Skip to main content

 

(ဃ)-ကလေးမြို့နယ်၊ မောက်လင်းကျေးရွာအုပ်စု၊ လက်ပံချောင်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တိုက်နယ်ဆေးရုံအဆောက်အဦအား အနီးဆုံး ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ယခုမေးခွန်း မတိုင်ခင် ၂၂-၉-၂၀၁၆ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၃၈) ရက်မြောက်နေ့တွင် လက်ပံချောင်းကျေးရွာတွင် တိုက်နယ်ဆေးရုံအသစ် ဖွင့်လှစ်ခွင့်ရရှိရေးအတွက် မေးမြန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည် ဖြေကြားရာတွင် ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းပါစဉ်းစားရမည့်အချက်များကို ဖော်ပြခဲ့ပြီး တစ်ဆက်တည်းတွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် အလွန့်အလွန်အရေးကြီးသည့် ကိစ္စဖြစ်သောကြောင့် မြေပြင်အခြေအနေကို သိရှိရန်အတွက် ဗဟိုမှအဖွဲ့တစ်ဖွဲ့ကို တိုင်းဒေသကြီး ဦးစီးမှူးနှင့်တွဲပြီး အမြန်ဆုံးသွားရောက်ကြည့်ရှုမည် ဖြစ်ကြောင်း ဖွင့်ရန်ဝန်မလေးပါကြောင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသွားခဲ့ပါကြောင်း၊  ဝန်ကြီး၏ ဖြေကြားချက် အတိုင်း ဗဟိုမှအဖွဲ့တစ်ဖွဲ့နှင့် တိုင်းဒေသကြီးဦးစီးမှူးတို့ ၁၄-၅-၂၀၁၈ ရက်နေ့တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပြီးနောက် ယခုအခါတွင် ဝန်ကြီးဌာနမှ ၁၆ ခုတင် ဆံ့တိုက်နယ်ဆေးရုံတစ်ရုံကို အသစ်တိုးချဲ့ ဖွင့်လှစ်ခွင့်ပြုကြောင်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ပြီးဖြစ်ကြောင်း သိရှိရပါကြောင်း၊ တိုက်နယ်ဆေးရုံ အဆောက်အဦအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ် ဧရိယာ အကျယ်အဝန်း ၄.၁၁ ဧကရှိ မြေနေရာကို ဒေသခံကျေးရွာပြည်သူတစ်ဦးက ကျေးရွာမှ တစ်ဆင့် ကျန်းမာရေးဌာနသို့ စာချုပ်စာတမ်းနှင့် ပေးလှူခဲ့ပြီး ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့်လည်း မြေရာလွှဲပြောင်းမှုလုပ်ငန်းစဉ်များကို ဌာနလုပ်ထုံးလုပ်နည်းများနှင့် လည်းဆောင်ရွက်နေကြောင်း သိရှိရပါကြောင်း၊ သို့ပါသော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ပေးနိုင်ခြင်းမရှိသေးကြောင်းလည်း တွေ့ရှိပါသဖြင့် မိမိနှင့်ဒေသခံပြည်သူများ စိုးရိမ်ပူပန်မှုများစွာ ဖြစ်ပေါ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ မောက်လင်းအုပ်စုအတွင်း လက်ပံချောင်းကျေးရွာနှင့် အနီး တစ်ဝိုက်ရှိ ဒေသခံပြည်သူများအား အမြန်ဆုံးကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ပါရန် တိုက်နယ် ဆေးရုံအဆောက်အဦအား အနီးဆုံးဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်းပါသည်။


 

 

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် မောက်လင်းကျေးရွာအုပ်စု၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ လက်ပံချောင်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများအား အမြန်ဆုံးကျန်းမာရေး စောင့်ရှောက်မှုပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ ၏အစည်းအဝေး ၂၀၁၉/၄(၂၅) အမှတ်စဉ်ဖြင့် ဆုံးဖြတ်ချက် ၂၀၁၉/၈ အရ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှစ၍ ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိခဲ့သော လက်ပံချောင်းတိုက်နယ်ဆေးရုံအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစတင်၍ စံကိုက်အဆောက်အဦ ဆောက်လုပ်ပေးရန် စီမံကိန်းအစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်