Skip to main content

(က)-လူအများစုနေထိုင်ရာဖြစ်သော မြို့ပြကြီးများရှိ တိုက်ခန်းနေ ပြည်သူများ၏ ဘေးအန္တရာယ် ကင်းစေရေးအတွက် တိုက်ခန်းပြုပြင်ခြင်းများ ဆောင်ရွက်ရန်၊ သက်ဆိုင်ရာအစိုးရဌာနများမှ ကွင်းဆင်းစစ်ဆေးရန်နှင့် ပြန်လည် တည်ဆောက်ရန် သင့်သော တိုက်ခန်းများအဖြစ် သက်ဆိုင်ရာမှ ဆုံးဖြတ်ပါက ပြည်သူများ၏ ဘဝနေထိုင်ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

မြို့ပြတိုက်ခန်းများတွင်နေထိုင်ကြသော ပြည်သူများ၏ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှင့် အန္တရာယ်ရှိ အဆောက်အဦများ ပြန်လည်ဆောက်လုပ်ရာတွင် ပြည်သူများ၏ မူလ ရပိုင်ခွင့်မဆုံးရှုံးစေဘဲ ဝန်ထုပ်ဝန်ပိုးသက်သာစွာဖြင့် ဖြေရှင်းပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး မေးမြန်းခြင်းဖြစ်ပါကြောင်း၊ မြို့ကြီးများဟုဆိုရာတွင် အဓိက လူနေတိုက်ခန်းနှင့် အိမ်ရာများဖြင့် နေထိုင်ကြသော မြို့ကြီးများကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ရန်ကုန်မြို့တွင် နေထိုင်သူဦးရေ သည် ခုနစ်သန်းရှိနေပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူနေထိုင်ရာ ကွန်ဒိုတိုက်ခန်းပေါင်း ၂၆၀၀၀၀ ကျော်ရှိပြီး တာမွေ တစ်မြို့နယ်တည်းတွင် တိုက်ခန်းပေါင်း ၂၉၀၀၀ ကျော်ရှိသည်ဟု သိရပါကြောင်း၊

မိမိတို့အားလုံး သိကြပြီးသည့်အတိုင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ညပိုင်း ရန်ကုန်မြို့တွင် လှုပ်ခဲ့သောငလျင်သည် Richter scale ၄.၁ သာရှိသော်လည်း တာမွေ၊ တောင်ဥက္ကလာပ၊ စမ်းချောင်း၊ မင်္ဂလာတောင်ညွန့်အစရှိသည့် မြို့နယ်များမှ တိုက်ခန်းနေ ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ကြရပြီး တိုက်ခန်းများပေါ်က ပြေးဆင်းရသည်အထိ တုန်လှုပ်ခဲ့ကြရပါ ကြောင်း၊ အချို့သည် ငလျင်လှုပ်ပြီး နာရီအတန်ကြာသည်အထိ တိုက်ခန်းများပေါ် ပြန်မတက်ရဲတော့ဘဲ ဒူးတုန်အောင် ကြောက်ရွံ့ခဲ့ကြ ရပါကြောင်း၊ ၎င်းငလျင်သည် အင်အားမပြင်းသော်လည်း တာမွေမှအချို့တိုက်ခန်းများ ယိုင်ပြီးစောင်းသွားပါ ကြောင်း၊

ယခုချိန်တွင် ရန်ကုန်မြို့၊ နေပြည်တော်၊ မန္တလေးမြို့အစရှိသည့်မြို့ကြီးများသည် စစ်ကိုင်းတိုင်း ငလျင်ကြောပေါ်ရှိနေပြီး ပဲခူး ငလျင်သည် မလှုပ်သည်မှာ နှစ် ၉၀၊ ၁၀၀ နီးပါးရှိပြီ ဖြစ်သည့်အတွက် ငလျင်သဘာဝအရ အကြီးအကျယ် ပြန်လှုပ်နိုင် ကြောင်း ပညာရှင်တို့က သတိပေးခေါင်းလောင်းထိုး နေသည်မှာ အားလုံးအသိပဲဖြစ်ပါကြောင်း၊ အထူးသဖြင့် ရန်ကုန်မြို့ရှိ တိုက်ခန်းအမြင့်များကို ကွင်းဆင်းလေ့လာသည့်အခါ ၁၉၈၈ ခုနှစ်နောက်ပိုင်း ၁၉၉၀ ခုနှစ်ဝန်းကျင် တည်ဆောက်ခဲ့သည့် တိုက်များဖြစ်သည့်အပြင် အရည်အသွေးမမီသည့်အတွက် တိုက်များ၏အဓိကကျသော ဘင့်ကြီးများ၊ ကော်လန်တိုင်ကြီးများ၊ တိုက်မျက်နှာကြက်ကြမ်းခင်းများသည် ဆွေးမြည့်ကွာကျပြီး တချို့ တိုက်များသည် အင်မတန်ဆွေးမြည့်နေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ရန်ကုန်မြို့တွင်နေကြသော၊ မြို့ပြတွင်နေကြသော တိုက်ခန်းနေပြည်သူများသည် အန္တရာယ်နှင့်အတူယှဉ်တွဲ နေထိုင်ကြသလိုဖြစ်နေပါကြောင်း၊ အချို့တိုက်ခန်းပိုင်ရှင်များသည် ကိုယ့်တိုက်ကိုကိုယ် ဖာထေးနေထိုင်ကြ သော်လည်း အချို့ မသိကျိုးကျွန်ပြုနေကြပြီး တိုက်ခန်းငှားစားကြသော တိုက်ခန်းရှင်များ ပိုပြီးဆိုးပါကြောင်း၊ ထို့ကြောင့် အမြဲတစေ နေထိုင် သော ပြည်သူများသည် တိုက်ခန်းတွင်နေထိုင်လျက် အမြဲပူပန်နေကြပါကြောင်း၊ အဆိုပါကိစ္စ အခက်အခဲများကို သက်ဆိုင်ရာ စည်ပင်၊ အိုးအိမ်အစရှိသော ဌာနများကို အကြောင်းကြားတိုင်ကြားပါလျှင်လည်း ယခင်ခေတ် အဆက်ဆက်တုန်းကကဲ့သို့ နေထိုင်ရန်မသင့်ဟု Notice ဆိုင်းဘုတ်တပ်ကာ တိုက်ခန်းပေါ်မှ ချက်ချင်းဆင်းခိုင်းမလား၊ ဒါမှမဟုတ် ကိုယ်မပြင်ချင်လျှင် ကိုယ့်ဖြစ်ကိုယ်ခံဆိုပြီး ထပ်ပြီးဥပေက္ခာပြုခံရလေမလားစသဖြင့် တွေးပြီး နိစ္စဒူဝဆိုသလို ပြေးစရာလည်း မြေမရှိ၊ ပေးစရာ လည်းငွေမရှိသည့် အများနေသူ တိုက်ခန်းနေလူလတ်တန်းစားများ၏ဘဝ လူမှုနေစရာဒုက္ခမသေးလှပါကြောင်း၊ ၎င်း တိုက်ခန်း အရေးသည် ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများ၏အရေးသက်သက်သာ မဟုတ်ပါကြောင်း၊ အဆိုပါ မြို့ကြီးများတွင် ရှိနေသော အလုပ်အကိုင်အခွင့်အလမ်း၊ အသိပညာ၊ အတတ်ပညာ၊ အခွင့်အလမ်းများ အရ အနယ်နယ်အရပ်ရပ် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိသွေးချင်းများ၏ သားသမီးများ လာရောက်ပြီး အဆိုပါ တိုက်ခန်းများတွင် ငှားရမ်းနေထိုင်ကြသည့် လူဦးရေကလည်းပိုမိုများပြား လာသည့်အတွက် ၎င်းတိုက်ခန်းတွင် နေထိုင်သည့်အရေးသည် မြန်မာတစ်ပြည်လုံး၏ ဒုက္ခလို့ တောင်ရှုမြင်နိုင်ပါကြောင်း၊ အထူးသဖြင့် တိုက်ခန်းပိုင်ပြည်သူများ သည် လူလတ်တန်းစား အများစု ဖြစ်ခြင်းကြောင့် ပြုပြင်ရန် သို့မဟုတ် ပြန်လည်တည်ဆောက်ရန် ဖြစ်လာပါက ငွေကြေးအရ အခက်အခဲရှိသူများဖြစ်ကြသဖြင့် ပြည်သူများ ၏နေထိုင်မှုဘဝသဘာဝ ဘေးအန္တရာယ်ကြိုတင် ကာကွယ်ကင်းစင်စေရေးနှင့် ပြန်လည်တည်ဆောက်ရေးကိစ္စရပ်များကို ပြည်သူများဝန်ထုပ်ဝန်ပိုး နည်းပါးစွာဖြင့် အသက်ရှုချောင်စွာ ပါဝင်ဖြည့်ဆည်းပေး နိုင်ရေးကို နိုင်ငံတော်အစိုးရဌာနများ အနေဖြင့် မည်ကဲ့သို့အစီအစဉ်ရေးဆွဲ စစ်ဆေးဆောင်ရွက် ကူညီဖြေရှင်းနိုင်မည်ကို သိရှိလိုပြီး ဆောင်ရွက်ပေးနိုင်ရန် အစီ အစဉ်ရှိပါက မည်သည့်ကာလမှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။


 

 

ရန်ကုန်မြို့တွင် ၁၂-၁၁-၂၀၁၉ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တာမွေ၊ စမ်းချောင်းတို့ တွင် စုစုပေါင်းအိမ်ရာ ၁၉ လုံးတိမ်းစောင်းသွားသည်ဆိုသောသတင်းများက ဂျာနယ်များတွင် လည်းကောင်း၊ Social Media များတွင်လည်းကောင်း ရေးသားဖော်ပြလာကြသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ကန်ထရိုက်တိုက်ဟုခေါ်သော ပုဂ္ဂလိကတည်ဆောက်သူထံမှ ဝယ်ယူနေထိုင်သူ အများစုသည် ၎င်းကိစ္စနှင့်ပတ်သက်ပြီးစိုးရိမ်မှုများဖြစ်ပေါ်လာသည့်အကြောင်းကို မိမိတို့ ကြားသိခဲ့ရပါ ကြောင်း၊ ငလျင်လှုပ်သည့်အခါ တိုက်များပြိုကျပြီး မိမိတို့၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးရမည်ကို စိုးရိမ်ခြင်းနှင့် တိမ်းစောင်းသွားသည့်တိုက်သည်မခံနိုင်တော့ပါက Dangerous Building ဖြစ်ကာ နေထိုင်မှုမရှိတော့ဘဲ ဖယ်ရှားပေးရပြီး နေစရာမရှိတော့မည့်အခြေအနေကို ရောက်ကြရမည်ဆိုသော စိုးရိမ်ခြင်းအစရှိသည့် စိုးရိမ်ခြင်းနှစ်မျိုးနှင့် စိုးရိမ်နေကြတာကို ကြားသိရပါကြောင်း၊

ဂျပန်နိုင်ငံတွင် ၁၉၉၀ ခုနှစ်ကျော်ကာလများတွင် ငလျင်ကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ Kobe ငလျင်ကြီးနောက်ပိုင်းတွင် ဂျပန်နိုင်ငံရှိ တံတားအားလုံး ငလျင်ဒဏ်ခံနိုင်သောတံတားများအဖြစ် Retrofitting ဆောင်ရွက်ခဲ့သဖြင့် လူနေအိမ်ရာများကို လည်း Retrofitting ဆောင်ရွက်ခဲ့သည့် နမူနာများရှိပါကြောင်း၊ Retrofitting ဆောင်ရွက်ရာတွင် ကနဦးအပိုင်းအနေဖြင့် Concrete Jacketing ဖြင့် Retrofitting  ပြုလုပ်ပြီး အပြင်ကနေ ငလျင်ဒဏ်ခံနိုင်ရန်အတွက် Reinforcing ထပ်လုပ်ကာ Concrete အလွှာထပ်ပိုးပြီး ငလျင်ဒဏ် ခံနိုင်အောင် ခုခံ ကာကွယ်ခြင်းမျိုး ရှိပါကြောင်း၊  အဆောက်အဦးများတွင်လည်း ငလျင်ဒဏ်ခံ နိုင်အောင် အဓိကသက်ရောက်မည့် နေရာအထိ ကွန်ကရစ်ထပ်မိုးလွှာများထပ်ပိုးခြင်းတို့ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း အဆိုပါ Method ဆောင်ရွက်ခြင်းများ ကွန်ကရစ်ထပ်ပိုးလွှာပိုးလို့မရသည့်နေရာများရှိလာနိုင်ပြီး အခက်အခဲများလည်း ဖြစ်လာနိုင်ပါကြောင်း၊ တံတားများတွင် လည်း ကွန်ကရစ်ထပ်ပိုးလွှာပြုလုပ်ရန်အခက်အခဲရှိသည့်နေရာမျိုးများတွင် တစ်ခြားနည်းလမ်း နှစ်ခု ဖြစ်သော Aramid Fiber Method နှင့် Carbon Fiber Method တို့ဖြင့်ပြုလုပ်သော စနစ်ဖြင့် သဘာဝဘေး ဒဏ်ခံနိုင်အောင်အတွက် ဆောင်ရွက် ကြပါကြောင်း၊ Aramid Fiber Method ဆိုသည်မှာ တံတား၊ Column တိုင်စီ၊ အဆောက်အဦများ၏  Wall နံရံ၊ Slab ကြမ်းခင်း၊ အဆောက်အဦ Column တိုင်များ၊ Beam ယက်မများတွင် Aramid Fiber အလွှာများ တပ်ဆင်ပြီး Aramid Fiber အလွှာများကို Concrete Mortar သို့မဟုတ် Epoxy မှုတ်သွင်းပြီး အပေါ်မှ ဆေးသုတ်ခြင်းမျိုးဖြစ်ပါကြောင်း၊ သို့သော်လည်း Aramid Fiber Method သည် ကုန်ကျစရိတ် များသည့်အတွက် စရိတ်သက်သာမည့် Carbon Fiber Method ကို ကမ္ဘာပေါ်တွင် အသုံးများ လာပါကြောင်း၊ Carbon Fiber ကို အလျားအလိုက်သော် လည်းကောင်း၊ ဒေါင်လိုက်သော် လည်းကောင်း၊ တိုင်များ၊ ယက်မများ၊ နံရံများနှင့် ကြမ်းခင်းများမှ ကပ်ပြီး Epoxy ဆေးသုတ်လိမ်းပြီး အဆောက်အဦ၏ Strength ကိုပြည့်အောင် အားဖြည့်ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့အားဖြည့် လိုက်ခြင်းဖြင့် အဆောက်အဦ၏ခံနိုင်ရည်သည် သတ်မှတ်ထားသော ခံနိုင်ရည်ထက် နှစ်ဆမှ လေးဆအထိ တိုးသွား နိုင်ခြင်းအစရှိသောအကျိုးကျေးဇူးများကို ရရှိလာမည် ဖြစ်ပါကြောင်း၊ Carbon Fiber Method နှင့်ပတ်သတ်ပြီး ငလျင်ဒဏ်ခံနိုင်ရန် အဆောက်အဦများကို Retrofitting ပြုလုပ်ခြင်း နမူနာများကို ရှင်းလင်းတင်ပြလိုပါကြောင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးချိန်တွင် ရွှေတိဂုံဘုရားကြီး ၏ကြံ့ခိုင်မှုကို စစ်ဆေးပေးရန်အတွက် သာသနာရေးဝန်ကြီးဌာနနှင့် ဂေါပက၏ အကူအညီတောင်းခံမှုများက ဆောက်လုပ်ရေး ဝန်ကြီးဌာန နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အင်ဂျင်နီယာ ပညာရှင်များပူးပေါင်းပြီး ရွှေတိဂုံဘုရားကြီးတစ်ခုလုံးကို အဆင့်ဆင့် စစ်ဆေးခဲ့ကြရာတွင် ငှက်ပျောဖူးနေရာတွင် အားနည်းချက်များဖြစ်နေပြီး အုတ်များဆွေးနေသည်ကို တွေ့ရှိရသည့်အတွက် ပြင်ဆင်ရန် ဂေါပကအဖွဲ့၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဆရာကြီးများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ အသေးစိတ် ဆွေးနွေးခဲ့ကြပြီး Carbon Fiber Method နည်းစနစ်ဖြင့် ငှက်ပျောဖူး၏သိမ်နေသည့်အပိုင်းကို Strengthening ပြုလုပ်ရန် ဆုံးဖြတ်ပြီး တစ်ဆင့်ခြင်း ဆောင်ရွက်ခဲ့ပါကြောင်း၊

ပထမဦးဆုံး ဩဝါဒစရိယဆရာတော်ကြီးများနှင့် ဂေါပကလူကြီး များကို ပြသည့်အခါ Carbon Fiber မတပ်ဆင်ထားသော ခြောက်လက်မပတ်လည်  ကွန်ကရစ်ချောင်းတစ်ချောင်းကို ဘိလပ်မြေ တစ်အိတ်ပြီး တစ်အိတ်တင်လိုက်သည့်အခါ လေးအိတ်မြောက်တွင် ကျိုးကျသွားပါကြောင်း၊ အလားတူ ကွန်ကရစ်ချောင်းကို Carbon Fiber ပတ်ပြီးမှ ဘိလပ်မြေ တစ်အိတ်ပြီးတစ်အိတ် တင်သည့်အခါ ၁၁ အိတ်ထိတင်ထားသော်လည်းမကျိုးဘဲ ညွှတ်ပြီးတင်းခံနေသည်ကို ဂေါပကလူကြီး များနှင့် ဩဝါဒစရိယဆရာတော်ကြီးများကိုပြပြီး Carbon Fiber ဖြင့် ဆောင်ရွက်ရန်အတွက် အားလုံး သဘောတူ သည့်အတွက် ရွှေတိဂုံဘုရားကြီးကို ကာဗွန်ဖိုက်ဘာဖြင့် ၂၀၀၈ ခုနှစ်တွင် ပြင်ဆင်ခဲ့ကြောင်း နမူနာ တင်ပြခြင်းဖြစ်ပါကြောင်း၊

၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်ကာလများတွင်လည်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပုဂ္ဂလိက ကုမ္ပဏီများကို အပ်နှံ တည်ဆောက်ခဲ့သည့်တက္ကသိုလ်များ၏ တည်ဆောက်မှုခံနိုင်ဝန်အား လျော့ကျလာပါကြောင်း၊ တောင်ကြီး(ကွန်ပျူတာ တက္ကသိုလ်) စတင်ပြိုကျပြီးနောက်ပိုင်းတွင် ပုဂ္ဂလိက ဆောက်ခဲ့သော တက္ကသိုလ်များကို စစ်ဆေးသည့်အခါ ခံနိုင်ဝန်အား လျော့ကျနေသည့်အတွက် Carbon Fiber Method ဖြင့် Retro Fitting ဆောင်ရွက်ရန် အကြံပြုခဲ့ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနကအကြံပြုခဲ့သော Carbon Fiber Retro Fitting ကို နည်းပညာတက္ကသိုလ် ၁၂ ခုတွင် ပြုပြင်တပ်ဆင်ခဲ့ပါကြောင်း၊ Carbon Fiber နည်းစနစ်သည် အဆောက်အဦများကြံ့ခိုင်ရေးအတွက် အကောင်းဆုံး၊ အလွယ်ကူဆုံးပြင်ဆင်နိုင်သော နည်းလမ်းဖြစ်ကြောင်းနှင့် ငလျင်ဒဏ်ခံနိုင်မှုအတွက် ပြင်ဆင်သည့်နေရာတွင်လည်း Carbon Fiber Method သည် အလွယ်ကူဆုံးနည်းစနစ်ဖြစ်ကြောင်း တွေ့ရပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဂျပန်နိုင်ငံ၊ Oyo Corporation၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းတို့နှင့်ပူးပေါင်းပြီး ဂျပန်နိုင်ငံမှ LMIT ဝန်ကြီးဌာ၏ အထောက်အပံ့ဖြင့် အဆောက်အဦများ ငလျင်ဒဏ်ခံနိုင်မှုရှိ/မရှိ၊ Seismic Evaluation နှင့် Retro Fitting လုပ်ရန်လို/မလို တို့ကို အကြမ်းဖျင်းသိရှိနိုင်သော Screening စနစ်၊ Detail Evaluation နှင့် Retro Fitting Method ရွေးချယ်ခြင်းများအတွက် နည်းပညာပို့ချခြင်း၊ သင်ကြားခြင်း၊ လက်တွေ့လေ့လာခြင်းများကို ယခု ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအချိန်တွင် မိမိ၏လက်ရှိနေထိုင်သော အဆောက်အဦများကို ပိုမိုကြံ့ခိုင်ရန်၊ ကောင်းမွန်ရန် ဆောင်ရွက် နိုင်သည့်နည်းလမ်း သုံးခုရှိပါကြောင်း၊ ကွန်ကရစ် Just Cutting Method၊ Aramid Fiber Method နှင့် Carbon Fiber Method တို့အနက် ဈေးနှုန်းအသက်သာဆုံးနှင့် ဆောင်ရွက်မှုအလွယ်ကူဆုံးဖြစ်သော Carbon Fiber Method ဖြင့် အဆောက်အဦများကို Retro Fit လုပ်သည့်ကိစ္စကို ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အကြံပြုတင်ပြထားပါကြောင်း၊

မိမိတို့မြန်မာနိုင်ငံတွင် မြေပိုင်ရှင်က ကန်ထရိုက်စနစ်ဖြင့် အခန်းပေး၊ အခန်းယူ တည်ဆောက်ပြီး အပျောက်စနစ်ဖြင့် ရောင်းလိုက်သည့်အခါ တိုက်တွင်နေထိုင်သူအားလုံးသည် အဆောက်အဦ၏ ပိုင်ရှင်ဖြစ်သွားပါကြောင်း၊ ထို့ကြောင့် အဆောက် အဦကို ရေရှည်ခံနိုင်ရန်အတွက် ပြန်လည်ပြုပြင်ရန် နေထိုင်သူအားလုံးတွင် တာဝန်ရှိပါကြောင်း၊ အဆောက်အဦကို ရေရှည်ခံ နိုင်ရန် ဆောင်ရွက်သည့်အခါတွင်လည်း အဆောက်အဦ၏ကြံ့ခိုင်မှုတစ်ခုတည်းမဟုတ်ဘဲ ‌ရေပိုက်လိုင်းကိစ္စ၊ မီးပိုက်လိုင်းကိစ္စ၊ မိလ္လာစွန့်ပစ်စနစ်အားလုံးအပါအဝင် အခန်းတွင်နေထိုင်ကြသော ပိုင်ရှင်များ အားလုံး စုပေါင်းပြီး အကုန်ကျခံ ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ပြင်ဆင်ထိန်းသိမ်းမှုများ မလုပ်နိုင်၍ အဆောက်အဦသည် ရေရှည်ကြံ့ခိုင်မှုမရှိဘဲ ပျက်စီးယိုယွင်း လာသည့်အချိန်တွင် လူနေထိုင်ခွင့်မရတော့သည့်အခြေအနေထိ ဖြစ်လာနိုင်ပါကြောင်း၊

‌ဆောက်လုပ်ရေးဝန်ကြီးဌာနက ရေးဆွဲနေသော အဆောက်အဦနှင့် ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဥပဒေ (Building and Construction Industry Development Law-BCID)နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြလိုပါကြောင်း၊ BCID Law တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ အဆောက်အဦများကို တည်ဆောက်သည့်အခါ ဘယ်လိုစံချိန်စံညွှန်းဖြင့် တည်ဆောက် ရမည်ဆိုသည်ကို ပြဋ္ဌာန်းမည် ဖြစ်ပါကြောင်း၊ BCID ဥပဒေရေးဆွဲပြီးသည့်အခါ ပြည်ထောင်စုတွင် BCID ဗဟိုကော်မတီ ဖွဲ့စည်းပြီး တိုင်းဒေသကြီး/ပြည်နယ်များတွင် သက်ဆိုင်ရာ‌ကော်မတီများရှိလာမည် ဖြစ်ပါကြောင်း၊ ယခု အချိန်တွင် အိမ်ရာ များ၊ အဆောက်အဦများနှင့် Building Construction များကို တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သည့် ဥပဒေမရှိသေးသည့်အတွက် အဆောက်အဦများဆောက်လုပ်ရာတွင် အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများဖြစ်သော သံချောင်း၊ ဘိလပ်မြေတို့၏ စံချိန်စံညွှန်းများ၊ အဆောက်အဦတစ်ခုလုံးအတွက် လိုအပ်သည့်ရေဂါလန်၊ ရေပမာဏ၊ မီးသတ်စနစ်များ ဆောင်ရွက်ထားမှု၊ အရေးပေါ်လှေကား စသည့်စနစ်များကို လွှမ်းခြုံနိုင်သောဥပဒေများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရေးဆွဲပြီး လွှတ်တော် ရေးရာကော်မတီများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေးရာကော်မတီများ မှ ပေးသည့် အကြံဉာဏ်များ ကိုလည်း ပြင်ဆင် ဖြည့်စွက်ပြီး မကြာမီကာလတွင် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြသွားမှာ ဖြစ်ပါကြောင်း၊ အစည်းအဝေးက အတည်ပြုပြီးပါက ဆွေးနွေးနိုင်ရန်အတွက် လွှတ်တော်သို့ ရောက်ရှိလာမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြီးပါက ဆောက်လုပ်မှုကဏ္ဍကို လွှမ်းခြုံနိုင်သော ဥပဒေတစ်ခု ထွက်ရှိလာမည် ဖြစ်ပါကြောင်း၊ BCID ဥပဒေကို အတည်ပြုပြီးပါက ကိုယ်ပိုင်အိမ်ရာ အားလုံး၊ အများပိုင်အိမ်ရာအားလုံး၊ အစိုးရအဆောက်အဦများ၊ ရုံးများတည် ဆောက်ရာတွင် ဥပဒေတွင်ပြဋ္ဌာန်းထားသော MNBC Code ၏အပိုင်းများကို အတိအကျ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ MNBC သည်လည်း Code ဖြစ်နေသည့်အတွက် လိုက်နာလို့လည်းရသလို၊ မလိုက်နာလို့လည်းရနေသည့် အခြေအနေက ယခုရှိနေပါကြောင်း၊ ဥပမာအားဖြင့် UN-habitat က နီပေါနိုင်ငံ ငလျင်ဖြစ်ရပ်ကို ထောက်ပြထားပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် နီပေါနိုင်ငံ၊ Kathmandu မြို့တွင်ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့၏ အဆောက်အဦအားလုံး၏ ၅၀ ရာခိုင်နှုန်းခန့် ပြိုကျပျက်စီးသွားခဲ့ပါကြောင်း၊ UN-habitat အနေဖြင့် နီပေါနိုင်ငံ၏ Building Code ကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကတည်းက ရေးဆွဲပေးခဲ့သော်လည်း Code ဖြစ်နေသည့်အတွက် လိုက်နာလို့လည်းရသလို၊ မလိုက်နာလို့လည်း ရသည့်အတွက် အဆိုပါဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ခဲ့ခြင်း ဖြစ်ပါကြောင်း၊

ထို့ကြောင့် UN Habitat ၏အကြံပြုချက်အရ BCID ဥပဒေရေးဆွဲရန်အတွက် စင်ကာပူနိုင်ငံ BCA နှင့် မလေးရှားနိုင်ငံ CLDP တို့မှ အကူအညီများရယူပြီး စင်ကာပူနိုင်ငံ BCA နှင့် မလေးရှား CLDP တို့တွင် သင်တန်းများဖွင့်လှစ်ခဲ့ပြီး အဆိုပါ သင်တန်း များကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သင်တန်းသား များတက်ရောက်ပြီး ယခုအခါ BCID Law အချိန်ယူရေးဆွဲ လျက်ရှိ ပါကြောင်း၊ BCID ဥပဒေကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးက အတည်ပြုပြီးပါက BCID ကော်မတီအဖွဲ့များ ပေါ်ပေါက်လာပြီး အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် BCID ဥပဒေအရဆောင်ရွက်ခြင်း ရှိ/မရှိနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကို ကြီးကြပ်လမ်းညွှန်ခြင်းများ ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း BCID ဒေသဆိုင်ရာကော်မတီအဖွဲ့များ ထူထောင်ပြီး BCID အဖွဲ့များ၏ လမ်းညွှန်မှုဖြင့် လက်ရှိအဆောက်အဦများကို ပြင်ဆင်ရမည့်လမ်းညွှန်ချက်များကို ထုတ်ပြန်ကြေညာသွားရမည်ဖြစ်ပါ ကြောင်း၊ အဆောက်အဦများ ရေရှည်ကြံ့ခိုင်စေရန်အတွက် အဆောက်အဦအရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစွာ တည် ဆောက်ရန်လိုအပ်သကဲ့သို့ အဆောက်အဦတွင် နေထိုင်ကြသူများသည် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ပုံမှန် ဆောင်ရွက်ရန်လည်းလိုအပ်ပါကြောင်း၊ အဆောက်အဦအတွင်းပိုင်း ပြင်ဆင်မွမ်းမံထိန်းသိမ်းခြင်းကို အခန်းပိုင်ရှင်များက တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး အများနှင့်သက်ဆိုင်သောအဆောက်အဦဧရိယာပိုင်းဖြစ်သော အဆောက်အဦပြင်ပနှင့် လှေကားများကို ဆေးသုတ်ခြင်း၊ ပေါင်းပင်များ ရှင်းလင်းခြင်း၊ မီးကြိုး၊ ရေပိုက်၊ ခေါင်မိုးပျက်စီးယိုယွင်းမှုများရှိပါက အသစ် လဲလှယ်ခြင်း၊ ရေလှောင်ကန်၊ မိလ္လာကန်၊ ရေတင်စက်များ ပြင်ဆင်ထိန်းသိမ်းခြင်း၊ အဆောက်အဦတစ်ခုလုံး ကြံ့ခိုင်မှု အားဖြည့်ခြင်းများကို အဆောက်အဦတွင်နေထိုင်သူများက စုပေါင်းပြီး ကျခံဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ‌ဆောက်လုပ်ထားသော အိမ်ရာစီမံကိန်းများတွင် အိမ်ရာအတွင်း နေထိုင်သူများဖြင့် အိမ်ရာ စီမံခန့်ခွဲရေးကော်မတီများဖွဲ့စည်းပေးထားပြီး အဆောက်အဦပြင်ဆင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန်အတွက် စုပေါင်းပိုင်အဆောက်ဦများ စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားချက်အမှတ်(၁/၁၉၉၇)ကိုထုတ်ပြန်ပေးထားပြီး ညွှန်ကြားချက် နှင့်အညီ ဆောင်ရွက်ရန်အတွက် ကြီးကြပ်ပေးလျက်ရှိပါကြောင်း၊ အဆောက်အဦများ ထိန်းသိမ်းမှုအားနည်း၍ဖြစ်စေ၊ သက်တမ်းကုန်ဆုံးသွား၍ဖြစ်စေ လူနေထိုင်ရန်မသင့်တော်သည့်အချိန်တွင် ပြန်လည်တည်ဆောက် ရန်မှာ တိုက်ခန်း ပိုင်ဆိုင်သူများမှစုပေါင်း၍ ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အဆောက်အဦ တည်ဆောက်ရန်နေရာသည် မူလထက်ပိုမို အထပ်မြှင့်တင်နိုင်ပြီး အကျိုးအမြတ်ရှိပါက ပုဂ္ဂလိက Developer များနှင့်ပူးပေါင်း ဆောင်ရွက်နိုင်သော်လည်း အကျိုး အမြန်နည်းပါးသည့်နေရာဖြစ်ပါက တိုက်ခန်းတွင်နေထိုင်များ၏ ထည့်ဝင်မှုဖြင့်သာ ပြန်လည်‌ဆောင်ရွက် ရမှာဖြစ်ပါ ကြောင်း၊ နိုင်ငံတကာမြို့ပြများရှိ အဆောက်အဦများအားလုံး ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို  မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရန်အတွက် ဥပဒေပြဋ္ဌာန်း၍ သက်ဆိုင်ရာမြူနီစပါယ်အဖွဲ့အစည်းများမှ ကြီးကြပ်ဆောင်ရွက်ပေးခြင်း ဖြစ်သည့် အပြင်အဆောက်အဦများကို ပြည်သူများမှကိုယ်တိုင် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် Project Loan၊ Insurance၊ Housing Development Loan၊ Mortgage Loan စသည့် ဘဏ္ဍာငွေအကူအညီပေးသည့်စနစ်တို့ဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်း တို့ဖြစ်ပါကြောင်း၊

ယခုအခါ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Construction Industry တစ်ခုလုံးကိုလွှမ်းခြုံစေမည့် Building and Construction Industry Development Law-BCID)နှင့် အိမ်ရာစီမံကိန်းများတွင် စုပေါင်းနေထိုင်သူများမှ ပြင်ဆင်ထိန်းသိမ်း ရေးလုပ်ငန်းများဆောင်ရွက်ရန် အဆောက်အအုံစီမံခန့်ခွဲ ရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေး ဥပဒေ(Estate Management Law)အား ၂၀၂၀ ခုနှစ်အတွင်း လွှတ်တော်ကိုတင်ပြနိုင်ရန်အတွက် ဥပဒေ(မူကြမ်း)ရေးဆွဲလျက်ရှိပါကြောင်း၊ BCID ဥပဒေအား လွှတ်တော်သို့အမြန်ဆုံးတင်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး အတည်ပြုပြီးပါကအဆောက်အဦ တည်ဆောက်နေစဉ် ကာလအတွင်း Technical နှင့် ပတ်သက်သော စံချိန်စံညွှန်းများကို Control လုပ်နိုင်မည်ဖြစ်ကာ တည်ဆောက်ပြီးနောက်ပိုင်း ပြင်ဆင်ထိန်းသိမ်းရေးကာလတွင် BCID ဥပဒေနှင့် Estate Management Law များအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတိုးဝင်းမေးမြန်း ထားသောမေးခွန်းသည် လူအများသိရှိလိုသည့် မေးခွန်းဖြစ်သည့်အတွက် အကျဉ်းချူပ်ဖြေကြား လိုသည်မှာ ကန်ထရိုက် တိုက်ဟုခေါ်ဆိုသော စုပေါင်းပိုင်တိုက်များမှာ နေထိုင်ကြသူများအနေဖြင့် မိမိတို့အဆောက်အဦ ပြင်ဆင်ရေး နှင့်ပတ်သက်၍ နေထိုင်ကြသူများအားလုံးမှာ တာဝန်ရှိပြီး နေထိုင်သူအားလုံးက ပြင်ဆင်စရိတ် ကိုအညီအမျှ ခွဲဝေကျခံရမည် ဖြစ်ပါကြောင်း၊ အဆိုပါ အဆောက်အဦများကို ပြင်ဆင်နိုင်ရန်အတွက် BCID ကော်မတီအဖွဲ့များ အမြန်ဆုံးထူထောင်သွားပြီး BCID ကော်မတီအဖွဲ့များမှအကြံပြုချက်များ၊ လမ်းညွှန်ချက်များကို ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် BCID Lawနှင့် Estate Management Law များရေးဆွဲလျက်ရှိပြီး အဆိုပါ ဥပဒေများပြဌာန်းပြီးပါက ဆောက်လုပ်မှုကဏ္ဍကြီးတစ်ခုလုံးကို လွှမ်းခြုံ၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပုဂ္ဂလိက ကဏ္ဍ နှင့် နိုင်ငံပိုင်အဆောက်အဦကဏ္ဍမှာပါ စံချိန်စံညွှန်းပြည့်မီသည့် အဆောက်အဦများ ကိုတည်ဆောက်နိုင်ရန် အတွက် တည်ဆောက်သွားနိုင် မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဦးတိုးဝင်း(တာမွေမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီးဖြေသွားသည်မှာ Apartment Law များနှင့်ပတ်သက်ပြီး နောင်ဖြစ်လာမည့် ဥပဒေများပြင်ဆင် ရေးဆွဲပြီး တင်ပြမည်ဖြစ်သည့်အတွက်ကြောင့် အင်မတန်ကျေးဇူးတင်ပါကြောင်း၊ အဓိကသိလိုသည်မှာ မေးခွန်းတွင် ပါသည့်အတိုင်း တိုက်ခန်းနေပြည်သူများသည် လူလတ်တန်းစား၊ ငွေကြေးမပြည့်စုံသူများသည့်အတွက် ဥပဒေများနှင့်အညီ ဆောင်ရွက် နေထိုင်ကြသည့်အခါ နိုင်ငံတော်အနေဖြင့် Banking System များထူထောင်ပြီး ဆောက်လုပ်ရေးဌာနများက စည်ပင် သာယာကဖြစ်ဖြစ် ထူထောင်ပြီး Loan ချေးငွေများဖြင့် ပြည်သူလူထုကို အသက်ရှူရှောင်အောင်၊ ပြင်ဆင်မှုများလည်း ဆောင်ရွက်နိုင်အောင် လုပ်ပေးနိုင်ဖို့အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်း ပါသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

Loan ချေးငွေနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာဘဏ်အဖွဲ့အစည်း များနှင့်ဆက်စပ်ပြီး ၎င်းတို့ ထံ မေးမြန်းပြီး ကိုယ်စားလှယ်ကြီးထံ ပြန်လည်ဖြေကြားသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

           

 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း