Skip to main content

(က)မကွေးတိုင်းဒေသကြီး၊ ဆောမြို့နှင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ထွက်ပေါက်လမ်းပေါ်နှင့် ဆောမြို့နယ်၊ ကံကြီးရွာ-မင်းတပ်-မတူပီထွက်ပေါက်လမ်းပေါ်တို့တွင် ဝါးတားဂိတ်ပြုလုပ်၍ ဓာတ် သတ္တုခွန်ကောက်ခံခြင်းဟုဆိုကာ မကွေးတိုင်းဒေသကြီးမှ ကန်ပက်လက်မြို့၊ မင်းတပ်မြို့ အဝင်/ အထွက် ကားများအား မောင်းတံဂိတ်များ ဖွင့်လှစ်ကောက်ခံစစ်ဆေးနေခြင်းကို ရုပ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်အတွင်း ချင်းပြည်နယ်၊ ကန်ပက်လက် ဂိတ်များဖွင့်လှစ်၍ ဓာတ်သတ္တုခွန်‌ကောက်ခံခြင်းဟုဆိုကာ မကွေးတိုင်းဒေသကြီးမှ ကန်ပက်လက်မြို့၊  မင်းတပ်မြို့ အဝင်/အထွက်ကားများအား မောင်းတံ ဂိတ်ဖွင့်လှစ်စစ်ဆေးနေခြင်းကို ရုပ်သိမ်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းမေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ မေးခွန်းမေးမြန်းရသည့် အကြောင်းအရင်းမှာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မင်းတပ်မြို့နယ်တို့၏ မကွေးတိုင်းဒေသကြီး ထွက်ပေါက် လမ်းများပေါ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရဟုဆိုကာ ဝါးတား မောင်းတံဂိတ်များပြုလုပ်၍ ချင်းပြည်နယ် အဝင်/အထွက်ယာဉ်များကို စစ်ဆေး လက်မှတ်ရေး ထိုးစေခြင်းများ ပြုလုပ်ခြင်းသည် ၂၀၁၈ ခုနှစ် ကတည်းကဖြစ်ပါကြောင်း၊ နိုင်ငံသူ/နိုင်ငံသား များအနေဖြင့် အစိုးရသတ်မှတ်သည့်အခွန်အရပ်ရပ်ကို ပေးဆောင်ရန် တာဝန်တစ်ရပ် ဖြစ်သည်မှာ မှန်သော်လည်း ပြည်နယ်/တိုင်းဒေသကြီးများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တိုင်းရင်းသား ဒေသများတွင် ယခင်က ခေတ်အဆက်ဆက်မတားဆီးခဲ့ဖူးသည့် မောင်းတံဂိတ်များ ဖွင့်လှစ်ထား ရှိြခင်းသည် ပြည်မနှင့်ချင်းတိုင်းရင်းသား၊ ချင်းပြည်သူများအကြား အထင်အမြင် လွဲမှားမှုများ၊ စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊

၂၀၁၅ ခုနှစ် ပြည်သူတင်မြှောက်သည့် ပြည်သူ့အစိုးရလက်ထက် မြန်မာနိုင်ငံအနှံ့အပြား ဖွင့်လှစ် ထားရှိသည့် မလိုအပ်သည့်ဂိတ်များ၊ ငွေကောက်ခံမှုများကို ပြည်သူများ စိတ်အနှောင့်အယှက် အဟန့်အတားမဖြစ်ပေါ်စေရေး ဖယ်ရှားရှင်းလင်းခဲ့ခြင်းများ ရှိပါကြောင်း၊ ယခုကဲ့သို့ ၂၀၁၅ ခုနှစ် ပြည်သူ့အစိုးရလက်ထက်ရောက်တွင် တိုင်းရင်းသားဒေသထွက်ပေါက်များတွင် ဂိတ်များဖွင့်လှစ် စစ်ဆေးနေခြင်းသည် ချင်းတိုင်းရင်းသားပြည်သူများအတွက် များစွာစိတ် အနှောင့်အယှက် ဖြစ်ရပါကြောင်း၊ ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေး တည်ဆောက် ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အုတ်၊ သဲ၊ ကျောက်များကို မကွေးတိုင်းဒေသကြီးအတွင်း ကသာအမှီပြု ဝယ်ယူကြရခြင်းဖြစ်ပါကြောင်း၊ သဲကျောက်နှင့် ဓာတ်သတ္တု အခွန်များကိုတိုင်းဒေသကြီး မှ မှန်ကန်စွာရရှိ‌ရန် နှစ်စဉ်သဲကျောက် ထုတ်ယူခွင့် လိုင်စင်ရရှိထားသူများကို တိုက်ရိုက်အခွန် ပေးသွင်းစေပြီး သဲကျောက်ဝယ်ယူသူများထံမှ အခွန်အတွက်ပါအပြီးအစီး ‌ဈေးနှုန်းသတ်မှတ် ရောင်းချကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ချင်းတိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်၏ အခွန်အရပ်ရပ်ကို ထမ်းဆောင်ရန်ငြင်းဆန်နေြခင်းမဟုတ်ကြောင်း၊ မလိုလားအပ်သည့် မောင်းတံ ဂိတ်များဖွင့်လှစ်၍ စစ်ဆေးခြင်း၊ လက်မှတ်ရေးထိုးစေခြင်းများအပေါ် မသင့်တော်ဟု ခံယူကြြခင်း သာဖြစ်ပါကြောင်း၊ ကန်ပက်လက်မြို့နယ်နှင့်  မင်းတပ်မြို့နယ်များသည် ပကတိအေးချမ်းတည်ငြိမ် သည့် မြို့နယ်များဖြစ်သည်နှင့်အညီ ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်မှုများသည့် မြို့နယ် များဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ယာဉ်အဝင်/အထွက်များကို တားဆီးစစ်ဆေးနေခြင်းသည် ပြည်တွင်း ပြည်ပ ခရီးသွားများအတွက်လည်းများစွာ စိတ်အနှောင့်အယှက်အဟန့်အတား ဖြစ်စေပါကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများ အကြား မပြေလည်မှုများ၊ အထင်အမြင်လွဲမှားမှုများမဖြစ်ပေါ်စေရန် ဒေသအတွင်း တည်ငြိမ် အေးချမ်းပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်စွာရေရှည်အတူ ယှဉ်တွဲနေထိုင်ရေးတို့ကို ဦးတည်၍ ချင်းတိုင်းရင်းသားပြည်သူများကိုယ်စား စစ်ဆေးရေးဂိတ်များကို ရုပ်သိမ်းပေးရန် အစီ အစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

 

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်း တရားမဝင်ဓာတ်သတ္တု နယ်ကျော်သယ်ဆောင်မှုများ မရှိစေရေးအတွက် ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များအတွင်း ဖော်ပြပါ စစ်ဆေးရေးဂိတ်များကို ဖွင့်လှစ်ပြီး ဂိတ်တစ်ဂိတ်လျှင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှဝန်ထမ်းတစ်ဦး၊  မီးသတ်ဦးစီးဌာနမှဝန်ထမ်းတစ်ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးတစ်ဦး စုစုပေါင်း ငါးဦးဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များနှင့်ပတ်သက်၍ မုံရွာ-ပုလဲ-ဂန့်ဂေါ-ဟားခါးလမ်းတွင် မိုင်တိုင် ၁၂၀/၁ ဖာလုံ တွင်ရှိသည့်ဂိတ်၊ နောက် ဂန့်ဂေါ-အိုက္ကားလမ်း မိုင်တိုင်  ၄ မိုင် ၂ ဖာလုံတွင် ဂိတ်တစ်ဂိတ်၊ နောက် ဆိပ်ဖြူ-ဆော-ကန်ပက်လက်လမ်း  မိုင်တိုင် ၆၉/၂ ဖာလုံတွင် ဂိတ်တစ်ဂိတ်၊ ပခုက္ကူ-ပေါက်-ကျောက်ထု မိုင်တိုင် ၈၇ မိုင် ၄ ဖာလုံနှင့် ၈၇ မိုင် ၅ ဖာလုံကြားတွင် ဂိတ်တစ်ဂိတ်တို့ ဖွင့်လှစ်ထားကြောင်း ဖော်ပြထားရှိပါကြောင်း၊

အထက်ပါဂိတ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တာဝန်ကျဝန်ထမ်းများအတွက် နေ့တွက် စရိတ်များကိုပါပေးထားပြီး ၁၀-၇-၂၀၁၈ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၇/၂၀၁၈)၊ ဆုံးဖြတ်ချက်အပိုဒ် ၆ အရ တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေသာမန်မှ ထောက်ပံ့ရန်နှင့် မောင်းတံဂိတ်ထားရှိရန်ဟုဆိုကာ ဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့်အညီ နေ့တွက်စရိတ်များကိုလည်း ထောက်ပံ့ပေးအပ်နေကြောင်း တင်ပြထားရှိ ကြောင်း၊ ဓာတ်သတ္တုနယ်ကျော်သယ်ဆောင်မှုများသည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းတွင်ရှိသည့် ဓာတ်သတ္တုလုပ်ငန်း ထုတ်လုပ်ခွင့်လိုင်စင်ရှိသူများမှ သယ်ဆောင် နေခြင်းဖြစ်ပါကြောင်း၊ ထုတ်လုပ်ခွင့်လိုင်စင်အတွက် ဆောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ငွေစာရင်းအမှတ်(MD-020380)သို့ လိုင်စင်ခွန်ပေးသွင်းရပြီး နယ်ကျော် သယ်ဆောင်မှု များအတွက်ကိုမူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ပေးသွင်းထား သည်ကို တွေ့ရှိရပါကြောင်း၊ ဓာတ်သတ္တုထုတ်လုပ်ခွင့်လိုင်စင်များ နှစ်အလိုက် ခွင့်ပြုထားရှိမှုနှင့် လိုင်စင်ခွန်ပေးသွင်းကောက်ခံရမှုအခြေအနေများမှာ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် လိုင်စင်ခွန်ပေးသွင်းမှု ကျပ်ပေါင်း ၅၇ သိန်းကျော်၊ ၂၀၁၆-၁၇ ခုနှစ် တွင်သိန်း ၈၀ ကျော်၊ ၂၀၁၇-၁၈ ခုနှစ်တွင် သိန်းပေါင်း ၇၇၆၊ ၂၀၁၈  မီနီဘတ်ဂျက်တွင် ၃၆ သိန်း ကျော်နှင့် ၂၀၁၈-၁၉ ခုနှစ်တွင် သိန်းပေါင်း ၁,၇၀၅ သိန်းကျော်ရရှိခဲ့ကြောင်းကို တွေ့ရှိရခြင်းဖြစ်ပါကြောင်း၊ နယ်ကျော်စစ်ဆေးရေးဂိတ်များတွင် ဓာတ်သတ္တု၊ အုတ်၊ သဲ၊ ကျောက် နယ်ကျော်သယ်ဆောင်မှုများအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေစာရင်းခေါင်းစဉ်  (MD-021907)သို့ အခွန်ငွေပေးသွင်းထားရှိမှုအခြေအနေမှာ တင်ပြပါအတိုင်းဖြစ်ပါကြောင်း၊  ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ် ဇွန်လအထိ ကျပ်ပေါင်း ၁၄၇ သိန်းကျော်၊ ၂၀၁၈ ခုနှစ်  ဇူလိုင်လမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ သိန်း ၁၄၀ ကျော် မိမိတို့ ထည့်သွင်း ထားရှိကြောင်း တင်ပြထားရှိပါကြောင်း၊

ဓာတ်သတ္တုထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဆောမြို့နယ်အတွင်း ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ၁၃ ဦးသာ ရှိပြီး ဓာတ်သတ္တုလိုင်စင်ခွန် ကျပ် ၅၇ သိန်းကျော်သာ ရရှိခဲ့သော်လည်း ဌာနဆိုင်ရာတင်ဒါ လုပ်ငန်းများတွင် ဓာတ်သတ္တု အသုံးပြုမှုအတွက် အခွန်ပေးဆောင်ရခြင်းနှင့် နယ်ကျော်သယ်ဆောင်မှုများအတွက် စစ်ဆေးရေး ဂိတ်များဖွင့်လှစ်ပြီး တရားမဝင်သယ်ဆောင်မှုများမရှိစေရန် စစ်ဆေး ကြပ်မတ်နိုင်ခဲ့ပါသဖြင့် ဓာတ်သတ္တုထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားသူဦးရေနှင့် ဓာတ်သတ္တု လိုင်စင်ခွန် ကောက်ခံရရှိမှု မှာ ဘဏ္ဍာရေးနှစ်အလိုက် တိုးတက်မြင့်မားလာကြောင်း တင်ပြထားရှိ ပါကြောင်း၊ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်း ဓာတ်သတ္တု နယ်ကျော်စစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်ထားရှိမှုနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးညွန့်ဝင်း(ကန်ပက်လက်မဲဆန္ဒနယ်) မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

နေပြည်တော်ကောင်စီဝင် ဖြေကြားသွားသည်မှာ ဓာတ်သတ္တုခွန်နှင့်ပတ်သက်၍ တရားဝင် ကောက်ခံသည့်ဂိတ်အဖြစ် ‌ဖြေကြားသွားခြင်းဖြစ်ပါကြောင်း၊ ဓာတ်သတ္တုခွန် ကောက်ခြင်းကို မိမိတို့ လက်ခံပါကြောင်း၊ သို့သော်လည်း ၎င်းဂိတ်များသည် ဓာတ်သတ္တုခွန်ကို စိစစ်သည့်ဂိတ်မျိုး မဟုတ်ဘဲ အဝင်/အထွက်ခရီးသွားကားများကိုပါ  တောက်လျှောက် အတက်/ အဆင်း ကားများ ကို ဟန့်တား၍ စိစစ်နေြခင်းများ ရှိနေပါကြောင်း၊၎င်းသည် အဘက်ဘက်မှ နယ်မြေလုံခြုံရေးအရ စစ်ဆေးသည်ဟု ပြောပါကြောင်း၊ သို့သော်လည်း ခရီးသွားများအတွက် မိမိတို့ ကန်ပက်လက် မြို့နယ်နှင့် မင်းတပ်မြို့နယ်သည် ကမ္ဘာလည့်ခရီးသွားများနှင့် ပြည်တွင်းပြည်ပခရီးသွားများ အများအပြားဝင်ရောက်သည့် မြို့နယ် တစ်မြို့နယ်ဖြစ်သည်နှင့် အညီ အဘက်ဘက်က ခရီးသွားများ ဝင်/ထွက်သွားလာကြရသည့် မြို့နယ်ဖြစ်ပါကြောင်း၊ အဝင်/အထွက်ကားများကို တားဆီးပြီးမှ စိစစ်နေြခင်းသည် ခရီးသွားအတွက်များစွာ စိတ်အနှောင့် အယှက် ဖြစ်ရပါကြောင်း၊ ထို့ကြောင့် ၎င်းဂိတ်များတွင် ဓာတ်သတ္တုခွန်တစ်မျိုးတည်း စိစစ်နေခြင်း မျိုးမဟုတ်ဘဲ ကျန်သည့်ခရီးသွားများ ပါ စိစစ်ခွင့်ရှိပါသလား၊ စိစစ်ခွင့်ပြုမိန့်ပေးထားသလား ထိုသို့ပေးထားလျှင်လည်း ထပ်မံ ပြန်လည် စိစစ်၍ မည်သည့်ပုံစံဖြင့် ပြန်လည်ရှင်းလင်းရန် ပြည်သူလူထုသို့ ပြန်လည်ချပြပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်းပါသည်။

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း

မိမိတို့အနေဖြင့် ၎င်းဂိတ်များနှင့်ပတ်သက်၍ တိုက်ရိုက်လုပ်ဆောင်ခွင့်ရှိ/မရှိကိုမေးမြန်းထားခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရကို  သဘောတရားအနေဖြင့် လုံခြုံရေးအရ စစ်ဆေး ခြင်းသည် နေပြည်တော်တွင်လည်း လိုအပ်လာသည့်အခါ စစ်ဆေးမှုအဖြစ်နှင့် မြို့အဝင် ဂိတ်များ ထားရှိသကဲ့သို့ မြို့အဝင်ဂိတ်များတွင်လည်း လိုအပ်သည့်လုံခြုံရေးအရ၊ သတင်းအရလိုအပ်သည့် စစ်ဆေးမှုများကို မိမိတို့ဆီတွင်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် လုံခြုံရေးအရ ဆောင်ရွက်ခြင်းဆိုသည့်အပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လိုအပ်မှု ရှိ/မရှိပေါ်တွင် မူတည်၍ နယ်မြေဒေသအများအပြားတွင် လုံခြုံရေးအရ လိုအပ်လျှင် လိုအပ်သလို စစ်ဆေးနေသည် ကို တင်ပြလိုပါကြောင်း၊ ၎င်းဂိတ်များနှင့်ပတ်သက်၍ အခြားကောက်ခံခြင်းနှင့် ပတ်သက်လျှင် မိမိတို့ တိတိကျကျ မည်သည့်ကိစ္စကောက်ခံခြင်းနှင့်ပတ်သက်၍ ထပ်ဆင့် မေးခွန်းအနေဖြင့် မေးမြန်း မည်ဆိုလျှင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့အား ပြန်လည် မေးမြန်းပြီးမှ ပြန်လည် ဖြေကြားသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။