Skip to main content

(ဂ)-ကန်ကြီးထောင့်မြို့ တည်ထောင်ခဲ့သည်မှာ ၂၄ နှစ်ကြာပြီဖြစ်သော်လည်း မြေပေးမိန့် ရရှိချိန်မှစ၍ ယနေ့အထိ နှစ်ပေါင်း ၂၀ အတွင်း နေအိမ်ဆောက်လုပ် နေထိုင်မှု မရှိသေးသော မြေကွက်ရယူထား သူများအား တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရန်နှင့် မြေပေးမိန့် မချရ သေးသော မြေကွက်များစွာ ကျန်ရှိရာ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအား ပြည်ထောင်စုအစိုးရမှ ဖိတ်ခေါ် လမ်းညွှန်ပေးရန်အစီအစဉ် ရှိ/မရှိတို့နှင့်စပ်လျဉ်းသည့် မေးခွန်း

 ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အား ၁၉၉၅ ခုနှစ်မှစ၍ ကန်ကြီးထောင့် မြို့နယ်အဖြစ် သတ်မှတ်ထား ရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက် ခုနစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၃ စုဖြင့် ဖွဲ့စည်းထားသည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ကိုင်းတောမြို့နယ်ကို မြို့မြေဧရိယာ ၄,၀၈၉ ဧကရှိပြီး မြို့ရွာအိုးအိမ်ဦးစီးဌာနမှ မြို့မြေကွက်များအား A၊ B၊ C အပိုင်း သုံးပိုင်းခွဲ၍ မြို့မြေကွက် ပုံစံများ ရေးဆွဲထားရှိသည်ကို တွေ့ရှိရပါကြောင်း၊ မြို့မြေကွက်(A)သည် ဟွာမုံ အထည်ချုပ် စက်ရုံတစ်ရုံ တည်းသာရှိပြီး မြို့ကွက်(A)၌ မြေပေးမိန့်မချရသေးသော မြေကွက်များသာကျန်ရှိ နေကြောင်း သိရှိရပါကြောင်း၊ မြို့မြေကွက်(B)နှင့်(C)သည် ရန်ကုန်-ပုသိမ် ကားလမ်းမကြီး ဘေးဝဲ/ယာတို့တွင် အိမ်ရာကွက်များ ရိုက်ထားသည်ကို တွေ့ရှိရပြီး မြို့မြေကွက် (B)တွင် မြေကွက် ပေါင်း ၅၅၆ ကွက်အနက် ၄၈၈ ကွက်အား အိမ်ရာဆောက်လုပ်ရန် မြေကွက်အဖြစ် မြေပေးမိန့် ထုတ်ပေးထားပြီးဖြစ်ပါကြောင်း၊ ၎င်းမြေပေးမိန့် ရယူထားသူများအနက် ၂၇၃ ကွက်သည် မြေပေးမိန့် ရရှိသည်မှစ၍ ယနေ့အထိ နှစ်ပေါင်း ၂၀ ကျော်ပါသော်လည်း နေအိမ်၊ အဆောက်အဦ ဆောက်လုပ်ထားခြင်း မတွေ့ရပါကြောင်း၊ မြို့မြေကွက်(C)တွင် မြေကွက်ပေါင်း ၂၄၀ ကွက် ရှိပြီး မြေပေးမိန့် ၂၃၇ ကွက် ထုတ်ပေးထားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ မြေပေးမိန့် ရယူထားသူများ ရယူထားသည့် အကွက်များထဲမှ ၄၁ ကွက်သည် နေအိမ်၊ အဆောက်အဦ ဆောက်လုပ်ထားခြင်း မရှိပါကြောင်း၊ ရန်ကုန်-ပုသိမ် ကားလမ်း ဘေးဝဲ/ယာမြေကွက်ပေါ်တွင် မြေကွက်ပေါင်း ၆၁၁ ကွက် ရိုက်ထားပြီး မြေပေးမိန့် ၄၄၅ ကွက် ထုတ်ပေးထားသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့အထိ ၎င်းနေရာများတွင် နေအိမ်၊ အဆောက်အဦ ဆောက်လုပ်ထားခြင်း မရှိသေးပါကြောင်း၊ မြို့မြေချထားရေးကော်မတီ၏ ထုတ်ပေးသော မြေပေးမိန့်များတွင် မြေပေးမိန့် ရရှိသည့် အချိန်မှစ၍ ခြောက်လအတွင်း နေအိမ်၊ အဆောက်အဦ ဆောက်လုပ်နေထိုင်ရမည်ဟု ပါရှိသည့်အပြင် ၁၇-၄-၂၀၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှ မြို့မြေကွက်ချထားမှုအပေါ်တွင် လူနေအိမ်များ ဆောက်လုပ်ခြင်း မရှိခဲ့သည့်အတွက် အမြန်ဆောက်လုပ်ရန်၊ အများပြည်သူများ သိရှိနိုင်ရန် သတင်းစာနှင့် လမ်းဆုံ၊ လမ်းဂွများတွင် အတိအလင်း တင်ထားသည်ကို တွေ့ရှိရပါကြောင်း၊

မြေပေးမိန့် ရရှိပြီး နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်သော်လည်း မြေကွက်များသာ ရယူထားပြီး နေအိမ်၊ အဆောက်အဦ ဆောက်လုပ်နေထိုင်ခြင်း မရှိသောကြောင့် မြို့အင်္ဂါရပ်နှင့် ညီညွတ်မှု မရှိသည်ကို တွေ့ရှိရပါကြောင်း၊ အိမ်ရာကွက်များကို ယခင် န.ဝ.တ၊ န.အ.ဖ လက်ထက်တွင် ၄၀ ပေ x ၆၀ ပေ တစ်ကွက်လျှင် မြေစည်ပင်စရိတ် တစ်သောင်းကျပ်နှုန်း၊ ယခုလက်ရှိ အချိန်ကာလတွင် ၄၀ ပေ x ၆၀ ပေ တစ်ကွက်လျှင် မြေစည်ပင်စရိတ် တစ်သိန်းကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိရာ ယခုလက်ရှိ မြို့ကွက်သစ်ရန်ပုံငွေ ၄၉,၁၇၀,၀၀၀ ကျပ် ကောက်ခံရရှိထားသည်ကို တွေ့ရှိရပါကြောင်း၊ ယခင် မြို့မြေချထားရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အားနည်းခြင်းများကြောင့် ဆောင်ရွက်ရမည့် လမ်း၊ တံတား၊ မီးလင်းရေး လုပ်ငန်းများတွင် နှောင့်နှေးမှုများ ရှိနေသည်ကို တွေ့ရှိရပြီး ကန်ကြီးထောင့်မြို့ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်းကောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းများ ရရှိရန် အတွက်လည်းကောင်း၊ မြေပေးမိန့်ချထားပေးရန် မြေကွက် များစွာ ကျန်ရှိသဖြင့် ရင်းနှီးမြှုပ်နှံ လိုသည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ် လမ်းညွှန်ပေးရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါ၍ ဒေသခံပြည်သူများ၏ ကိုယ်စား ပြည်ထောင်စုအစိုးရသို့ အောက်ပါမေးခွန်း များကို မေးမြန်းရခြင်းဖြစ်ပါကြောင်း -

(၁-က) ကန်ကြီးထောင့်မြို့နယ်သည် တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၂၄ နှစ် ကြာမြင့်နေပြီ ဖြစ်သော်လည်း မြေပေးမိန့် ရရှိခြင်းမှစ၍ ယနေ့အထိ နှစ်ပေါင်း ၂၀ အတွင်း နေအိမ်၊ အဆောက်အဦ ဆောက်လုပ်မှု မရှိသေးသည့် မြေကွက်နှင့် ရယူထားသူများအား တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊

(၁-ခ) ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မြို့ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြေပေးမိန့် မချရသေးသော မြေကွက်များစွာ ကျန်ရှိရာ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအား ပြည်ထောင်စု အစိုးရမှ ဖိတ်ခေါ်လမ်းညွှန်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။


 

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှကြိုင်၏ ကန်ကြီးထောင့်မြို့ တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၂၄ နှစ်ကြာမြင့်နေပြီး ဖြစ်‌သော်လည်း မြေပေးမိန့် ရရှိချိန်မှစ၍ ယနေ့အထိ နှစ်ပေါင်း ၂၀ အတွင်း နေအိမ်ဆောက်လုပ် နေထိုင်မှု မရှိသေးသည့် မြေကွက်ရယူထားသူများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ကန်ကြီးထောင့်မြို့ လျင်မြန်စွာဖွံ့ဖြိုး တိုးတက်ရန် အတွက် မြေပေးမိန့်မချရသေးသော မြေကွက်များစွာ ကျန်ရှိရာ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း ရှင်များအား ပြည်ထောင်စုအစိုးရမှ ဖိတ်ခေါ်လမ်းညွှန်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်မြို့နယ်အတွင်းရှိ ကန်ကြီးထောင့်မြို့နယ်တွင် တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၂၄ နှစ်ကြာမြင့်နေပြီဖြစ်သော်လည်း မြေပေးမိန့် ရရှိချိန်မှစ၍ ယနေ့အထိ နှစ်ပေါင်း ၂၀ အတွင်း နေအိမ် ဆောက်လုပ်နေထိုင်ခြင်း မရှိဘဲ မြေကွက်ရယူထား သူများအား ယနေ့အထိ အရေးယူဆောင်ရွက်ထားခြင်း မရှိသေးသော်လည်း အဆောက်အဦ တည်ဆောက်ခြင်း မရှိသေးသည့် ပြည်သူများကို မိမိပိုင်နယ်မြေများတွင် အဆောက်အဦများ ပြန်လည်တည်ဆောက်ရန်အတွက် မြို့မြေချထားရေးအဖွဲ့မှ ထပ်မံအသိပေး အကြောင်းကြားခြင်း၊ မြေပေးမိန့် မရရှိသေးလျှင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ပြီးထုတ်ယူရန် အကြောင်းကြားထားခြင်းများ ပြုလုပ်ကြောင်း ဖြေကြားချက်ရှိပါကြောင်း၊ ကန်ကြီးထောင့် မြို့နယ် တွင် မြို့မြေချထားစဉ်က အကွက်(A)၊ အကွက်(B)၊ အကွက်(C) ဟု ဘလောက်သုံးခု သတ်မှတ် ခဲ့ပါကြောင်း၊ အကွက်(B)နှင့် အကွက်(C)ရှိ တောင်သူများအား မြေလျော်ကြေး ပေးခဲ့သော်လည်း အကွက်(A)မှ တောင်သူများအား မြေလျော်ကြေးပေးရန် မရှိသေးပါကြောင်းနှင့် မြေလျော်ကြေး ပေးမှု မရှိသေးပါကြောင်းနှင့် မြေလျော်ကြေး မရရှိသေးသော အကွက်(A) ဘလောက် ဧရိယာ အတွက် မြို့မြေ သိမ်းဆည်းစဉ်က ပါဝင်သော မူလပိုင်ရှင် တောင်သူများက မူရင်းလယ်ကွက်များမှ သီးနှံစိုက်ပျိုး လုပ်ကိုင်လျက်ရှိသဖြင့် မြေပေးမိန့်မချရသေးသည့် မြေကွက်များစွာ ကျန်ရှိနေရခြင်း ဖြစ်ကြောင်း ဖြေကြားချက်ရှိပါကြောင်း၊ ၎င်းအကွက်များနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း ရှင်များ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ တောင်သူများ နှင့် ညှိနှိုင်းပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြေကြားချက် အား ကိုယ်စားပြန်လည်ဖြေကြားပါသည်။