Skip to main content

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်သည့် ပင်လယ်ကျွန်းဒေသဖြစ်သည့်အတွက် မိုးရာသီတွင် လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ ဒီရေကြီးခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရသည့်၊ ခံစားနေရသည့် ဒုက္ခဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်သည့် မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ဒေသနေပြည်သူများအတွက် အဆင်ပြေလုံခြုံစွာခိုလှုံနားနေနိုင်ရန်အတွက် Cyclone Shelter များ တည် ဆောက်ပေးရန် အမှန်တကယ်လိုအပ်သော ဒေသများတွင် ရမ်းဗြဲမြို့နယ်ဒေသရှိ ပင်လယ်မြစ်ချောင်းများနှင့် နီးစပ်သည့် ဒေသများလည်း ပါဝင်ပါကြောင်း၊ ရမ်းဗြဲမြို့နယ်၊ သင်္ကနက်ကျေးရွာတွင် Cyclone Shelter တစ်ခုကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၁၇၉.၉ သန်း အကုန်အကျခံ၍ တည်ဆောက်ရန် နိုင်ငံတော်က ဘဏ္ဍာရန်ပုံငွေခွင့်ပြုပေးခဲ့ပြီး တင်ဒါအောင်ကုမ္ပဏီဖြစ်သည့် ရမ်းဗြဲရွှေမြေကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့သည်ကို သိရပါကြောင်း၊ Cyclone Shelter တည်ဆောက်ရန်အတွက် သင်္ကနက် ရွာသားများသည် မိမိတို့၏ ချွေးနည်းစာ ငွေကျပ် သိန်း ၃၀ ဖြင့် မြေကွက်ဝယ်ယူပြီး မြေနေရာရရှိရေး အတွက် ပူးပေါင်းပါဝင်ခဲ့ကြပါကြောင်း၊

ယခုအခါ တင်ဒါအောင်ကုမ္ပဏီဖြစ်သည့် ရမ်းဗြဲရွှေမြေ ကုမ္ပဏီသည် ခွင့်ပြုရန်ပုံငွေ၏ ၅၀ ရာခိုင်နှုန်းကို ထုတ်ယူရန် မည်သူကတာဝန်ယူစစ်ဆေးပြီး မည်သူကထောက်ခံတင်ပြသည်ကို မသိရဘဲ ထုတ်ယူထား ပြီးကြောင်းကို ကျေးရွာသားများ၏ တင်ပြချက်အရ သိရှိရပါကြောင်း၊ ခွင့်ပြုရန်ပုံငွေ၏ ၅၀ ရာခိုင်နှုန်းကို ထုတ်ယူပြီး ဖြစ်သော်လည်း အဆောက်အဦ ပြီးစီးမှုမှာ ၅၀ ရာခိုင်နှုန်း မပြီးသည့်အပြင် အဆိုပါ ကုမ္ပဏီက ဆက်လက်၍ မဆောက်လုပ်နိုင်သည့်အတွက် သက်ဆိုင်ရာသို့ ပြန်လည်အပ်နှံထားကြောင်း ရွာသားများ၏ ‌ပြောပြချက်အရ သိရှိရပါကြောင်း၊ အဆောက်အဦ အခြေအနေများနှင့် သင်္ကနက်ကျေးရွာတွင် တည်ဆောက်ထားသည့် Cyclone Shelter ၏ ရှေ့ဘက်၊ ဘေးဘက် မြင်ကွင်းများနှင့် လွှတ်တော် ကိုယ်စားလှယ် ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးသည့် ပုံများ ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ တင်ဒါအောင်မြင် စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီက စာချုပ်ပါ စည်းကမ်းချက်များကို မလိုက်နာဘဲ Cyclone Shelter အား အပြီးအပြတ် တည်ဆောက် မပေးမှုကိစ္စအား မည်သို့မည်ပုံ အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုပြီး အဆိုပါ Cyclone Shelter အား ပြီးစီးအောင် မည်ကဲ့သို့စီစဉ် ဆောင်ရွက် ပေးသွားမည်ကို သိရှိလိုပါသဖြင့် ဒေသနေပြည်သူများကိုယ်စား မေးမြန်းပါသည်။


 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင်  ရခိုင်ပြည်နယ်၊ ရမ်းဗြဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ရွှေ၏ ရမ်းဗြဲမြို့နယ်၊ သင်္ကနက် ကျေးရွာ တွင် တည်ဆောက်ထားသည့် Cyclone Shelter  အား ပြီးပြတ်အောင် တည်ဆောက်မပေးမှုနှင့် စပ်လျဉ်း၍ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်းပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့၏ ဖြေကြားချက်များကို ပေါင်းစပ်ပြီး ရှင်းလင်းဖြေကြားသွားမည် ဖြစ်ပါကြောင်း၊

ရခိုင်ပြည်နယ်သည် နှစ်စဉ်နှစ်တိုင်း မုန်တိုင်းနှင့် ရေဘေး အန္တရာယ်များကို ကြုံတွေ့နေရသည့် ဒေသဖြစ်သည့်အတွက် မုန်တိုင်းဒဏ်ခံ အဆောက်အဦများ နိုင်ငံတော်မှ ဦးစားပေး တည်ဆောက်ပေးလျက် ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် Cyclone Shelter များ ဆောက်လုပ်ပေးနိုင်ရေးအတွက် ဘတ်ဂျက်နှစ်အလိုက် ဦးစားပေး သတ်မှတ်ဆောင်ရွက်လျက် ရှိပြီး အရေးကြီး လိုအပ်ချက်များအတွက် ပြည်နယ်အစိုးရအဖွဲ့၏ တင်ပြချက်များအပေါ် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြပြီး ကော်မတီ ရန်ပုံငွေဖြင့် ဦးစားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊

မြန်မာနိုင်ငံအတွင်း သဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်သည့် နေရာများတွင် တိုင်းဒေသကြီး /ပြည်နယ် အစိုးရများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြမှုများကို စီစစ်ပြီး အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ရန်ပုံငွေမှ မုန်တိုင်းဒဏ်ခံ အဆောက်အဦ များကို တည်ဆောက်ပေးလျက် ရှိရာတွင် ၂၀၁၈ ခုနှစ်အတွင်းတွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့နှင့် ဧရာဝတီတိုင်း ဒေသကြီးစသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး လေးခုမှာ  အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုဖြင့် Shelter ၈၇ လုံး တည်ဆောက် ပေးနိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မိမိနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့ဦးဆောင်သည့် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ တင်ဒါကော်မတီကို ဖွဲ့စည်းပြီး နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် (၁/၂၀၁၇) နှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ရာတွင် အဆိုပါ ၈၇ လုံးအနက် ရခိုင်ပြည်နယ်အတွက် ၂၆ လုံးကို ကုမ္ပဏီ ၁၄ ခုက တင်ဒါ အောင်မြင်ခဲ့ပြီး လုပ်ငန်း စာချုပ်ချုပ်ဆို၍ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊

ရခိုင်ပြည်နယ်အတွင်း တည်ဆောက်သည့် Shelter ၂၆ လုံးအနက် ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးသည့် Shelter မှာ ၁၁ လုံးဖြစ်ပြီး ၅၀ ရာခိုင်နှုန်းအတွင်းသာ ပြီးစီးနေသည့် Shelter မှာ 14 လုံးဖြစ်၍ ကျန် Shelter တစ်လုံးသည် ဆောက်လုပ်မည့် နေရာ ပြောင်းလဲ သတ်မှတ်လျက် ရှိသည့်အတွက် လုပ်ငန်း မစတင်နိုင်သေးကြောင်း၊ ၅၀ ရာခိုင်နှုန်းအတွင်းသာ ပြီးစီးသည့် Shelter ၁၄ လုံးအနက် ရမ်းဗြဲမြို့နယ်အတွင်းတွင် ကိုယ်စားလှယ်ကြီး တင်ပြသည့် သင်္ကနက်ရွာဟောင်းတွင် တည်ဆောက်သည့် Shelter တစ်လုံး အပါအဝင် စုစုပေါင်း လေးလုံး ရှိပါကြောင်း၊ သင်္ကနက်ကျေးရွာရှိ ၎င်း Shelter ကို တင်ဒါအောင်မြင်ခဲ့သည့် ရမ်းဗြဲရွှေမြေ ကုမ္ပဏီမှ ဆောက်လုပ်ခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရန်အတွက် ငွေကြေး အခက်အခဲများကြောင့် ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ တစ်ရက်နေ့တွင် လုပ်ငန်းပြန်လည် အပ်နှံခွင့် တင်ပြခဲ့ပါကြောင်း၊

၎င်း Shelter တည်ဆောက်ခြင်း လုပ်ငန်းကို ကုမ္ပဏီနှင့် ဌာနတို့က ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က သဘောတူ စာချုပ်လက်မှတ် ရေးထိုးခဲ့ကြပြီး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် Shelter တည်ဆောက်ခြင်း လုပ်ငန်း ပြီးစီးမှုများကို ကုမ္ပဏီက တင်ပြလာမှုအရ ပထမအရစ် ၂၅ ရာခိုင်နှုန်းနှင့် ဒုတိယအရစ် ၂၅ ရာခိုင်နှုန်း ကျသင့်ငွေများကို Third Party ထောက်ခံချက်၊ ပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ထောက်ခံချက်၊ ပြည်နယ် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီ၏ ထောက်ခံချက်များနှင့်အတူ စာချုပ်ပါ စည်းကမ်းများအရ ကုမ္ပဏီသို့ ပေးချေခဲ့ပါ ကြောင်း၊ ရမ်းဗြဲရွှေမြေ ကုမ္ပဏီသည် Shelter တည်ဆောက်ရာတွင် မုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် ဆောက်လုပ်ရေး ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုကြောင့် လည်းကောင်း၊ ဒီဇိုင်းပုံစံ ပြောင်းလဲမှု ကြောင့်လည်းကောင်း၊ ငွေကြေး အခက်အခဲနှင့် ကြုံတွေ့နေရသည့်အတွက် အဆိုပါ Shelter များကို ပြီးစီးစေရန် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် လုပ်ငန်းပြန်လည် အပ်နှံခွင့် ပြုပါရန် တင်ပြလာသည့် ကိစ္စနှင့်စပ်လျဉ်းပြီး ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သည့် စာချုပ်၏ အပိုဒ် ၂၃ အပိုဒ်ခွဲ (ဃ) တွင် သတ်မှတ်ထားသည့် ကာလအတွင်း လုပ်ငန်း၏ မူလ ရည်မှန်းချက်များကို အကောင် အထည် ဖော်နိုင်စွမ်း မရှိသည့်အခါ စာချုပ် ရပ်စဲရမည်ဟု ပါရှိပြီး ပုဒ်မ ၁၅ အရ အပိုဒ် ၁၅ အရ ကုမ္ပဏီက Shelter တည်ဆောက်ခြင်းအတွက် ပေးသွင်းထားသည့် တင်ဒါအာမခံကြေး Performance Guarantee ငါးရာခိုင်နှုန်းကို ဘဏ်က ထုတ်ယူပြီး အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေသို့ အပ်နှံနိုင်ရေးအတွက် စာချုပ်ရပ်စဲပြီး စည်းကမ်းချက် များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရမ်းဗြဲရွှေမြေ ကုမ္ပဏီအား နိုင်ငံတော်အဆင့် အမည်ပျက်စာရင်း Blacklist ထည့်သွင်း သတ်မှတ်နိုင်ရေးအတွက် ကိုလုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါ Shelter တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်မှု မရှိဘဲ ပြန်လည်အပ်နှံသည့် ကိစ္စနှင့်စပ်လျဉ်း၍ ကုမ္ပဏီနှင့် ဌာနတို့ အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက စာချုပ်၏ အပိုဒ် ၂၀ အရ တရားရုံး၏ ဆုံးဖြတ်ချက် သည်သာ အတည်ဖြစ်သည့်အတွက် အဆိုပါကုမ္ပဏီအား လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်း နှင့် စပ်လျဉ်းပြီး  သင်္ကနက်ကျေးရွာ Shelter ကို ယခုပွင့်လင်းရာသီတွင် ဆောက်လုပ်ပြီးစီး နိုင်ရေး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ တင်ဒါကော်မတီ၊ ဆောက်လုပ် ရေး ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ပေါင်းစပ်ဆောင်ရွက်ထားရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

                                                                  

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်