Skip to main content

(ဃ)-အခြေခံပညာအလယ်တန်း သို့မဟုတ် အထက်တန်းတွင် ဒီမိုကရေစီစနစ်နှင့် လွှတ်တော်အခန်း ကဏ္ဍတို့အား  သင်ရိုးညွှန်းတမ်းတွင်ပြဋ္ဌာန်း၍ သင်ကြားသွားရန် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည် ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လွယ်ကူချောမွေ့စွာ အသွင်ကူးပြောင်းနိုင်ရန် အဓိကအခြေခံ အုတ်မြစ်သည် ပညာရေးစနစ်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ရာခိုင်နှုန်းတော်တော်များများသည် လွှတ်တော်၏ အခန်းကဏ္ဍကို သိရှိမှုအားနည်းနေပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန် ဝတ္တရားများကိုလည်း သိရှိမှုအားနည်းသည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊  ဒီမိုကရေစီစနစ်နှင့် လွှတ်တော်၏အခန်းကဏ္ဍတို့အား သိရှိနိုင်မှုအားနည်းနေခြင်းသည် မြန်မာနိုင်ငံ၏ လက်ရှိ လွှတ်တော်၏ အခြေအနေနှင့် အခြေခံဥပဒေစိတ်ဝင်စားမှုများ၊ သုံးသပ်မှုများအားနည်းနေ သည်ကိုလည်း သုံးသပ်တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အောင်မြင်စေရန်၊  မြန်မာနိုင်ငံ၏ ဒီမိုကရေစီထွန်းကားလာ စေရေးနှင့် ဒီမိုကရေစီအမြစ်တွယ် စေရန်၊ လွှတ်တော်၏ အခန်းကဏ္ဍကိုလည်း လူထုကြားတွင် ရင်းနှီးကျွမ်းဝင်စေပြီးမှ လွှတ်တော်၏ အခန်းကဏ္ဍ အားကောင်းစေရန်၊  မျိုးဆက်သစ်လူငယ်များအနေဖြင့် လွှတ်တော်အခန်းကဏ္ဍကို ရိုးရှင်းစွာသိရှိစေရန်အတွက် နိုင်ငံတော်၏ အားကိုးအားထားပြုရသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ပေါက်လာစေရန်၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ရေး အတွက် စစ်မှန်သည့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးကိုကြည့်ပြီး အကျိုးဖြစ်ထွန်းစေမည့် အခြေခံဥပဒေ ပေါ်ပေါက်လာစေရန်၊  ရည်ရွယ်ပါတယ်။  အချုပ်အခြာ အာဏာ သုံးရပ်လုံးကို ပြည်သူကနေ ရာနှုန်းပြည့် ၁၀၀ ရာခိုင်နှုန်း ဆင်းသက်စေရန်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်၏ အလေးနက်ဆုံးအနှစ်သာရသည် နိုင်ငံတော်၏ အချုပ် အခြာအာဏာကို နိုင်ငံသားတစ်ရပ်လုံးက စုပေါင်းပိုင်ဆိုင်ပြီး နိုင်ငံသားများက စုပေါင်းကာကွယ်ခွင့်၊ တာဝန်ယူခွင့် အပြည့်အဝရရှိနိုင်မည့် အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် မိမိ၏ လေ့လာ တွေ့ရှိချက်များကို သင်ရိုးညွှန်းတမ်းတွင် ပြဋ္ဌာန်း၍ သင်ကြားသွားပါက နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အောင်မြင်ချောမွေ့စေမည်ဖြစ်ပါကြောင်း၊ အခြေခံပညာ အလယ်တန်း သို့မဟုတ် အထက်တန်းတွင် ဒီမိုကရေစီစနစ်နှင့် လွှတ်တော်အခန်း ကဏ္ဍတို့အား  သင်ရိုးညွှန်းတမ်း တွင်ပြဋ္ဌာန်း၍ သင်ကြားသွားရန် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည် ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

အခြေခံပညာကဏ္ဍ၊ အခြေခံပညာသင်ရိုးညွှန်းတမ်း အညွှန်းဘောင်တွင်ပါဝင်သည့် အဓိက အခြေခံ ပညာရေးရည်မှန်းချက်များသည် ပြည်သူ့နီတိနှင့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများကို လက်တွေ့ကျင့်သုံးတတ်ပြီး ဥပဒေကို လေးစားလိုက်နာတတ်သည့် နိုင်ငံသားကောင်းများ ဖြစ်စေ ရန်ဆိုသည့်အချက်ကို အဓိကထား ရည်မှန်းထားပါကြောင်း၊ ရည်မှန်းချက်နှင့်အညီ ဒီမိုကရေစီ စနစ်နှင့် စပ်လျဉ်းပြီး အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးသစ် ဆဋ္ဌမတန်း၊ စာရိတ္တနှင့်ပြည်သူ့နီတိ ဘာသာရပ်၏အခန်း(၃) စည်းကမ်းနှင့်ဥပဒေအခန်းတွင် ထည့်သွင်းပြဋ္ဌာန်းသင်ကြားရန် စီစဉ်ပြီး ဖြစ်ကြောင်း၊ အဆိုပါသင်ခန်းစာကို လေ့လာသင်ကြားခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများ သည် ကျောင်းနှင့်လူမှုအဖွဲ့အစည်းများအတွက် ဒီမိုကရေစီကျင့်စဉ်များကို လက်တွေ့လေ့ကျင့် သင်ယူနိုင်ပြီး နောင်တွင် နိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နိုင်သူများဖြစ်မည် ဖြစ်ပါကြောင်း၊ သင်ရိုးသစ် သတ္တမတန်းနှင့် အဋ္ဌမတန်း၊ နဝမတန်းတို့တွင်လည်း ကျောင်းသား၊ ကျောင်းသူများအား တာဝန်ယူတတ်သည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ ဒီမိုကရေစီ၏အလေ့ အကျင့်ဖြစ်သော တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို နေ့စဉ်ဘဝတွင် လက်တွေ့ ကျင့်သုံးလာနိုင်စေရန်၊ နိုင်ငံသားတစ်ဦး၏တာဝန်နှင့် သင့်လျော်သော ဒီမိုကရေစီအလေ့အကျင့်များ ကို လေ့ကျင့်လိုက်နာ တတ်စေရန်၊ နိုင်ငံ့သားကောင်းဖြစ်စေရန် အထောက်အပံ့ပြုမည့် ဒီမိုကရေစီ ဆိုင်ရာ အလေ့အကျင့်ကောင်းများကို ဆန်းစစ်တတ်စေရန်နှင့် ဆန္ဒမဲပေးရွေးချယ်ရေးမျာ လက်တွေ့ပါဝင်စေ ခြင်းဖြင့် ဒီမိုကရေစီ၏လုပ်ငန်းစဉ်အဆင့်ဆင့်တွင် တာဝန်ကျေပွန်စွာ ပါဝင် ဆောင်ရွက်တတ်သူများ ဖြစ်လာစေရန်အတွက် သင်ခန်းစာများတွင် ထည့်သွင်းပြီးဖြစ်ပါကြောင်း၊ သင်ရိုးသစ် ဒသမတန်း (Grade -10) စာရိတ္တနှင့်ပြည်သူ့နီတိလာသာရပ် အခန်း(၃)တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပါဝင်သည့် စီမံခန့်ခွဲရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကဏ္ဍများနှင့် လွှတ်တော်၏အခန်း ကဏ္ဍကို လည်း ထည့်သွင်းသင်ကြားရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးဇာနည်မင်း(ရွှေကူမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့နိုင်ငံ၏ သင်ရိုးညွှန်းတမ်းတွင် ပြဋ္ဌာန်းရန်အတွက်သည် အင်မတန်အရေးကြီးပါကြောင်း၊ လွှတ်တော်၏ အခန်းကဏ္ဍကို လွှတ်တော်ထဲတွင် ရောက်ရှိနေသည့် ကိုယ်စားလှယ်များက အသိဆုံး ဖြစ်သည့်အတွက်ကြောင့် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းပြဋ္ဌာန်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များကို ဦးစွာတွေ့ဆုံဖိတ်ကြားပြီး Workshop များပြုလုပ်ကာ  လွှတ်တော် ကိုယ်စားလှယ်များ၏ အသံတွေနားထောင်ပြီးမှ ထည့်သွင်းထားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။

ဦးဝင်းမော်ထွန်း(ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)က ပြန်လည်ဖြေကြားပါသည်။

သင်ရိုးညွှန်းတမ်းပိုင်းရေးဆွဲရာတွင် အမျိုးသားပညာရေးမူဝါဒကော်မရှင်က အဓိကလမ်းညွှန်ပါ ကြောင်း၊ ထိုမှတစ်ဆင့် အမျိုးသားသင်ရိုး ညွှန်းတမ်းမူဝါဒကော်မရှင် သီးခြားဖွဲ့စည်း၍ Stakeholder များနှင့် ဆွေးနွေးကာ အခြေခံပညာရေးမူဘောင်(Framework)ကို ရေးဆွဲပါကြောင်း၊ ထို့ကြောင့် သင်ရိုးညွှန်းတမ်းများပြုစုရာတွင် မူဘောင်အရသာ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းမော်ထွန်း