Skip to main content

 

(က)-မြန်မာ့လျှပ်စစ်ဓာတ်အားကို မည်သည့်အချိန်တွင် မြဝတီမြို့သို ပေးနိုင်မည်နည်း၊ ကျေးလက်တောရွာ များအတွက် ကျေးလက်သုံးမီတာများ ဖြန့်ဝေပေးနိုင်ခြင်းရှိ/မရှိနှင့် မြို့ကြီးသုံးမီတာများ(Digital Meters) လုံလောက်စွာဖြန့်ဖြူးပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မြဝတီမြို့တွင် လျှပ်စစ်ဓာတ်အားကို ၁၉၉၆ ခုနှစ်က စပြီး ထိုင်းနိုင်ငံမှ ဝယ်ယူသုံးစွဲရသည်မှာ ယနေ့တိုင် ဖြစ်ပါကြောင်း၊ နှစ်ပေါင်း ၂၃ နှစ် ရှိပြီဖြစ်ကြောင်း၊ နိုင်ငံတော် ဓာတ်အားစနစ်မှ မြဝတီမြို့သို့ ဓာတ်အားဖြန့်ဖြူးနိုင်ရန် ၂၃၀/၆၆/၁၁ ကေဗွီ မြဝတီ ဓာတ်အားခွဲရုံကို ၁၉-၃-၂၀၁၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ မြန်မာ့လျှပ်စစ်ဓာတ်အားကို သုံးစွဲရမည်ဖြစ်သည့်အတွက် ပြည်သူ များ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပါကြောင်း၊ မြဝတီမြို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဖြန့်ဖြူး ပေးရန် ဆောင်ရွက်မည့် အစီအစဉ်ကို ၂၆-၃-၂၀၁၉ ရက်နေ့တွင် မြဝတီမြို့၊ ကရင်ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာမှူးကြီးက ရှင်းလင်းတင်ပြရာတွင် သုံးလအကြာ၌ မြဝတီမြို့ကိုပေးနိုင်မည် ဖြစ် ကြောင်း ရှင်းလင်းတင်ပြခဲ့ပါကြောင်း၊ ထိုင်းလျှပ်စစ်သည် ၂၂ ကေဗွီ ထရန်စဖော်မာများကို သုံးပြီး မြန်မာလျှပ်စစ်သည် ၁၁ ကေဗွီ ထရန်စဖော်မာများကို အသုံးပြုပါကြောင်း၊ ထို့ကြောင့် မြဝတီတွင် ထရန်စဖော်မာ အလုံးပေါင်း ၈၀ ကျော် လဲလှယ်ရမည် ဖြစ်ပါကြောင်း၊ ထရန်စဖော်များ လဲလှယ်မှုကို သုံးလခန့်ကြာမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ထရန်စဖော်မာ လဲလှယ်ရာတွင် လိုအပ်ပါက ဘားအံ၊ ကော့ကရိတ်မှ ဝန်ထမ်းများကိုခေါ်ပြီး လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုင်းလျှပ်စစ်အတွက် တစ်ယူနစ်ကို လေးဘတ် ပြား ၂၀ ပေးရကြောင်း၊ မြန်မာ့လျှပ်စစ် မြဝတီမြို့ကို ပေးမည်ဖြစ်သည့် အတွက် ထိုင်းလျှပ်စစ်ကို ဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီက တစ်ယူနစ်ကို လေးဘတ် ပြား ၂၀ မှ လုပ်ငန်းသုံးဟု အကြောင်းပြပြီး ခြောက်ဘတ်အထိ မေလကစပြီး ဈေးတက်ကောက်ခံခဲ့ပါကြောင်း၊ လျှပ်စစ်သုံးစွဲသူ ပြည်သူများကျေနပ်မှု မရှိပါကြောင်း၊ မြန်မာ့လျှပ်စစ် မြဝတီသို့ ယနေ့အားလုံး မရောက်သေးကြောင်း၊ သတ်မှတ်ချိန် မပြီးခြင်းသည် ရိုးသားမှု ရှိရဲ့လား၊ အချိန်ဆွဲနေခြင်းလား ဟု ပြည်သူများက သံသယဝင်နေကြကြောင်းကို ပြောကြပါကြောင်း၊ ယခုသတ်မှတ်ချိန်ထက် ခြောက်လ နောက်ကျနေပါပြီဖြစ်ကြောင်း၊ လျှပ်စစ်မရသေးကြောင်း၊ မြဝတီမြို့ဟာ တစ်လလျှင် ယူနစ် လေး သန်းကျော် သုံးစွဲနေကြောင်း၊ တစ်လလျှင် ဘတ် ၁၄၅၅၈၀၀၀ ကျော်၊ မြန်မာကျပ်ငွေဖြင့် သန်းပေါင်း ၇၂၄ သန်း ထိုင်းနိုင်ငံကို ပေးချေနေရပါကြောင်း၊ မြန်မာ့လျှပ်စစ် အပြည့်အဝပေးနိုင်မည်ဆိုပါက ထိုင်းနိုင်ငံခြားငွေ သက်သာလာမည် ဖြစ်ပါကြောင်း၊

လွှတ်တော် အစည်းအဝေးရပ်နားစဉ် မဲဆန္ဒရှင်များနှင့် တွေ့ဆုံပွဲများတွင် ကျေးလက်သို့ မီတာများကို ငွေကြေးအင်အား နည်းပါးသူများက ဝယ်ယူတပ်ဆင်နိုင်ရေးကို တင်ပြလာကြပါကြောင်း၊ မြို့ကြီးသုံး လျှပ်စစ်မီတာလျှောက်ထားရာတွင် မီတာအကန့်အသတ် ရှိကြောင်း မီးသုံးစွဲသူများက တင်ပြကြ ပါကြောင်း၊ သို့ဖြစ်ပါ၍ (က) မြန်မာ့လျှပ်စစ်ဓာတ်အားကို မည်သည့်အချိန်တွင် မြဝတီမြို့ တစ်မြို့ လုံးသို့ ပေးနိုင်မည်နည်း၊ (ခ) ကျေးလက်တောရွာများအတွက် ကျေးလက်သုံးမီတာများကို ဖြန့်ဝေ ပေးနိုင်ခြင်း ရှိ/မရှိနှင့် (ဂ) မြို့ကြီးသုံး Digital Meters များ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ခြင်း ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။


 

မြဝတီမြို့တွင် ထိုင်းနိုင်ငံမှ ၂၂ ကေဗွီဓာတ်အားလိုင်းကို ရယူပြီး ၂၂/၀.၄ ကေဗွီ အများပြည်သူသုံး ထရန်စဖော်မာ ၄၅ လုံးနှင့် ပုဂ္ဂလိကပိုင် ထရန်စဖော်မာ ၇၆ လုံးတို့နှင့် ဓာတ်အား ဖြန့်ဖြူး အသုံးပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဓာတ်အားစနစ်မှ မြဝတီကို ၁၉-၃-၂၀၁၉ ရက်နေ့တွင် ရောက်ရှိဖွင့်ပွဲ ပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏ ဓာတ်အားစနစ်တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း စနစ်ကို အသုံးပြုသည့်အတွက် ၂၂ ကေဗွီသုံး ထရန်စဖော်မာ ၄၅ လုံးနှင့် နောက်ထပ် ထပ်မံဖြည့်စွက် ၂၈ လုံးကို နိုင်ငံတော်အစီအစဉ်ဖြင့် လဲလှယ်တပ်ဆင်ပေးမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကပိုင် ထရန်စဖော်မာများကို ပိုင်ရှင်များ၏ အစီအစဉ်ဖြင့် လဲလှယ်စေမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသည် မြဝတီမြို့၊ သင်္ကန်းညီနောင်အပိုင်းရှိ အစားထိုး လဲလှယ်တည်ဆောက်ပြီးသည့် အများပြည်သူသုံး ထရန်စဖော်မာ ၁၁ လုံးနှင့် ပုဂ္ဂလိကပိုင် ထရန်စဖော်မာ လေးလုံးတို့ဖြင့် သင်္ကန်းညီနောင်ကျေးရွာ၊ ဝှေ့ရှမ်းကျေးရွာ၊ မဲ့ပလဲ့ကျေးရွာ၊ ဇရပ်ဖြူကုန်းကျေးရွာ၊ မဲကနယ်ကျေးရွာ၊ ဖားချောင်းကျေးရွာ၊ အေးသုခကျေးရွာ၊ ရွာသစ်ကျေးရွာတို့ရှိ မီးသုံးသူ စုစုပေါင်း ၂၁၃၈ ဦးတို့ကို ၁၃-၇-၂၀၁၉ ရက်နေ့ တွင်လည်းကောင်း၊ မြဝတီမြို့တွင်း အစားထိုးလဲလှယ်ပြီးသည့် အများပြည်သူသုံး ထရန်စဖော်မာ သုံးလုံး၏ ဓာတ်အားပေးဧရိယာအတွင်းရှိသည့် မီးသုံးသူ ၃၃၉ ဦး တို့ကို ၁-၉-၂၀၁၉ ရက်နေ့တွင် လည်းကောင်း၊ စုစုပေါင်း မီးသုံးသူ ၂၄၇၇ ဦးတို့အား မြန်မာနိုင်ငံဓာတ်အားစနစ် (National Grid) ဖြင့် ဓာတ်အား ဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်ပါကြောင်း၊

မြဝတီမြို့နယ်အတွင်း ကျန်ရှိသည့် ဧရိယာများကို  နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဆက်လက် ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်းများ၊ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများ ချဲ့တည်ဆောက်ခြင်း၊ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများဖြင့် ပြောင်းလဲတပ်ဆင်ခြင်း လုပ်ငန်းများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထရန်စဖော်မာများ ပံ့ပိုး၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ၁၁/၀.၄ ကေဗွီ ထရန်ဖော်မာများ လဲလှယ် ပြီးစီးသည့် အပိုင်းအလိုက် တစ်ဆင့်ချင်း နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ပြောင်းလဲ ဓာတ်အားပေးရန် ဆောင်ရွက်လျက်ရှိပြီး၊ မြဝတီတစ်မြို့လုံးကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် မိမိတို့နိုင်ငံ၏ ဓာတ်အားစနစ်ဖြင့် ပြောင်းလဲဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ကျေးလက်သုံး၊ မြို့ငယ်သုံးနှင့် မြို့ကြီးသုံး မီတာများအား တင်ဒါ ခေါ်ယူပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဝေပေးလျက်ရှိရာ  ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစ၍  စက်တင်ဘာလအထိ ကရင်ပြည်နယ်အတွက် ကျေးလက်သုံးမီတာ ၁၄၂၅၀ လုံး၊ မြို့ငယ်သုံးမီတာ ၁၁၂၀၀ လုံး၊ မြို့ကြီးသုံးမီတာ ၁၅၃၀၀ လုံး စုစုပေါင်း အိမ်သုံးမီတာ ၄၀၇၅၀ လုံး ထုတ်ဝေ ပေးထားပြီး ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတွင် တပ်ဆင်ရန် မီတာ လက်ကျန် အလုံအလောက် ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ မြဝတီမြို့နယ်အတွင်း မီတာ ၂၄၇၇ လုံး တပ်ဆင်ပြီး နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အား​ပေး နေပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ထပ်မံတိုးတက် ဓာတ်အား ဖြန့်ဖြူးပေးမည့် နေရာများအတွက် ကျေးလက်သုံး မီတာများ၊ မြို့ငယ်သုံး မီတာများနှင့် မြို့ကြီးသုံး မီတာများအား မီးသုံးစွဲသူ ပြည်သူများ၏ ဆန္ဒအတိုင်းရွေးချယ်၍ လျှောက်ထားသည့်အတိုင်း လုံလောက်စွာ တပ်ဆင်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဦးစိန်ဗိုလ်(မြဝတီမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မြဝတီမြို့ကို ဓာတ်အားပေးရန်အတွက် စီမံချက်သည် မြဝတီ ဓာတ်အားခွဲရုံ ဖွင့်လှစ်ပြီးသည့်နောက် သုံးလအကြာတွင် ဓာတ်အားပေးရန် စီမံချက်ကို ရှင်းလင်းတင်ပြခဲ့ပါကြောင်း၊ နောက်ထပ် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြီးသည့်နောက်ပိုင်း မိမိ မြဝတီရောက်ခဲ့သည့်အချိန်တွင် မိမိကို လျှပ်စစ်ဌာနမှ တင်ပြထားခြင်း ရှိပါကြောင်း၊ ၎င်းတို့သည် Plan(A) (B) (C) မှ Plan(G) အထိ ရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ Plan(G) သည် နောက်ဆုံး ၎င်းတို့ စီမံချက်အရ သတ္တမအဆင့်ကို ၅-၁၂-၂၀၁၉ ရက်နေ့တွင် ပြီးမည်ဟု မိမိကို တင်ပြပါကြောင်း၊ သို့သော် အခုအချိန်ထိ Plan(B) သာ ပြီးသည်ကို တွေ့နေရကြောင်း၊ ထို့ကြောင့် ထရန်စဖော်မာ တပ်ဆင်မည့်အချိန်နှင့် တွက်မည်ဆိုပါက တစ်နေ့ကို ထရန်စဖော်မာ တစ်လုံး တပ်ဆင်၍မပြီးကြောင်း၊ သို့သော် ပုဂ္ဂလိက ဓာတ်အားပေးသည့် ကုမ္ပဏီသည် လေးဘတ် ပြား ၂၀ မှ ခြောက်ဘတ် အထိ တက်သွားသည့်အတွက် တစ်လ၊ တစ်လကို ဘတ်သန်းနှင့် ချီပြီး လူထုက ကုန်ကျနေပါကြောင်း၊ ထို့ကြောင့် မြဝတီမြို့ ဓာတ်အားပေးသည့် စနစ်ကို မည်သည့် အချိန်တွင် ပြီးစီးမည်ဆိုသည်ကို တိတိကျကျ သိလိုပါကြောင်း မေးမြန်းပါသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

ကိုယ်စားလှယ်တော်ကြီး၏ မေးမြန်းချက်အပေါ်တွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပိုမိုတိကျသည့် အဖြေကို ပြန်လည်ဖြေကြားသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း