(စ)-သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးအား ခုတင်(၂၀၀)ဆံ့ ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း | Pyithu Hluttaw Skip to main content

 

ပဲခူးတိုင်းဒေသကြီးတွင် ခရိုင်လေးခုရှိပြီး ပဲခူးခရိုင်၊ တောင်ငူ ခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီ ခရိုင်တို့ ဖြစ်ပါကြောင်း၊ ခရိုင်လေးခုတွင် လူဦးရေထူထပ်မှုနှုန်းမှာ လွန်စွာမခြားနားသော်လည်း ခရိုင် လေးခု၏ဖွံ့ဖြိုးတိုးတက်မှုမှာ လွန်စွာကွာဟလျက်ရှိပြီး အဓိကကျသည့် ပညာရေး၊ ကျန်းမာရေး အခြေအနေများကို ကြည့်ခြင်းဖြင့် သိရှိနိုင်ပါကြောင်း၊ လွန်ခဲ့သော ခေတ်ကာလများစွာကပင် အစိုးရအဆက်ဆက်၊ ဝန်ကြီးဌာနအသီးသီးတို့၏ မေ့လျော့ခံခဲ့ရသည့် သာယာဝတီခရိုင်တွင် တက္ကသိုလ်၊ ကောလိပ်များ၊ အဆင့်မီဆေးရုံများနှင့် ကောင်းမွန်သည့်အားကစားကွင်းများ မရှိသေး ပါကြောင်း၊ ထိုအခြေခံ အကြောင်းတရားနှစ်ခုဖြစ်သည့် ပညာရေး နှင့် ကျန်းမာရေးတွင် တစ်ပြေးညီ ခွင့်ပြုဘတ်ဂျက်မရရှိခဲ့သည့်အတွက် သာယာဝတီခရိုင်သည် အခြားခရိုင်များ၏ ဖွံ့ဖြိုးတိုးတက် မှုများနှင့် ကြာလေကွာခြားချက်ကြီးမားလေ ဖြစ်နေရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု အချိန်တွင် ဘတ်ဂျက်များချထားပေးသည့်အခါ သာယာဝတီခရိုင်အတွက် ပိုမိုစဉ်းစားပေး သင့်ပါကြောင်း၊ သာယာဝတီခရိုင်တွင် မြို့နယ်(၈) ခုနှင့် လူဦးရေ စုစုပေါင်း ၁၂ သိန်း ခန့် နေထိုင်လျက်ရှိပါကြောင်း၊ သာယာဝတီခရိုင်ဆေးရုံကြီးနှင့်ပတ်သက်၍ တင်ပြမည်ဆိုပါက ၁၈၈၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၄၀ ရှိပြီဖြစ်ပါကြောင်း၊ စတင်တည်ဆောက်ခဲ့စဉ်က ခုတင် ၇၅ လုံးဆံ့ဖြစ်ပြီး လက်ရှိသာယာဝတီ ဆေးရုံကြီးမှာ ခုတင် ၁၀၀ ဆံ့ဆေးရုံ ဖြစ်သဖြင့် နှစ်ပေါင်း ၁၄၀ အတွင်း တစ်ကြိမ်သာ အဆင့် တိုးမြှင့်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဆေးရုံတည်ဆောက်မှု မှတ်တမ်းများတွင် ၁၈၉၀ ခုနှစ်တွင် အရေး ပိုင် မစ္စတာနယ်သာစိုးမှ တစ်ကြိမ်၊ ၁၉၅၂ ခုနှစ်တွင် သုံးဆယ်မြို့မှ ဦးမေဒီ၊ ဒေါ်နု မိသားစုတို့မှ တစ်ကြိမ်၊ ၁၉၆၀ ခုနှစ်တွင် သာယာဝတီမြို့နယ်၊ ပြည်သူလူထုများ၏ စုပေါင်းလှူဒါန်းမှုများနှင့် တစ်ကြိမ်၊ ၁၉၈၉ ခုနှစ်တွင် သုံးဆယ်မြို့မှ ဦးမြမောင်၊ ဒေါ်ကြင်ဥ မိသားစုမှတစ်ကြိမ်၊ ၁၉၉၀ ခုနှစ်တွင် သာယာဝတီမြို့မှ ဦးသိန်းမောင်၊ ဒေါ်ဟန် မိသားစုမှတစ်ကြိမ် စုစုပေါင်း ငါးကြိမ်ဖြင့် အလှူရှင်မိသားစုများနှင့် ပြည်သူလူထုမှ ကိုယ်ထူကိုယ်ထဖြင့် တည်ဆောက်ခဲ့ရသည့် ခရိုင် ဆေးရုံကြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ဝန်ထမ်းအိမ်ရာသစ်များကို ယခုအချိန်တွင် တည် ဆောက်ပေးလျက်ရှိပါကြောင်း၊ သို့သော် ယခုအခါတွင် ပဲခူးခရိုင်၊ ပဲခူးမြို့တွင် ခုတင် ၂၀၀၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ခုတင် ၂၀၀၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ခုတင် ၅၀၀ စသည်ဖြင့် ထိုခရိုင် သုံးခုတွင် အဆောက်အဦ လုံလောက်မှု၊ ဆရာဝန်နှင့်အခြားဝန်ထမ်းများ လုံလောက်မှု တို့ဖြင့် ပြည်သူလူထုကြီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ပေးစွမ်းလျက်ရှိပါကြောင်း။ ထို့အတွက် ထိုခရိုင်သုံးခုအတွက် သယာဝတီခရိုင်ရှိ လူဦးရေ ၁၂ သိန်းမှ မုဒိတာပွားလျက်ရှိပါ ကြောင်း၊

သာယာဝတီခရိုင်အတွင်းရှိ ရဟန်းရှင်လူ ပြည်သူလူထုကြီးအတွက် သာယာဝတီခရိုင်ဆေးရုံကြီးမှ ကုသပေးရန် ခက်ခဲသည့်ကိစ္စရပ်များတွင် ပြည်ခရိုင်၊ ခုတင် ၅၀၀ ဆံ့ဆေးရုံကြီးသို့လည်းကောင်း၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း ပင်ပန်းဆင်းရဲစွာ၊ ငွေကြေးကုန်ကျမှုများစွာဖြင့် သွားရောက်ကုသနေရပါကြောင်း၊ သာယာဝတီသုံးဆယ်မှ လူမှုပရဟိတအသင်းများမှ သွေးများ လှူဒါန်းခြင်း၊ အရေးပေါ်လူနာများအား သာယာဝတီခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်နေရခြင်း၊ သာယာဝတီဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခြင်းများကို အမြဲတမ်း ကူညီဆောင်ရွက် ပေးနေရပါကြောင်း၊ အထက်ပါ အခြေအနေများကြောင့် သာယာဝတီခရိုင်၊ ပြည်သူ့ဆေးရုံကြီးသည် ခုတင် ၂၀၀ ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် လိုအပ်နေပြီဖြစ်ပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် မည်သည့်ခုနှစ်တွင် ခုတင် ၂၀၀ ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


သာယာဝတီမြို့နယ်တွင် လူဦးရေ ၁၆၃၂၂၄ ဦး နေထိုင်လျက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ခုတင် ၁၀၀ ဆံ့ သာယာဝတီပြည်သူ့ဆေးရုံနှင့် စံရွေးတိုက်နယ်ဆေးရုံ စုစုပေါင်း ဆေးရုံ(၂)ရုံ ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း၊ သာယာဝတီဆေးရုံ၏ ဆေးရုံလုပ်ငန်း ဆောင်ရွက်ချက် ငါးနှစ်စာမှာ တစ်နေ့ပျမ်းမျှ အတွင်းလူနာ ၂၀၁၄ ခုနှစ်တွင် ၇၉ ဦးမှ ၂၀၁၈ ခုနှစ် တွင် ၁၀၃ ဦးအထိ တိုးတက်လာကြောင်း၊ ဆေးရုံခုတင်ခွင့်ပြုနှုန်း အသုံးချမှုမှာ ၂၀၁၄ ခုနှစ်တွင်  ၇၉ ရာခိုင်နှုန်းမှ ၂၀၁၈ ခုနှစ်တွင် ၁၀၃ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း၊ ဆေးရုံ တစ်နေ့ ပျမ်းမျှ လူနာဦးရေမှာ ငါးနှစ်စာ ပျမ်းမျှခြင်းအားဖြင့် ၈၉ ဦးရှိပြီး ဆေးရုံခုတင်ခွင့်ပြု အသုံးချမှုနှုန်း မှာ ငါးနှစ်စာပျမ်းမျှ ၈၈.၆ ရာခိုင်နှုန်း ရှိပါကြောင်း၊ ဆေးရုံခွင့်ပြုခုတင် အသုံးချမှုရာခိုင်နှုန်းသည် ၂၀၁၉ ခုနှစ်မူအရ ခွင့်ပြုခုတင်အသုံးချမှု ရာခိုင်နှုန်း ငါးနှစ်စာ ပျမ်းမျှအနေဖြင့် အနည်းဆုံး ၂၀၀ ရာခိုင်နှုန်း ရှိရမည့်အချက်နှင့်ပတ်သက်၍ ပြည့်မီရန်လိုအပ်လျက်ရှိကြောင်း၊  ဆေးရုံဆောက်လုပ် ရန် လက်ကျန် မြေဧရိယာမှာ ၇.၈၈ ဧကရှိကြောင်း သိရှိရပြီး ခုတင် ၂၀၀ သို့တိုးမြှင့်ရန် မြေဧက အနည်းဆုံး ၁၀ ဧကနှင့်အထက် ရှိရမည်ဖြစ်ပါကြောင်း၊ လတ်တလော လုံလောက်မှု  မရှိသေး ကြောင်းကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ဆေးရုံလုပ်ငန်း ဆောင်ရွက်ချက်အညွှန်းကိန်းများကို ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ပြီး လာမည့်နှစ်များအတွင်း အညွှန်းကိန်းများ တိုးတက်မှု ရှိပါက အဆင့်တိုးမြှင့်ရန်အတွက် ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်