစ်ဆေးမှုများ ပြုလုပ်ရာ နေရာငါးနေရာ၊ တစ်နေရာ နှစ်ပေါက် စစ်ဆေးသည့်အနက်မှ အပေါက်   ၁၂ နေရာ၊ တစ်နေရာ တွင်သာ သတ်မှတ်အရည်အသွေးပြည့်မီကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါကြောင်း၊

၎င်းနောက် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်ချက်များပြည့်မီစေရန် တန်ဖိုးတွက်သည့်အခါ အနည်းဆုံးကျပ်သိန်း ၃၀၀ ကျော်နှင့် အများဆုံးကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးလိုအပ်ကြောင်း အမျိုးမျိုးတွက်ချက်တင်ပြခဲ့ခြင်းသာဖြစ်ပါကြောင်း၊ အမှန်တကယ် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စစ်ဆေးတွေ့ရှိချက်မှာ PT (၁၁)ခုအတွက် စုစုပေါင်းလျော့သည့်ထု ၄၈ လက်မထု အတွက် PT (၁) ခုလျှင် ပျမ်းမျှအလျော့ထု ၄.၃၆ လက်မလျော့နည်းနေကြောင်း လမ်းဦးစီးဌာနမှ စစ်ဆေး တွေ့ရှိချက်အရ တင်ပြထားပါကြောင်း၊ ၎င်းစစ်ဆေးတွေ့ရှိချက်အရ အဖြေမှန်တစ်ခုတည်းအပေါ် တွင်သာ တွက်ချက်တင်ပြရမည်ဖြစ်ပါ‌ကြောင်း၊ ထိုသို့ မြို့လယ်လမ်းမကြီးအရည်အသွေးမပြည့်မီ ခြင်းကို သိရှိပြီးဖြစ်သော်လည်း လုပ်ငန်းပြီးဆုံးအပ်နှံပြီးသည့်နောက် ငါးလကြာသည်အထိ အစားထိုးပြန်လည်ပြုပြင်ပေးခြင်းမရှိသည့်အတွက် မြို့မိမြို့ဖများမှ၊ မိမိတို့မှ တိုင်းဒေသကြီးလျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီးထံ ၉-၇-၂၀၁၈ ရက်နေ့က ဖြစ်ရပ်မှန်ပေါ်ပေါက် လာစေရေးအတွက် သွားရောက်တင်ပြတောင်းဆိုခဲ့ကြပါကြောင်း၊

ယခုကဲ့သို့ သွားရောက်တင်ပြရခြင်းမှာ လမ်းမကြီးတည်ဆောက်မှု၊ ပြုပြင်မှုတွင် လမ်းအရည် အသွေးပြည့်မီမှုရှိ/မရှိစိစစ်ရန် တာဝန်ရှိသော သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်မှ တည်ဆောက် ရေးလုပ်ငန်းအဆင့်ဆင့်ကို စိစစ်ကြီးကြပ်ရန်တာဝန်ပျက်ကွက်ခဲ့သည့်အတွက် ယခုကဲ့သို့ အရည် အသွေးမပြည့်မီသည့်လမ်းမကြီးဖြစ်လာရခြင်းမှာ သိသာထင်ရှားလာပါကြောင်း၊ အရည်အသွေး ပြည့်မီကြောင်း စိစစ်ဆုံးဖြတ်အတည်ပြုခဲ့သည့်အတွက် လမ်းမကြီးလုပ်ငန်းစဉ် ပြီးဆုံးပြီး တည်ဆောက်မှုတာဝန်ယူသူ ကျော်လမင်းကုမ္ပဏီမှ နိုင်ငံတော်သို့အပ်နှံပါကြောင်း၊ လမ်းဦးစီး ဌာနအနေဖြင့် ဝန်ကြီးထံအမှန်တကယ်တွက်ချက်တင်ပြရမည်မှာ ၄.၃၆ အလျော့တွက်တန်ဖိုး ဖြစ်ပါလျက် တစ်လက်မခွဲခန့်သာတွက်ချက်တင်ပြသည်ကိုလည်း မိမိအနေဖြင့် တွေ့ရှိ၊ သိရှိခဲ့ရ ပါကြောင်း၊  အမှန်အကန်တွက်ချက်တင်ပြရမည်ဆိုလျှင် ၄.၃၆ ထုအလျော့တွက်ကို သိန်း ၉၀၀ ကျော်တန်ဖိုးခန့်ဖြစ်ကြောင်း လမ်းဦးစီးဌာန၏ စစ်ဆေးတွေ့ရှိချက်အရ သိရှိရသော်လည်း ဝန်ကြီး ထံသို့တင်ပြချက်မှာ လွဲမှားနေပါကြောင်း၊ ၎င်းနောက် ကျော်လမင်းကုမ္ပဏီမှ တာဝန်ယူပြုပြင် ခဲ့သော်လည်း ပြန်လည်ပြုပြင်ထားသည့် လမ်းမကြီးမှာ အရည်အသွေးပြည့်မီပြီးကောင်းမွန်ခြင်း ရှိ/မရှိ သက်ဆိုင်ရာဝန်ကြီးဌာနမှ ကွင်းဆင်းကြည့်ရှုပါက ပိုမိုသိသာထင်ရှားမြင်တွေ့နိုင်မည် ဖြစ်ပါကြောင်း၊

မဲဆန္ဒရှင်ပြည်သူအချို့နှင့် မြို့မိမြို့ဖများ၏ လမ်းအရည်အသွေးမပြည့်မီကြောင်း တင်ပြချက်အပေါ် မြေပြင်တွင်သွား‌ရောက်ပြီး ကွင်းဆင်းကြည့်ရှုခဲ့ပါကြောင်း၊ မြို့လယ်လမ်းမကြီးဘေးရှိ အမှတ်(၃) အုပ်ချုပ်ရေးမှူးရုံးတွင် သက်ဆိုင်ရာတာဝန်ရှိသူများဖြစ်ကြသည့် Third Party(QC) အဖွဲ့က သုံးယောက်၊ မြို့နယ်တည်ဆောက်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူး၊ စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့်အတူ မြို့မိမြို့ဖများနှင့်အတူ ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် မြို့လယ်လမ်းမကြီးဖြစ်သော ကျောက်ဆည်-တံတားဦးလမ်းအား ပြုပြင်ဆောင်ရွက်ခဲ့မှုတွင် အရည်အသွေးမပြည့်မီမှုအပေါ် ပြန်လည်ပေးလျော် ဆောင်ရွက်ခဲ့မှုအခြေအနေ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ကျောက်ဆည်-တံတားဦးလမ်းသည် ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင်လမ်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ မိုင်တိုင်အမှတ် (၂၃/၂)မှ(၂၃/၇)အထိ လမ်းအရှည်ငါးဖာလုံအား ကတ္တရာလမ်းချဲ့ခြင်း လုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် ၁၈၀ သန်းဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်၍ခေါ်ယူသည့်လုပ်ငန်းတင်ဒါအား ကျော်လမင်း ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ပါသဖြင့် လမ်းလုပ်ငန်းကို ၁၅-၁၁-၂၀၁၇ ရက်နေ့တွင်စတင် ဆောင်ရွက်ခဲ့ပြီး ၁၅-၂-၂၀၁၈ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊

အဆိုပါကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြား မှုအရ ၂၀၁၈ ခုနှစ် မတ်လအတွင်း တံတားဦးမြို့နယ်၊ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီ၊ လမ်းဦးစီးဌာန၊ Third Party(QC)စစ်ဆေးရေးအဖွဲ့တို့ပူးပေါင်း၍ ကွင်းဆင်းတိုင်းတာ စစ်ဆေးခဲ့ရာ လမ်းအရှည်ငါးဖာလုံနှင့် ပျမ်းမျှအကျယ် ၄၁ ပေအတွက် ဒု-အခြေခံလွှာနှင့် အခြေခံလွှာတို့တွင် ကျောက်သားထုလျော့နည်းခဲ့ခြင်းအား စစ်ဆေးတွေ့ရှိခဲ့ပါကြောင်း၊ ၎င်းစစ်ဆေးတွေ့ရှိိချက် အစီရင်ခံစာကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ၁၃-၉-၂၀၁၈ ရက် နေ့စွဲပါစာအမှတ်၊ ၂/၃-၅/၂၂ ဦး ၆(၆၀၈)(လျှပ်/ဆောက်) ဖြင့် ကျော်လမင်းကုမ္ပဏီအား လမ်းအနိမ့်အမြင့်ဖြေညှိခြင်းလုပ်ငန်း၊ ကတ္တရာရေပိတ်လွှာလောင်းခြင်း လုပ်ငန်းတို့ကို တန်ဖိုးငွေကျပ် ၃၅၃.၁၁ သိန်းဖြင့် ပြန်လည်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီးဖြစ် ပါကြောင်း၊

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ကျောက်ဆည်-တံတားဦးလမ်း မိုင်တိုင်အမှတ်(၂၃/၂)မှ (၂၃/၇)အထိ လမ်းအရှည်ငါးဖာလုံကို ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်သော ကျော်လမင်း ကုမ္ပဏီအား ကတ္တရာဆက်စပ်လွှာလောင်းခြင်း၊ လမ်းမျက်နှာပြင်မညီ၍ အနိမ့်အမြင့်ဖြစ်နေ သောနေရာများအား ဝမ်းတူးကျောက်ဖြင့် အနိမ့်အမြင့်ညှိခြင်း၊ တစ်လက်မခွဲထုကတ္တရာ အဝင် လောင်း၍ ကျောက်သေးဖြန့်ခင်းကြိတ်ခြင်းနှင့် မျက်နှာပြင်အားလုံး ကတ္တရာရေပိတ်လွှာလောင်း၍ (၃/၈) လက်မကျောက်သေးဖြန့်ခင်းကြိတ်ခြင်းလုပ်ငန်းများအား ၂၀-၁၁-၂၀၁၈ ရက်နေ့တွင် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဒေါ်စိုးနွယ်အေး(တံတားဦးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လမ်းကိုဖောက်စစ်တွက်ချက်သည့်အခါ ပျမ်းမျှအလျော့ထုသည် ၄.၃၆ ထုဖြစ်ပါကြောင်း၊ ၄.၃၆ ထု တန်ဖိုးကို လမ်းဦးစီးဌာနကလည်း သိန်း ၉၀၀ ကျော်တန်ဖိုးတွက်ချက်တင်ပြထားပါကြောင်း၊ လမ်းကိုပေးလျော်လိုက်သည့်အခါ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ဘယ်လောက်လျော်ပေး ထားသည်ကို မသိပါကြောင်း၊ ယခု ပြည်ထောင်စုဝန်ကြီးဖြေကြား၍သိရပါကြောင်း၊ သိန်း ၃၀၀ ကျော် တက်ကုတ်လောင်းခြင်း တစ်လက်မခွဲခန့်ကို ပေးလျော်ထားသည်ဟု သိရှိရပါကြောင်း၊ ပေးလျော်ရမည့်အခြေအနေက ၄.၃၆ ထု ဖြစ်ပါကြောင်း၊ ပေးလျော်သည်က တစ်လက်မခွဲခန့်ကို လျော်ထားသည့်အတွက် ကျန်သည့် သုံးလက်မခန့် ပေးလျော်ရမည့်အခြေအနေ၊ လမ်း၏ တည်ဆောက်မှုအခြေအနေအရ ပေးလျော်၍မဖြစ်သော အခြေအနေမျိုးကိုလည်းဖြစ်နေသည်ဟု အခြားပညာရှင်များနှင့် မိမိပူးပေါင်းဆောင်ရွက်သည့်အခါတွင် သိရှိရပါကြောင်း၊ သုံးလက်မခန့် ထုလျော့သည့်အတွက် ပေးလျော်ထားခြင်းမရှိသည့်အတွက် သုံးလက်မခန့်အလျော့ထုအတွက်ကို ငွေကြေးတွက်ချက်ပြီး နိုင်ငံတော်အစိုးရထံအပ်နှံထားသည့်အခြေအနေမျိုးရှိ/မရှိ သိရှိလိုပါကြောင်း၊

Third Party(QC) အဖွဲ့နှင့် မြို့နယ်တည်ဆောက်ရေးကော်မတီအဖွဲ့တို့ကို ၎င်းလမ်းမကြီး အရည်အသွေးမပြည့်မီကြောင်း ဒေသခံပြည်သူများက တောင်းဆိုမှုအပေါ် မိမိတို့ဖွင့်ဖောက်စစ်ဆေး ရန်အတွက် Date လုပ်ကြသော်လည်း ကိုယ်စားလှယ်မပါခင် ၎င်းတို့ပြန်လည်ဖောက်ပြီး စစ်ဆေးပါကြောင်း၊ တည်ဆောက်ရေးကော်မတီနှင့် Third Party အဖွဲ့တို့က OK ပြပြီး အစိုးရကိုလမ်းကိုအပ်ပြီးသည့် အဖွဲ့အစည်းက ကိုယ်စားလှယ်မပါဘဲ ၎င်းတို့ပြန်စစ်ရာတွင် မူလကတ္ကရာလမ်းကြီးကိုသာ ဖောက်စစ်ပြီး အရည်အသွေးပြည့်မီသည်ဆိုပြီး တင်ပြပါကြောင်း၊ မိမိကတည်ဆောက်ရေးအဖွဲ့များကို ပြန်လည်ခေါ်ယူပြီး အစည်းအဝေးပြန်ထိုင်ပြီး ကိုယ်စားလှယ် အပါအဝင်ဖောက်စစ်မှသာ ၄.၃၆ ထုအလျော့တွက်ရှိသည့်အဖြေမှန်ကို ထွက်ရှိလာခြင်းဖြစ်ပါ ကြောင်း၊ ဒုတိယမေးခွန်းအနေဖြင့် Third Partyd(QC)အဖွဲ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က စာချုပ်ချုပ်ဆိုထားသည့်အတိုင်း အဆိုပါတည်ဆောက်ရေးလုပ်ငန်းများကို အရည်အသွေးပြည့်မီရန်အတွက် စာချုပ်ပါအတိုင်း ၎င်းတို့ကို နှစ်ရာခိုင်နှုန်းငွေကြေး(Amount) ပေးဆောင်ပြီး ၎င်းလမ်းကြီးအရည်အသွေးပြည့်မီအောင် စစ်ဆေးရခြင်းဖြစ်သည့်အတွက် Third Party(QC)အဖွဲ့က OK ပြီး အပ်လိုက်ပါကြောင်း၊ ဒုတိယအကြိမ်ပြန်စစ်တော့လည်း အဖြေမှန်က မပေါ်ဘဲ ကိုယ်စားလှယ်ပါမှအဖြေမှန်ကပေါ်သည့်အတွက် ၎င်းThird Party(QC)အဖွဲ့ကို မည်ကဲ့သို့ အရေးတယူဆောင်ရွက်ပေးမှုအခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း

အဆိုပါရန်ပုံငွေသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြစ်ပြီး  ဆောင်ရွက်သည့် လုပ်ငန်းကလည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ဒါခေါ်ယူထားသည့့် လုပ်ငန်းဖြစ်ပါ ကြောင်း၊ ၎င်း Third Party ကလည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရွေးချယ်ထားသည့် အဖွဲ့များဖြစ်သည့်အတွက် ဆက်စပ်မေးခွန်းကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းပြီး ပြန်လည်ဖြေကြားသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။