Skip to main content

ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ကနောင်မင်းသားကြီး လမ်းရှိ မိုးလုံလေလုံ ကနောင် အားကစားခန်းမအား အများပြည်သူ အသုံးပြုနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိကို မေးမြန်းသွားမည် ဖြစ်ကြောင်း၊ လှိုင်သာယာမြို့နယ်တွင် လူဦးရေ ၁၀ သိန်းကျော် နေထိုင်ပြီး လူနေထူထပ်သည့် မြို့တစ်မြို့ ဖြစ်ကြောင်း၊ မြို့နေ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ ကာယဉာဏ လုပ်သားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စက်မှုဇုန် လုပ်သားများအတွက် ပညာပေး သင်တန်းများ၊ ဟောပြောပွဲ၊ အလုပ်ရုံ ဆွေးနွေးပွဲ၊ အားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရန်အတွက် မိုးလုံလေလုံခန်းမ အမှန်တကယ် လိုအပ်လျက်ရှိပါကြောင်း၊

ရွှေလင်ဗန်း စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းနှင့် ယောအတွင်းဝန် ဦးဖိုးလှိုင် လမ်းထောင့်ရှိ မိုးလုံလေလုံ ကနောင် အားကစားခန်းမကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက စီမံထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိုးလုံလေလုံ ကနောင်ခန်းမ သည် လွန်စွာမှ ပျက်စီးယိုယွင်း နေပြီ ဖြစ်ပါကြောင်း၊

မိုးလုံလေလုံ ကနောင် အားကစားခန်းမကြီးကို ပြန်လည်ပြုပြင် မွမ်းမံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီး အများပြည်သူ ဘက်စုံသုံး အားကစား အသုံးပြုနိုင်ရန်အတွက် မည်သည့် အချိန်ကာလတွင် စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ကနောင်မင်းသားကြီးလမ်းနှင့် ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်းထောင့်ရှိ မိုးလုံလေလုံ အားကစားခန်းမအား ၂၀၀၄-၂၀၀၅ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် မြေပေါ်တွင် ဆောက်လုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အားကစားခန်းမ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါ စက်မှုဇုန် လုပ်ငန်းများ ဆောင်ရွက်နေသည့် စက်မှုဇုန် လုပ်ငန်းရှင်များကို အားကစားခန်းမ ပြင်ဆင် ထိန်းသိမ်းရန်နှင့် လုပ်သားများ၊ အားကစား ပြုလုပ်နိုင်ရန်အတွက် အပ်နှံထား ခဲ့ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ၎င်းအားကစားခန်းမအား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ရေရှည် ဆောင်ရွက်ရန် အခက်အခဲ ရှိခြင်း၊ ကျူးကျော်များ ဝင်ရောက်လာခြင်းမှ ကာကွယ်ရန် အချိန်ပြည့် ကြီးကြပ်မှု မရှိခြင်းတို့ကြောင့် စက်မှုဇုန် လုပ်သားများ၊ ရပ်ကွက်နေ ပြည်သူများ အားကစား ပြုလုပ်နိုင်ရန်နှင့် အများပြည်သူ အသုံးပြုနိုင်ရန်အတွက် အားကစားခန်းမနှင့် မြေနေရာကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးလွှဲပြောင်း ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း