Skip to main content

၎င်းမေးခွန်းကို (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွက် လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ကတည်းက တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ ခုမှနောက်ကျပြီးမေးဖြစ်တာ ဖြစ်ပါကြောင်း၊ ပဲခူးတိုင်း ဒေသကြီးတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသည် ၂၀၁၇-၁၈ ခုနှစ်နှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်များတွင် Type-C အဆင့်ကျောင်းဆောင် ၁၄၁ ဆောင်ကို ဆောက်လုပ်ပေးခဲ့ပါ ကြောင်း၊ ၎င်းတို့ထဲမှ ၄၄ ကျောင်းသာ Type-A အဆင့် ၁၀၀ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး ၉၇ ကျောင်းသည် ခွင့်ပြုချက်ထပ်မရဘဲ ၁၀၀ ရာခိုင်နှုန်းအပြီးသတ်ဆောင်ရွက်ရန် ကျန်ရှိနေသေး သည်ဟုသိရပါကြောင်း၊ ၎င်း Type-C အဆင့်ကျောင်းသည် တည်ဆောက်ရေးလုပ်ငန်း၏ တစ်ဝက် ၅၀ ရာခိုင်နှုန်းသာ ဆောင်ရွက်ရခြင်းဖြစ်၍ အပြီးသတ်တည်ဆောက်နိုင်ရန် တစ်ဆက်တစ်စပ်တည်း ဖြစ်သည့် ဖြည့်စွက်ရန်ပုံငွေ သို့မဟုတ် အနီးဆုံးဘဏ္ဍာရေးနှစ်ဘတ်ဂျက်တွင် ဆက်လက်ခွင့်ပြုပြီး အပြီးသတ် တည်ဆောက်ပေးရမည် ဖြစ်ပါကြောင်း၊

တစ်ဆက်တစ်စပ်တည်း ဘဏ္ဍာရေးနှစ်များတွင် ဘတ်ဂျက်ချပေးနိုင်ခြင်းမရှိဘဲ အပြီးသတ် တည်ဆောက်ခြင်းမရှိဘဲ ဘတ်ဂျက်နှစ်ကွာဟသည့် အတွက် စာသင်ကျောင်း၊ စာသင်ခန်း လိုအပ်နေ သည့် ကျောင်းသူ၊ ကျောင်းသားများအတွက် များစွာ နစ်နာရသကဲ့သို့ တင်ဒါအောင်ကုမ္ပဏီများနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ လုပ်ခလစာဈေးတက်လာသည့်အတွက် PAE နှုန်းထားများကို ကာလ ပေါက်ဈေးများအတိုင်း တိုးမပေးဘဲ ဆက်တည်ဆောက်ရသောကြောင့် ယခင်နှစ်များ ကစာချုပ်ပါ အတိုင်း ဆောင်ရွက်ရန်အခက်အခဲများရှိနေသည်ဟု ကြားသိရပါကြောင်း၊

၂၀၁၇-၁၈ ခုနှစ် PAE Rate နှင့် ၂၀၁၉-၂၀ တွင်များစွာကွာခြားနိုင်ပါကြောင်း၊ ဝေးလံခေါင်သီပြီး အဆက်အသွယ်ခက်ခဲသည့် ဒေသများတွင်ပို၍ အဆင်မပြေဖြစ်နိုင်ပါကြောင်း၊ ထို့အတွက် အရည် အသွေး ထိခိုက်မည်ကိုလည်း စိုးရိမ်ရပါကြောင်း၊ အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း အလားတူ Type-C ကျောင်းများရှိနေသည်ဟုသိရပါကြောင်း၊ ဥပမာအနေဖြင့် ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောမြို့နယ်တွင် အ.မ.က (ခွဲ) ယင်းပေါင်နှင့် အ.မ.က ရွာသာယာ Type-C ကျောင်းနှစ်ကျောင်းသည်လည်း ဆောက်လုပ်ပြီး ငွေမရရှိသေးပါကြောင်း၊ ထို့ကြောင့် PAE Rate ကွာခြားနေသည်ကို ညှိပေးရန်အစီအစဉ်ရှိ/မရှိနှင့် ကျန်နေတဲ့ တခြားတိုင်းနှင့်ပြည်နယ်များတွင် ငွေမရဘဲတစ်ဝက်တစ်ပျက်ဖြစ်နေသည့် ကျောင်းများကို ဆက်ပြီး တည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမေးသည့် မေးခွန်းတွင်ပါကြောင်း၊ မေးခွန်းတင်ပြချိန်နှင့် ဖြေကြားချိန်သည် အချိန်များစွာ ကွာဟနေကြောင်းတင်ပြသွားတာ ရှိပါကြောင်း၊ ထိုကွာဟ နေသည့် အချိန်အတွင်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်မှုများစွာ ရှိခဲ့ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး စာရင်းချုပ်တင်ပြသွားသည့် ပဲခူးတိုင်းအရှေ့ခြမ်းတွင် ကျန်ခဲ့ကျောင်း ၅၅‌ ကျောင်း၊ ပဲခူးတိုင်းအနောက် ခြမ်းတွင် ကျန်ခဲ့ကျောင်း ၃၂ ကျောင်း စုစုပေါင်း ၈၇ ကျောင်း ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် Type-A ဖြင့်အပြီးသတ် လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိသည့် အခြေခံပညာကျောင်းပေါင်းအားလုံး ၈၇ ကျောင်းအတွက် ရန်ပုံငွေကျပ်သန်းပေါင်း ၁,၃၅၇.၄၂၅ သန်းကို ၂၂-၁၀-၂၀၁၉ ရက်နေ့တွင် လုပ်ငန်းများ ဆောင်ရွက် ရန် ခွဲဝေဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားပါသည်။

ဦးမြင့်ဦး(သနပ်ပင်မဲဆန္ဒနယ်) မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

PAE Rate များကွာခြားသွားသည်ကို ထပ်ပြီးညှိနှိုင်းပေးမည်လားဟု မိမိမေးသွားတာရှိပါကြောင်း၊ ဒါကလည်း အရည်အသွေးမပြည့်မီမည်ကို စိုးရိမ်ရ၍ ဖြစ်ပါ ကြောင်း၊ ၎င်းကုမ္ပဏီများအနေဖြင့် လည်း မိမိတို့ကိုညှိနှိုင်းလာတာ ရှိပါကြောင်း၊ ထို့ကြောင့် PAE Rate ကိုထပ်ညှိပြီး ဆောင်ရွက်ပေး မှသာလျှင် အရည်အသွေးပြည့်မှီမည်ဟု ယူဆပါကြောင်း၊ ဒီအတွက်လည်း ဖြေနိုင်မည်ဆိုပါက ဖြေကြားစေလိုပါကြောင်း၊ မိမိအနေဖြင့် တခြားတိုင်းနှင့်ပြည်နယ်များကို ဥပမာပေးထားခြင်း ဖြစ်သည့်အတွက် ဘူးသီးတောင်-မောင်တောကကျောင်း နှစ်ကျောင်းနှင့် ပတ်သက်၍လည်း တစ်ခါတည်းဖြေလို့ရမည်ဆိုပါက ဖြေပေးစေချင်ပါကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

မိမိတို့ရန်ပုံငွေသုံးစွဲရာတွင် ပြည်ထောင်စုလွှတ်တော်ကြီးမှ အတည်ပြုပြဋ္ဌာန်းပြီးသော စီမံကိန်း တန်ဖိုးများကိုသာ ဥပဒေအရလိုက်နာ ကျင့်သုံးရပါကြောင်း၊ တည်ဆောက်သည့်နေရာ ကွဲလွဲခြင်း၊ တန်ဖိုးတွက်ချက်မှု ကွာဟခြင်းများသည်သက်ဆိုင်ရာတိုင်းဒေသကြီး ခရိုင်၊ မြို့နယ်၊ ပညာရေးမှူး များက တင်ပြလာပါက မိမိတို့ ပြန်၍စိစစ် ပေးမည်ဖြစ်ပါကြောင်း၊ ၎င်းစီမံကိန်းဥပဒေအရ ခွင့်ပြုပြီး သောတန်ဖိုးကို ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်း၊ နောက်ဆက်စပ်မေးခွန်းအနေဖြင့် အလားတူအချောမသတ်သေးသည့် ကျောင်းများအားလုံးကို တတ်နိုင်သရွေ့အပြီးသတ်နိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ကိုယ်စားလှယ်တော်ကြီးတင်ပြသည့် ဘူးသီးတောင်-မောင်တောမှကျောင်းကို သီးသန့်မေးမြန်းပါက ပိုမိုဆီလျော်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။