Skip to main content

(စ)-မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြှင့်တင်နိုင်စေရန် သတ်မှတ်ပေးထားသည့် ပညာရေးအသုံးစရိတ်များကို စနစ်တကျသုံးစွဲနိုင်စေရန်နှင့် ပြဋ္ဌာန်းသင်ရိုးညွှန်းတမ်းများကို ပုံနှိပ် စာအုပ်များရိုက်နှိပ်ဖြန့်ဝေမည့်အစား Digital Text များအဖြစ် ပြောင်းလဲဖြန်ဝေသုံးစွဲနိုင်ရန် မူဝါဒ အစီအမံများစတင်ရေးဆွဲပြီး အဆင့်လိုက်အကောင်အထည်ဖော်ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

မေးခွန်းမေးမြန်းရသည့် အကြောင်းအရင်း ခြောက်ချက်ရှိပါကြောင်း၊ နံပါတ်(၁)အနေဖြင့် မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြှင့်တင်နိုင်စေရန်အတွက် နိုင်ငံတော်မှ ပညာရေး အသုံးစရိတ်များ နှစ်စဉ်တိုးမြှင့် ချထားပေးလျက်ရှိပါကြောင်း၊ အခြေခံပညာကဏ္ဍတွင်လည်း ပညာရေးပြုပြင်ပြောင်းလဲမှု KG+12 အစီအမံဖြင့် အဆင့်ဆင့်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ပြီးစီးချိန်တွင် အခြေခံပညာကျောင်းသား/ကျောင်းသူ ၁၃ သန်းခန့်ရှိမည်ဟု ခန့်မှန်းတွက်ချက် ပါကြောင်း၊ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ ၁၀ သန်းကျော် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ နံပါတ်(၂)အနေဖြင့် နိုင်ငံတော်အစိုးရမှ အခြေခံပညာရေး မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်တိုင်းအတွက် အခမဲ့ပညာရေးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြဋ္ဌာန်းသင်ရိုးညွှန်းတမ်း စာအုပ်များကို ပုံနှိပ်ပြီး နှစ်စဉ် အခမဲ့ဖြန့်ဝေလျက်ရှိသဖြင့် ပညာရေး အသုံးစရိတ်မှ နှစ်စဉ်ဘီလီယံ ၁၀၀ ‌ကျော်နီးပါး သုံးစွဲနေရပါကြောင်း၊ ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် ဘီလီယံ ၁၅၀ ပတ်ဝန်းကျင်အထိ တိုးမြှင့်သုံးစွဲရမည်ဟု ခန့်မှန်းထားပါကြောင်း၊ ယခုကဲ့သို့ဘီလီယံပေါင်း မြောက်မြားစွာ သုံးစွဲပေးရသော်လည်း ပုံနှိပ်စာအုပ်များသည် တစ်နှစ်တာပဲအသုံးပြုရပြီး နှစ်စဉ် အကုန်အကျခံပြီး ပြန်ရိုက်နှိပ်နေရပါကြောင်း။

နံပါတ်(၃)အနေဖြင့် အခြေခံပညာကဏ္ဍ၏ ပြဋ္ဌာန်းသင်ရိုးညွှန်းတမ်းများကို နှစ်စဉ်ပုံနှိပ် ဖြန့်ဝေခြင်းအား  ဆောင်ရွက်ရာတွင် တင်ဒါလုပ်ငန်းစဉ်များ ရှုပ်ထွေးကြန့်ကြာခြင်း၊ ကျောင်းဖွင့် ရာသီအမီ အချိန်မီ မဖြန့်ဝေနိုင်ခြင်း၊ ပုံနှိပ်အရည်အသွေး မပြည့်မီခြင်း၊ ပြင်ပမှ ခွင့်ပြုချက်မဲ့ တရားမဝင်ပုံနှိပ်ရောင်းချရာမှ အမှားအယွင်းများဖြစ်ပေါ်ခြင်းဖြစ်စဉ်များကြောင့် ပညာရေးပြုပြင် ပြောင်းလဲမှုဖြစ်စဉ်တွင် အဟန့်အတားများ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊

နံပါတ်(၄)အနေဖြင့် ယခုအခါနိုင်ငံတကာ သင်ကြားရေးအစီအမံများသည်  Educational 4.0 သို့ အဆင့်မြှင့်တင်ပြီး သင်ကြားသင်ယူမှုဖြစ်စဉ်များကို ICT ကဏ္ဍဖြင့် အကောင်အထည်ဖော်နေပြီ ဖြစ်ရာ မြန်မာ့ပညာရေးကဏ္ဍကလည်း ပညာရေးမြှင့်တင်မှုအစိတ်အပိုင်း တစ်ရပ်အနေဖြင့် ICT ကဏ္ဍကို အလေးထားဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်ပါကြောင်း၊

နံပါတ်(၅)အနေဖြင့် အခြေခံပညာကဏ္ဍ၏ ပြဋ္ဌာန်းသင်ရိုးညွှန်းတမ်းများကို နှစ်စဉ် ပုံနှိပ်ဖြန့်ဝေခြင်းအစား Digital Text များဖြင့် အသွင်ပြောင်းလဲပြီး အသုံးပြုမည်ဆိုပါက ကနဦး ရင်းနှီးမြှုပ်နှံမည့်သူအတွက် ပညာရေးအသုံးစရိတ်မှ အနည်းငယ် ပိုမိုသုံးစွဲရမည်ဖြစ်သော်လည်း နှစ်စဉ်ပြုဋ္ဌာန်းပုံနှိပ်များရိုက်နှိပ်ခြင်းကြောင့် ဖြစ်ပေါ်နေသည့် အရှုပ်အထွေးများ ကင်းဝေးနိုင်ခြင်း၊ အသုံးစရိတ်များလျော့ကျလာခြင်းနှင့်အတူ ကျောင်းသား/ကျောင်းသူများ သင်ကြားသင်ယူမှုအား ခေတ်နှင့်အညီ သင်ကြားခွင့်ပါရရှိလာစေမည်ဖြစ်ပါကြောင်း၊ နံပါတ်(၆)သည် အခြေခံပညာကဏ္ဍ ၏ ပြဋ္ဌာန်းသင်ရိုးညွှန်းတမ်းများကို နှစ်စဉ်ပုံနှိပ်ဖြန့်ဝေခြင်းအစား Digital Text ဖြင့် ပြောင်းလဲ အသုံးပြုခြင်းအား မူဝါဒအစီအမံများကို ရေးဆွဲပြီး အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် လိုအပ်နေပါကြောင်း မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာ (၂၀၁၆-၂၀၂၁) ချမှတ်ပြီး မြန်မာနိုင်ငံ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး သင်ကြားရေးဆရာ ဆရာမလိုအပ်ချက် ပိုမိုကောင်းမွန်သော သင်ယူမှု ပတ်ဝန်းကျင်၊ သင်ထောက်ကူ ပစ္စည်းများပြည့်စုံမှုနှင့် ဆရာဆရာမများအတွက် စွမ်းဆောင်ရည် မြှင့်တင်မှု စသည်တို့အတွက် ဖြစ်ပေါ်နေသောအခက်အခဲနှင့် စိန်ခေါ်မှုများစွာကို ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများရှိ ဆရာဆရာမများအတွက် KG၊ Grade-1၊ Grade-2၊ Grade-3 နှင့် ပတ်သက်သည့် ဖတ်စာအုပ်များ၊ သင်ခန်းစာများ၊ ဆရာကိုင်နှင့် အထွေထွေသင်ကြားရေး အထောက်အကူပြုစာအုပ်များ၊ ပညာရေးဆိုင်ရာမူဝါဒများ၊ ဥပဒေနှင့်  ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ချက်များကို အလွယ်တကူ လေ့လာနိုင်မည့် အင်တာနက်ဒေတာ အသုံးပြုရန် မလိုအပ်သော DBE Box များအား တပ်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများမှ ရေးသားပြုစုထားသည့် Creative Common License ရရှိထားသည့် သင်ကြားမှု၊ သင်ယူမှုအထောက် အကူပြုသင်ခန်းစာများကိုလည်း DBE Box များတွင် ထည့်သွင်းပြီး ရှေ့ပြေးစမ်းသပ်မှု အစီအစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

KG+12 အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေခံပညာအဆင့်သင်ရိုးညွှန်းတမ်းပြုပြင် ပြောင်းလဲမှုတွင် သင်ရိုးသစ် Grade-1၊ Grade-2၊ Grade-3၊ Grade-6 တန်းများအတွက် ကျောင်းသုံး စာအုပ်များ၊ ဆရာကိုင်လမ်းညွှန်စာအုပ်များကို Digital Format ဖြင့် ပြုစုပြီး Softcopy များကို ပြန်ကြားရေးဝန်ကြီးဌာနသို့ ပုံနှိပ်ရန်ပေးပို့ဆောင်ရွက်လျက်ရှိသည့်အတွက် တင်ပြပါ သင်ရိုးသစ် အတန်းများအတွက် Digital Text များ အသင့်ရှိမည်ဖြစ်ကြောင်း၊

၂၀၂၀-၂၁ ပညာသင်နှစ်တွင် စတင်အသုံးပြုမည့် Grade-4၊ Grade-7၊ Grade-10 အတန်းများ အတွက် ကျောင်းသုံးစာအုပ်များနှင့် ဆရာကိုင်လမ်းညွှန်များကိုလည်း Digital Format ဖြင့် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကျန်အတန်းများအတွက် သင်ခန်းစာများကိုလည်း Digital Format ရှိနေပြီဖြစ်ရာ Tablet များတွင် ထည့်သွင်းအကောင်အထည်ဖော်ရန် အသင့်ရှိပြီဖြစ်ကြောင်း၊ Digital Format များနှင့် ပြုစုထားသည့် သင်ခန်းစာများကို ပညာရေးမူဝါဒကော်မရှင်၏ Web page ဖြစ်သည့် www.nepc.edu.mm နှင့် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ Website များတွင် Download ရယူသုံးစွဲနိုင်ပါကြောင်း။

အခြေခံပညာဦးစီးဌာန၏ DBE Box များ ဆောင်ရွက်ရာတွင် ရှေ့ပြေးအစီအစဉ်ဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် အခြေခံပညာကျောင်းပေါင်း ၂၀၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် အခြေခံပညာကျောင်းပေါင်း ၂၀၊ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် အခြေခံပညာ ကျောင်းပေါင်း ၂၀ စုစုပေါင်းကျောင်းပေါင်း ၆၀ တွင် တပ်ဆင်အသုံးပြုနေပြီဖြစ်ပါကြောင်း၊ ဆက်လက်ပြီး အင်တာနက်ဆက်သွယ်ရေးကောင်းမွန်မှုမရှိသော၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသော ကျောင်းများတွင်လည်း ဦးစားပေးပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဆရာဆရာမများအနေဖြင့် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ၊ သင်ကြားမှုဆိုင်ရာအရင်းအမြစ်များကို  Smart Phone(Touch Screen) ဖုန်းများ၊ Tablet များဖြင့် အလွယ်တကူ လေ့လာကြည့်ရှုအသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ စမ်းသပ်တပ်ဆင်ထားသည့် ကျောင်းများ၏ နေ့စဉ်အသုံးပြုမှုအခြေအနေများအား စစ်တမ်း ကောက်ယူခြင်း၊ သုံးစွဲစဉ်တွေ့ကြုံရသည့် အခက်အခဲများနှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်များကို ပြန်လည်စိစစ်၍ နိုင်ငံတော်အစိုးရမှ ပညာရေးဝန်ကြီးဌာနအတွက် ချမှတ်ပေးသည့် ဘဏ္ဍာရန်ပုံငွေအပေါ် မူတည်ပြီး Digital Text စီမံကိန်းကို တစ်နိုင်ငံလုံးအနေဖြင့် နှစ်အလိုက်ရေရှည်အစီအမံများဖြင့် တိုးချဲ့ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။