Skip to main content

ရခိုင်ပြည်နယ်၊ မောင်တောမြို့ (၄)မိုင်ရပ်ကွက်နေ ပြည်သူများအတွက် မြကန်သာ ကန်တော်ကြီးက ရေပိုက် ဆက်သွယ်ပြီး သောက်သုံးရေ ဖြန့်ဝေပေးရန် အစီအစဉ် ရှိ/မရှိ သိလိုသည့်အတွက် မေးမြန်းသွားမည်ဖြစ်ကြောင်း၊

မောင်တောမြို့သည် ရပ်ကွက် ခြောက်ခုဖြင့် ဖွဲ့စည်းထားသည့် မြို့တစ်မြို့ ဖြစ်ပါကြောင်း၊ အမှတ် (၁) ရပ်ကွက်မှ အမှတ်(၅)ရပ်ကွက်အထိ မြို့မ ဧရိယာအတွင်းတွင် တစ်ဆက်တစ်စပ်တည်း ဖွဲ့စည်းတည်ရှိပြီး ယခင် အမှတ်(၆) ရပ်ကွက် ယခု (၄)မိုင်ရပ်ကွက်သည့် မြို့မမှ လေးမိုင် အကွာအဝေး မောင်တော-ဘူးသီးတောင်မြို့နှင့် ဆက်သွယ်ထားသည့် ကားလမ်းမကြီးဘေးရှိ မေယုတောင်ခြေရင်း တည်ရှိထားသည့် ဆင်ခြေဖုံး ရပ်ကွက်တစ်ခု ဖြစ်ပါကြောင်း၊

မောင်တောမြို့သည် ယခင် အမှတ်(၆)ရပ်ကွက်ဟု ခေါ်ပြီး ယခု (၄)မိုင်ရပ်ကွက်သည် တောင်သူ လယ်သမား အများစု ရွာသူ၊ ရွာငယ် ၁၀ ရွာ၊ အိမ်ထောင်စု ၆၀၀ ကျော်၊ လူဦးရေ ၄,၀၀၀ ကျော်ခန့် နေထိုင်သည့် ရပ်ကွက်တစ်ခု ဖြစ်သည့်အပြင် ရပ်ကွက်အတွင်းတွင် အမှတ်(၂) နယ်ခြားစောင့် ရဲတပ်ရင်းတစ်ရင်း မိသားစု ၃၀၀ ခန့်၊ သစ်တော ဦးစီးဌာန မိသားစု ၃၀ ခန့်၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာန (လ.ဝ.က) ဝန်ထမ်းမိသားစု ၂၀ စုခန့်၊ မြန်မာ့စီးပွားရေး ဘဏ် မိသားစု ၃၅ စု၊ အ.ထ.က(ခွဲ)ပညာရေး မိသားစု ၃၅ စုအပါအဝင် စုစုပေါင်းလူဦးရေ ၅,၀၀၀ ကျော် မှီတင်းနေထိုင်သည့် ဆင်ခြေဖုံးရပ်ကွက် တစ်ခု ဖြစ်ပါကြောင်း၊ မေယုတောင်ခြေရင်း ရပ်ကွက်တစ်ခု ဖြစ်သည်နှင့်အညီ ရွာသိမ်၊ ရွာငယ်များနှင့် ဌာနဆိုင်ရာ မိသားစုနေရာ အဝိုင်းတိုင်းတွင် အဝီစိတွင်း ရေတုံကင်များ ကိုယ်ထူကိုယ်ထ တူးဖော်ပြီး သောက်သုံးရေများကို အသုံးပြုနေကြသော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှစပြီး မြေအောက်ရေလွှာရှားပါး လာမှုကြောင့် နှစ်စဉ် မတ်လမှစ၍ ရပ်ကွက်အတွင်းတွင် အဝီစိတွင်း ရေတုံကင်မှရေများ မရနိုင်သည့်အတွက် မြို့ပေါ်ဌာနဆိုင်ရာများ နှင့် ရေအလှူရှင် အကူအညီများကိုသာ မှီခို အားထားနေရသည့် ရပ်ကွက်တစ်ခု ဖြစ်ပါကြောင်း၊

ရေပိုက်ဆက်သွယ် သောက်သုံးရေ ရယူနိုင်သည့် မြကန်သာ ကန်တော်ကြီးသည် မောင်တောမြို့မမှ သုံးမိုင်ခန့်အကွာ မေယုတောင်ခြေရင်းအတွင်းတွင် တည်ရှိပြီး မြို့ပေါ်ရပ်ကွက် ငါးခု ပြည်သူများ အတွက် သုံးမိုင်အရှည် ရေပိုက်လိုင်း သွယ်တန်းပြီး ဖြန့်ဝေပေးနေသည့် မြို့နယ်စည်ပင်သာယာပိုင် ကန်တော်ကြီး ဖြစ်ပါကြောင်း၊ မြကန်သာ ကန်တော်ကြီး တည်ရှိရာနေရာ တောင်းဆိုသည့် (၄)မိုင် ရပ်ကွက်နှင့် အနီးစပ်ဆုံး ခြောက်ဖာလုံခန့်သာ အကွာအဝေးတွင် တည်ရှိနေသည့် ကန်တော်ကြီး ဖြစ်ပါကြောင်း၊ နွေရာသီရောက်တိုင်း (၄)မိုင်ရပ်ကွက်နေ ပြည်သူပြည်သားများ ရပ်ကွက်အတွင်း တည်ရှိနေသည့် ကိုယ်ထူကိုယ်ထ အဝီစိတွင်းရေ၊ ရေတုံကင် မြေအောက်ရေများကို မရနိုင်သည့် အတွက် မြို့ပေါ်အလှူရှင်များ အကူအညီကို မှီခိုနေရသည့် ရပ်ကွက်နေ ပြည်သူ ၅,၀၀၀ နီးပါး သောက်သုံးရေ အခက်အခဲကို ရပ်ကွက်နှင့် အနီးစပ်ဆုံး ခြောက်ဖာလုံ ခန့်အကွာအဝေးတွင် မြကန်သာ ကန်တော်ကြီးမှ ကျန်းမာရေးနှင့်ညီသည့် သန့်ရှင်းသည့် သောက်သုံးရေ ရရှိနိုင်ရေး အတွက် ရေပိုက်သွယ်တန်းပြီး သောက်သုံးရေ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၂၀၂၀-၂၁ ဘဏ္ဍာရေး နှစ်တွင် နိုင်ငံတော်မှ စီစဉ်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။


 

 

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း

ရခိုင်ပြည်နယ်၊ မောင်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော်၏ ရခိုင်ပြည်နယ်၊ မောင်တောမြို့ (၄)မိုင်ရပ်ကွက်သို့ မြကန်သာ ကန်တော်ကြီးမှ ရေပိုက်ဆက်သွယ် သောက်သုံးရေ ဖြန့်ဝေပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့်စပ်လျဉ်းပြီး ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ ကိုယ်စားဖြေကြားတင်ပြသွားမည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသည့် မေးခွန်းသည်ကိုးလပိုင်းက မေးမြန်းထားခြင်းဖြစ်ပြီး ဖြေကြား ထားသည့် မေးခွန်းအဖြေသည် ၁၀ လပိုင်းတွင် ဖြေကြားထားခြင်း ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ဖြေကြားထားခြင်းထက်ပိုပြီး ဆောင်ရွက်ပြီးစီးမှုများ ရှိကောင်းရှိနိုင်ပါကြောင်း၊ သို့သော်ရခိုင် ပြည်နယ် အစိုးရအဖွဲ့၏ ဖြေကြားချက်ကိုသာ တင်ပြဖြေကြားသွားမည် ဖြစ်ပါကြောင်း၊

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မောင်တောမြို့၊ ဗောဓိကုန်းဆည်မှ မြကန်သာဆည် အထွက်ပိုက်ထိ ၁၀ လက်မအချင်းရှိ PVC Pipe 4.5 Km ခွင့်ပြုငွေ ကျပ်သန်း ၂၉၀ ဖြင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းအား ထည့်သွင်းရေးဆွဲထားပြီး မောင်တောမြို့ (၄)မိုင်ရပ်ကွက် သို့ မြကန်သာကန်တော်ကြီးမှ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ ဖြေကြားချက်အား ရှင်းလင်းတင်ပြ ဖြေကြားပါသည်။