Skip to main content

 

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ တန်ကူကျေးရွာ ကျေးလက်ကျန်းမာရေးဌာနသည် ၁၉၆၈ ခုနှစ်တွင် စတင်ပြီး ဖွင့်လှစ်ခဲ့သည့်အတွက် ဝေးလံခေါင်ဖျားသည့် ကျေးလက်ပြည်သူများ၏ ကျန်းမာရေးကို အများကြီး စောင့်ရှောက်ပေးနိုင်ခဲ့ပါကြောင်း၊ တန်ကူကျေးလက် ကျန်းမာရေးဌာနသည် မတူပီမြို့ နှင့် ၃၅ မိုင်၊ ရေဆွာ တိုက်နယ်ဆေးရုံနှင့် ၈၃ မိုင်၊ လိုက်လှမ်း ပြည်တိုက်နယ် ဆေးရုံနှင့် မိုင် ၃၀ ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက် ရန် အလွန်အားနည်းနေပါကြောင်း၊ တန်ကူကျေးရွာနှင့် မတူပီမြို့နယ်ကြားတွင် ကုန်းရွာချောင်း‌ ကျောင်း ရှိပြီး လူကူးကြိုးတံတားသာရှိသည့်အတွက် မိုးတွင်းကာလများတွင် အကြိမ်ကြိမ် ရေကြီးပြီးမှ ၎င်းကြိုးတံတားသည် အကြိမ်ကြိမ် ပါရှိသည့် အချိန် ရှိခဲ့ပါကြောင်း၊ ထိုကဲ့သို့ ကြိုး တံတား ရေမျောပါသွားသည့်အချိန်တွင် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်ရန်အတွက် အလွန်ခက်ခဲလှပါကြောင်း၊ တန်ကူမှ မတူပီမြို့ကို  မိုင် ၃၀ လာရသည့် ခရီးသည် မြေပြန့်အတွက် မဝေးသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မိမိတို့ တောင်ပေါ်ဒေသအတွက် အင်မတန်မှ ခက်ခဲလှပါကြောင်း၊ တန်ကူကျေးလက် ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးမည်ဆိုပါက အကျိုးပြုနိုင်မည့် ကျေးရွာပေါင်းသည် ၆၆ ရွာ၊ လူဦးရေ ၁၆၅၆၉ ဦးနှင့် အိမ်ခြေ ၃၁၃၅ အိမ်ကို အကျိုးပြုမည် ဟု သိရှိရပါကြောင်း၊ တန်ကူ ကျေးလက် ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးမည်ဆိုပါက ၎င်း၏ အောက်တွင်ရှိသည့် ကျန်းမာရေးဌာန လေးခု၊ ကျန်းမာရေးဌာနခွဲ ၁၇ ခုရှိသည် ဟု သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ တန်ကူကျေးလက် ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးမည်ဆိုပါက ဒေသခံ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို ကောင်းမွန်စွာစောင့်ရှောက်ပေးနိုင်မည် ဖြစ်သည့်အတွက် တန်ကူ ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းပါသည်။


မတူပီမြို့နယ်၊ တန်ကူကျေးလက် ကျန်းမာရေးဌာနအောက်တွင် အန်မလှိုင်း၊ ကာစဲ၊ ရီဗန်း၊ တည်ဘိန်း စုစုပေါင်း ကျေးလက်ကျန်းမာရေး ဌာနခွဲ လေးခုရှိပြီး ကျေးရွာပေါင်း ၁၆ ရွာ၊ အိမ်ခြေ ၅၅၆ အိမ်၊ လူဦးရေ ၂၈၆၈ ဦးရှိပါကြောင်း၊ တန်ကူကျေးလက် ကျန်းမာရေးဌာန၏ ကျန်းမာရေး စောင့်ရှောက်မှုသည် အထွေထွေဆေးခန်းသို့ လာသည့် လူနာပေါင်း ၂၀၁၄ ခုနှစ်တွင် ၁၀၃၄ ဦးမှ ၂၀၁၈ ခုနှစ်တွင် ၈၁၁ ဦးသို့ လျှော့ကျသွားသည်ကို တွေ့ရှိရပါကြောင်း၊ အထက်အဆင့်သို့ လွှဲပြောင်းပေးအပ်သည့် လူနာသည် ၂၀၁၄ ခုနှစ်တွင် ၁၀ဦးမှ ၂၀၁၈ ခုနှစ်တွင် ၁၉ ဦး ဖြစ်လာသည်ကို တွေ့ရှိရပါကြောင်း၊ တန်ကူကျေးလက် ကျန်းမာရေးဌာနပိုင်မြေတွင် လူဦးရေ ၂၈၆၈ ဦးသာရှိသဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ်မူအရ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ရန်ရှိရမည့် လူဦးရေနှင့် ပြည့်မီရန် လိုအပ်နေပါသဖြင့် တိုက်နယ် ဆေးရုံ ဖွင့်လှစ်ရန်သင့်လျော်မှု မရှိသေးသည့်ကြောင်း တင်ပြထားပါကြောင်း၊ မတူပီမြို့နယ်တွင် ကျန်းမာ ရေး စောင့်ရှောက်မှုအနေဖြင့် ကုတင် ၅၀ ဆံ့ပြည်သူ့ဆေးရုံတစ်ရုံ၊ ရေဆွာတိုက်နယ်ဆေးရုံ၊ လိုင်လင်းပီ တိုက်နယ်ဆေးရုံ၊ လုံးငိုတိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံ လေးရုံ၊ ကျေးလက်ကျန်းမာ ရေးဌာန ၁၀ ခု၊ ကျေးလက် ကျန်းမာရေးဌာနခွဲ ၄၀ ခု ဖွင့်လှစ်ထားရှိပြီး လူဦးရေ ၆၁၁၇၁ ဦး တို့အား ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက် ရှိပါကြောင်း၊ တန်ကူကျေးလက် ကျန်းမာရေးဌာနပိုင် နယ်မြေရှိ လူဦးရေသည် ၂၈၆၈ ဦးရှိသဖြင့် တိုက်နယ်ဆေးရုံ ဖွင့်လှစ်ရန်အတွက် မူနှင့် ကိုက်ညီရန်လိုအပ်လျက် ရှိပါကြောင်း၊ တိုက်နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် မရှိသေးသော်လည်း လက်ရှိကျေးလက် ကျန်းမားရေးဌာနပေါ်တွင် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးရန်အတွက် လိုအပ်သည့် လူနာကုတင် ထပ်တိုးခြင်း၊ Bedside Locker များ ထပ်တိုးခြင်း၊ Drip stand များ ထပ်တိုးခြင်း၊ Manual sunction များ ပေးပို့ခြင်း၊ အရေးပေါ် အသုံးစရိတ်နှင့် ဆေးပစ္စည်းများ ထောက်ပံ့ခြင်းကို အားဖြည့်ပေးနိုင်ရန်အတွက် ပြည်နယ် ကျန်းမာရေးဦးစီးဌာနနှင့် မိမိတို့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းပြီး ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်း အဝေး (၁၆) ရက်နေ့မြောက် ၃-၉-၂၀၁၉ ခုနှစ်တွင်   ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်းနှင့် အဆိုပါ ဆေးနှင့် ဆေးပစ္စည်း ကိရိယာများကို ဗဟိုမှ ပေးပို့ရန် ညွှန်ကြားချက်ထုတ်ပြန်ပြီး ဆက်လက် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလဆန်းတွင် ၎င်းပစ္စည်းများသည် မတူပီမြို့သို့ ရောက်ရှိနေပြီဖြစ်ပြီး ယခုအခါမတူပီမြို့မှ တန်ကူသို့ ဆက်လက် ပေးပို့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်မြလေးစိန်