Skip to main content

ဗန်းမောက်မြို့ပေါ်တွင် ရပ်ကွက်(၃) ခု၊ ကျေးရွာအုပ်စု (၄၇) အုပ်စု ကျေးရွာပေါင်း (၂၂၁) ရွာ ရှိပါ ကြောင်း၊ လူဦးရေ ၁၁၀၀၀၀ ကျော်နေထိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်မြို့နယ် ဖြစ်ပါ ကြောင်း၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အဘက်ဘက်မှ နောက်ကျသည့်မြို့နယ် ဖြစ်ပါကြောင်း၊ ဗန်းမောက်မြို့နယ် ကျန်းမာရေးဌာနသည် မြို့နယ်ဆေးရုံတစ်ရုံ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတစ်ခု၊ ငှက်ဖျားတိုက်ဖျက်ရေးတစ်ခု၊ တိုက်နယ် ဆေးရုံနှစ်ရုံနှင့် ကျေးလက် ကျန်းမာရေးဌာန (၃)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၃၁)ခုရှိပါကြောင်း၊ မြို့နယ်တွင်း လိုအပ်  ချက်များ၊   ပြည်သူများတင်ပြချက်များကို စုစည်းပြီးမှ အများအားဖြင့် ကြယ်ပွင့်မပြမေးခွန်းများ မေးမြန်းဆောင်ရွက်ခဲ့ပြီး ဝန်ကြီးဌာနမှ အမြန်ဖြည့်ဆည်းဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင် ရှိပါသော်လည်း အချို့မေးခွန်းများသည် ကတိဖြစ်အဖြေများဖြစ်သော်လည်း ဖွဲ့စည်းပုံတိုးချဲ့ရေး လုပ်ငန်းများ ဖြစ်သည့်အတွက် ကြန့်ကြာနေခြင်းအပေါ် မိမိအနေဖြင့် သိရှိနားလည်သော်လည်း ပြည်သူများ သိရှိနိုင်ရန်နှင့် ပြည်သူများ၏လိုအပ်ချက်များကို အမြန်ဆောင်ရွက်ပေးနိုင်ရန်စပ်လျဉ်း၍ သိရှိလိုခြင်းဖြစ်ပါကြောင်း၊

မန်ထုံ တိုက်နယ်ဆေးရုံသည် ယခင်အစိုးရလက်ထက်တွင် ကတိဖြစ်ပြီးမှ မဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းဖြစ်ပါကြောင်း၊  မိမိတို့အစိုးရလက်ထက်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဖွဲ့စည်းခွင့် ဆောင်ရွက်ပေးမည်ဟု ဖြေထားသည့်လုပ်ငန်းဖြစ်သော်လည်း မိမိတို့သက်တမ်းငါးနှစ်တွင် ဆောင်ရွက်နိုင်ခြင်း မရှိမည်ကို စိတ်ပူမိပါကြောင်း၊ နားမော် RHC ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အဆင့်တိုးမြှင့်ပေးရန်၊ ပင်ပုံအုပ်စု၊ မန်ပင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန်၊  မန်ကပ်အုပ်စု၊ မန်ကပ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲဖွင့်လှစ်ပေးရန်၊  ကဏန်းအလန်းစား တိုက်နယ်ဆေးရုံ အဆင့်မြှင့်တင်ပေးရန်၊  ကဏန်းဒေသသည် ကဏန်းလူမျိုး ၂၄ ရွာ စုပေါင်းနေထိုင်သည့် နေရာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်နေရာ ဖြစ်သည့် အတွက် ဦးစားပေး ဆောင်ရွက် ပေးသင့်သည့်နေရာ ဖြစ်ပါကြောင်း၊ လက်ထောက်ဆရာများ အပါအဝင် လစ်လပ်ဝန်ထမ်းများ ခန့်ထားပေးရန် ဖြစ်ပါကြောင်း၊  ထို့ကြောင့် အဆောက်အဦများ၊ ဖွဲ့စည်းပုံများ၊ ဝန်ဆောင်မှုများ လွှမ်းခြုံနိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံတစ်ရုံ၊ ကျောင်နယ်၊ တိုက်နယ်ဆေးရုံ၊ မန်စီးရီးတိုက်နယ် စုစုပေါင်း ဆေးရုံ(၃)ရုံနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းအတွက် တိုက်နယ်ကျန်းမာရေးဌာနတစ်ခု၊ ကျေးလက်ကျန်းမာရေးဌာန (၆)ဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၃၄)ဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန (၁)ဌာန ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိနေပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ အသစ်တိုးချဲ့ဖွင့်လှစ်ခြင်း၊ ခုတင် အဆင့်မြှင့်တင်ခြင်းတို့အတွက် လိုအပ်သည့်အခြေခံမူများ ၂၀၁၉ ခုနှစ်မူများနှင့် ကိုက်ညီပါက ဆေးရုံများ ဖွဲ့စည်းပုံရရှိရေးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗန်းမောက် မြို့နယ်၊ မန်ထုံကျေးရွာတွင် တိုက်နယ်ဆေးရုံသစ် တစ်ရုံ ဖွင့်လှစ်ပေးနိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ၆-၆-၂၀၁၉ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန်ကြော်ငြာစာအမှတ်(၃၇/၂၀၁၉)ပါ မူဝါဒ များနှင့် စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့်အညီ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအဆိုပြုချက်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၁၆-၈-၂၀၁၉ ရက်စွဲပါ စာအမှတ်(၆၁-မခထ ၂၀၁၉/၁၃၅၈၉)ဖြင့် ဥက္ကဋ္ဌ စီမံကိန်းဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ တင်ပြဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊

အဆိုပြု ညှိနှိုင်းတင်ပြချက်အား သဘောတူညီချက်ရရှိပါလျှင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း နှင့် ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိပါက ပြည်သူလူထု၏ကျန်းမာရေးအတွက် ပိုမို စောင့်ရှောက်ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဗန်းမောက်မြို့နယ်အတွင်း ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ကျေးလက်ကျန်းမာရေးဌာနများ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဗန်းမောက်မြို့နယ် နားမော်ကျေးလက် ကျန်းမာရေးဌာန ခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ်သို့ အဆင့်တိုးမြှင့်၍ တိုးချဲ့ဖွင့်လှစ် ခွင့်ပြုခဲ့ရာ မင်းကုန်း ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ငါးရိုး ကျေးလက်ကျန်းမာရေးဌာနခွဲ၊ မန်ကပ် ကျေးလက်ကျန်းမာ ရေးဌာနခွဲ၊ မန်ပင် ကျေးလက်ကျန်းမာရေးဌာနခွဲ၊ သုံးပင် ကျေးလက်ကျန်းမာရေးဌာနခွဲ စုစုပေါင်း ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် (၅)ခု ထပ်မံ တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး လက်ရှိအခြေအနေတွင် ပျမ်းမျှအားဖြင့် ကျေးလက်ကျန်းမာရေးဌာနတစ်ခုတွင် လူဦးရေ ၁၅၉၈၅ ဦးနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲတစ်ခုလျှင် လူဦးရေ ၂၈၂၀ ဦးတို့အား ကျန်းမာရေးလွှမ်းခြုံပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်၍ ကျေးလက်ကျန်းမာရေးဌာနတစ်ခုလျှင် လူဦးရေ ၁၂၀၀၀ ဦးရေနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲတစ်ခုလျှင် လူဦး‌ရေ ၃၀၀၀ ခန့်ကို လွှမ်းခြုံရမည်ဟူသည့် အခြေခံသတ်မှတ်ချက်များနှင့် ကွာဟမှုမရှိကြောင်းကို  တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကား၊ ဆိုင်ကယ်များ ဖြင့် သွားလာနိုင်ပြီး မိုးတွင်းကာလတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြောင်းကို တင်ပြထားပါ ကြောင်း၊ ဗန်းမောက်မြို့နယ်ရှိ လူဦးရေသည် လက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများအဖြစ် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံနိုင်ပါကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တင်ပြထားပါကြောင်း၊ သို့ဖြစ်ပါ၍ ဗန်းမောက်မြို့နယ်တွင် တိုက်နယ် ဆေးရုံအသစ်တစ်ရုံ ဖွင့်လှစ်ပေးရန် စီစဉ်ထားရှိပြီး ကျန်ကျန်းမာရေးဌာနများ အဆင့်တိုးမြှင့်ခြင်း၊ အသစ်ဖွင့်လှစ်ခြင်းများကို လတ်တလောအစီအစဉ်များတွင် ပါဝင်ခြင်းမရှိသေးပါကြောင်း ပြန်လည် ဖြေကြားပါသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်