Skip to main content

မာန်အောင်မြို့နယ်သည် ရခိုင်ပြည်နယ်တွင်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဝေးလံခေါင်သီဒေသအဖြစ် နိုင်ငံတော်မှ သတ်မှတ်ထားပြီး ဒေသရှားပါးစရိတ် ခံစားခွင့်ပြုထားသည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ မာန်အောင်မြို့နယ်အတွင်းတွင် နေထိုင်ကြသည့် ပြည်သူများသည် ဆင်းရဲကြသော်လည်း မိမိတို့၏ သားများ၊သမီးများကို အသိပညာရှိစေရန် ကျောင်းထားကြ ပါကြောင်း၊ ပညာရေးကိုလည်း အထူးအလေးထား အားပေးကြပါကြောင်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ပထမအပတ်က ပြည်နယ်များနှင့် တိုင်းဒေသကြီးများတွင် ရှိသည့် တိုင်းရင်းသား ကျောင်းသား၊ကျောင်းသူများကို တိုင်းရင်းသားဘာသာစာပေနှင့် ကျောင်းသင် ဘာသာရပ်များ သင်ကြားရန်အတွက် အထောက်အကူပြု (TA) နေ့စားများအဖြစ် ဆရာဆရာမ ၆,၀၀၀ ကျော် ခန့်ထားပေးခဲ့သည်ကို သိရှိရပါကြောင်း၊ ခန့်ထားပေးသည့် အတွက် နိုင်ငံတော် အစိုးရကို အထူး ကျေးဇူးတင်ရှိပါကြောင်း၊

ရခိုင်ပြည်နယ်တွင် ရှိသည့် မာန်အောင်မြို့နယ်ရှိ ကျောင်းများ အတွက် ဆရာဆရာမ ၁၇ ဦး ခန့်ထားပေးခဲ့ကြောင်း၊ သို့သော် မာန်အောင် မြို့နယ်ရှိ အခြေခံပညာ ကျောင်းပေါင်းသည် ၁၁၇ ကျောင်း ရှိပါကြောင်း၊ ၁၁၇ ကျောင်းတွင် ကျောင်းပေါင်း ၈၂ ကျောင်းသည် ကျောင်းသား ၄၀ အောက် ပညာသင်ကြားလျက်ရှိပြီး ၃၅ ကျောင်းသည် ၄၀ အထက် ရှိသည့် ကျောင်းများ ဖြစ်ကြပါကြောင်း၊ တိုင်းရင်းသားဘာသာစာပေ သင်ကြားပေးမည့် ဆရာဆရာမများ ခန့်ထားရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် ပညာရေးဝန် ကြီးဌာနအောက်ရှိ တာဝန်ရှိသူများနှင့် မိမိ သွားရောက် တွေ့ဆုံခဲ့ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနက ကျောင်းတစ်ကျောင်းကို ဆရာတစ်ယောက် ခန့်ထားပေးရန် ပညာရေးဝန်ကြီးဌာန နှင့် ညှိနှိုင်းထားကြောင်း၊ ပညာရေး ဝန်ကြီးဌာနသည် ကျောင်းသား ၄၀ အထက်ရှိသည့် ကျောင်းများ ကို ဆရာတစ်ယောက် ခန့်ပေးမည်ဟု ပြောပါကြောင်း၊ သို့သော် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ပထမအပတ်က ဆရာဆရာမများ ခန့်ထားသည့် စာရင်းထွက်လာသည့်အချိန်တွင် မိမိတို့ မာန်အောင်မြို့နယ်က ကျောင်းသား ၄၀ အထက်ရှိသည့် ကျောင်း ၃၅ ကျောင်းအတွက် ကျောင်းဆရာ ၁၇ ယောက် ခန့်ထားကြောင်း၊ ၁၈ ကျောင်းတွင် ဆရာခန့်ထားခြင်း မရှိသေး ပါကြောင်း၊ ကျောင်းသား ၄၀ အောက် ကျောင်း ၈၂ ကျောင်းတွင် ဆရာများ မရှိသေးပါကြောင်း၊ မြို့နယ်အတွင်းတွင် ပညာရေး အခွင့်အလမ်းများစွာ ကွာဟမှု ဖြစ်နေပါကြောင်း၊ ထို့ကြောင့် မိမိတို့ မာန်အောင်မြို့နယ်ရှိ ကျန်ရှိနေသည့် ကျောင်းများအတွက် လိုအပ်သော ဆရာဆရာမများကို ပြန်၍ ခန့်ထားရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းရှိ ကျောင်းများအတွက် Teaching Assistant လျှောက်ထားသူ ၉၆ ဦး၏ လျှောက်လွှာများကို တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန မှတစ်ဆင့် လက်ခံရရှိရပါကြောင်း၊ ၎င်းလက်ခံရရှိသည့် လျှောက်လွှာများအနက် သတ်မှတ်ချက်နှင့် စိစစ်ရာတွင် Grade-1၊ Grade-2၊ Grade-3 စုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၀ ဦးနှင့် အထက်ရှိသည့် ကျောင်းများတွင် Teaching Assistant ဆရာ ၁၈ ဦးအား ခန့်ထားပြီး ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနသည် ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် Teaching Assistant များ ဆက်လက် ခန့်ထားနိုင်ရေးအတွက် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနမှ စိစစ်ပြီး လျှောက်လွှာများအား ထပ်မံ ရောက်ရှိလာချိန်တွင် သတ်မှတ်ချက် မူများနှင့်အညီ စိစစ်ပြီး ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးတင်နု(ခ)တင်နုအောင် (မာန်အောင် မဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပြည်ထောင်စု ဒုတိယဝန်ကြီးက ပြည့်ပြည့်စုံစုံဖြေကြား ပေးသည့်အတွက် အထူးကျေးဇူး တင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အောက်တွင် ရှိသည့် တာဝန်ရှိသူအချို့နှင့် တိုင်းရင်းသား ဘာသာစာပေ သင်ကြားရေးနှင့်ပတ်သက်ပြီး သွားရောက်တွေ့ဆုံခဲ့ပါကြောင်း၊ တာဝန်ရှိသူများမှ ကျန်ခဲ့သည့် ကျောင်းများတွင် ဆရာများ မခန့်ပေးနိုင်ခြင်းနှင့်ပတ်သက်ပြီး မိမိကို ပြောပြပါကြောင်း၊ ၎င်းတို့ ကျောင်းများတွင် ရှိသည့် ဆရာများကို တစ်လကို သုံးသောင်းပေးမှ ၎င်းကျောင်းများတွင် ဆရာများ သင်ထားခိုင်းသည်ဟု ပြောပါကြောင်း၊ မိမိတို့ လိုချင်သည်က ကျောင်းတွင် ရှိသည့် ဆရာများကို လစာသုံးသောင်းပေးပြီး သင်ခြင်းထက် အလုပ်အကိုင် မရှိသည့် ဘွဲ့ရများ၊ ၁၀ တန်းအောင်သည့် အပြင်တွင် ရှိသည့် ကလေးများ အလုပ်အကိုင် ရစေချင်သည့် ဆန္ဒ ရှိပါကြောင်း၊ ထို့ကြောင့် မိမိဆက်စပ်မေးချင်သည်က ၎င်းသုံးသောင်းဖြင့် လုပ်ချင်သည့် ကလေးများ အလုပ်လျှောက်လာပါက ကျောင်းတွင် ခန့်ထားသည့် သုံးသောင်းပေးထားသည့် ဆရာများကို ပေးခြင်း မပြုဘဲ ၎င်းလျှောက်သည့် ကလေးများကို ခန့်ထားရန် အစီအစဉ် ရှိပါသလား ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

ပညာရည်မြင့်မားရေးအတွက် သင်ကြားမှုပြုရာတွင် သင်တန်းတက်ပြီးသား ဆရာဆရာမများနှင့် သင်ကြားရေးအတွက် အထူးကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အလုပ်အကိုင် ရရှိရေး ဒေသခံလူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လန်းမှုသည် အရေးပါသည့်အပြင် သင်ကြားရေး ဆောင်ရွက်ရာတွင် အရည်အချင်းပြည့်သည့် ဆရာဖြစ်သင်တန်း တက်ပြီးသူများမှ သင်ကြားရေးအရ ပိုမိုအရေးပါပါကြောင်း တင်ပြဖြေကြားပါသည်။