Skip to main content

(င)သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေး စနစ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသော တောင်ပေါ်နေ တိုင်းရင်းသား ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်စေနိုင်မည့် အမျိုးသားအဆင့် စီမံကိန်းများရေး ဆွဲထားခြင်း ရှိ/မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

 

ယနေ့ ကမ္ဘာကြီးသည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် နှစ်စဉ်အပူချိန် မြင့်တက်ပြီး ဝန်ရိုးစွန်းမှ ရေခဲများ အလျင်အမြန် ပျော်နေကြောင်း၊ အထူးဒေသများတွင် မိုးများပြီး လေပြင်းမုန်တိုင်းကျပြီး ရေဘေးအန္တရာယ် ကြုံနေရကြောင်း၊ အချို့ဒေသတွင် မိုးခေါင်ရေရှားပြီး စိုက်ပျိုးရေးအတွက် ရေအခက်အခဲဖြစ်နေပြီး နောင်စားနပ်ရိက္ခာ ရှားပါးကြုံတွေ့လာနိုင်ကြောင်း ပညာရှင်များမှ အသိပေး နှိုးဆော်နေခြင်းကို ကြားသိနေရပါကြောင်း၊ ထိုသို့ ရာသီဥတု အလျင်အမြန် ပြောင်းလဲဖောက်ပြန်လာရခြင်း၏ အဓိကအကြောင်းအရင်းသည် မိမိတို့ ပတ်ဝန်းကျင်ရှိ သဘာဝသစ်တောများ အလျင်အမြန် ပျက်စီးသွားခြင်းသည် အဓိကအကြောင်းအရင်းဖြစ်သည်ကို သိရှိရပါကြောင်း ထိုသို့ပျက်စီးသွားရခြင်းသည် သဘာဝကြောင့် မဟုတ်ဘဲ မိမိတို့ လူသားများ မဆင်မခြင် လုပ်ဆောင်မှု၏ သက်ရောက်မှုဖြစ်သည်ကို သိရှိရပါကြောင်း၊ ကိုယ်ကျိုးစီးပွားအတွက် သစ်ပင်များ မတန်တဆ ခုတ်လှဲရောင်းဝယ်ခြင်း၊ တွင်းထွက် သယံဇာတများကို စက်ယန္တရားကြီးများဖြင့် ထုတ်ဖော်ခြင်းများသည် သဘာဝပတ်ဝန်းကျင် ပျက်စီးစေပြီး ဂေဟစနစ်များ ပျက်ယွင်းပြီး ရာသီဥတု ဖောက်ပြန်ရခြင်း၏ အကြောင်းအရာများ ဖြစ်ပါကြောင်း၊ ထို့အတူ လူသားများ အသက်ရှင်သန်ရေးအတွက် လုပ်ဆောင်နိုင်သော ရွှေ့ပြောင်း တောင်ယာ စိုက်ပျိုးရေးစနစ်အကြောင်းကို သစ်တောများ ဆုံးရှုံးပျက်စီးစေသည့် အကြောင်းအရာ များ ဖြစ်ပါကြောင်း၊

တောင်ပေါ်ဒေသများတွင် လယ်ယာမြေ ဖော်ထုတ်ရန် မြေပြန့်နည်းပါးခြင်း၊ မြေပြန့်ရှိသော်လည်း ရေရရှိရေးအတွက် မိမိတို့၏ လုပ်အားငွေကြေးအရင်းအနှီးဖြင့် မစိုက်ထုတ်နိုင်ခြင်း၊ အသိပညာ နည်းပါးခြင်းတို့ကြောင့် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ်ကိုသာ အလွယ်တကူ လုပ်ဆောင်နေကြရပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ်သည် မိမိတို့ စိုက်ပျိုးလိုသောသည့် နေရာရှိ သစ်ပင်၊ ဝါးပင်များကို အပြောင်ခုတ်ထွင် ရှင်းလင်းပြီး နေလှန်းပြီး ခြောက်သည့်အချိန် မီးရှို့ စိုက်ပျိုးရသည့် စနစ်ဖြစ်ပါကြောင်း၊ မီးရှို့သည့်အချိန်တွင် မိမိတို့စိုက်ပျိုးရန် ခုတ်ထားသည့် နေရာသာမက တောမီးများ ကူးစက်ပြီး ဧကပေါင်းမြောက်မြားစွာ လောင်ကျွမ်းပြီး သစ်ပင်၊ ဝါးပင်၊ တိရစ္ဆာန်များ သေကြေပျက်စီးစေပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေခဲ့ပါကြောင်း၊ သယံဇာတ ထုတ်လုပ်မှုတွင်လည်း စက်စွမ်းအင် အလွန်တရာကြီးမားသည့် ယန္တရားများဖြင့် လုပ်ဆောင်နေခြင်းကြောင့် သစ်ပင်၊ ဝါးပင်၊ တောင်ကုန်းများ နေ့ချင်းညချင်း ပျောက်ပျက်ကာ ကန္တာရကဲ့သို့ ပြောင်းသွားသည်ကို ဖားကန့်ဒေသ၊ ရွှေမှော်ဒေသများတွင် လက်တွေ့မြင်နေရပါကြောင်း၊

သို့ဖြစ်ပါ၍ လယ်ယာမြေဖော် ထုတ်လို့ရသည့် နေရာတွင် လယ်ယာမြေ ဖော်ထုတ်ပေးခြင်း၊ ဒေသနှင့် သင့်လျော်သည့် သီးနှံစိုက်ပျိုးပင်များ စိုက်ပျိုးရေးအတွက် နည်းပညာ၊ ငွေကြေး၊ မျိုးကောင်း မျိုးသန့်ပျိုးပင်များ ထောက်ပံ့ပေးခြင်း၊ ဈေးကွက် ဖန်တီးပေးခြင်းများ ပြုလုပ်ပေးပြီး ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးခြင်းကို ပပျောက်စေရန် စီမံကိန်းများ ရေးဆွဲဆောင်ရွက်ပေးသင့်ပြီး နိုင်ငံသား တောင်ပေါ်သားများ၏ လူနေမှုဘဝကို မြှင့်တင်ပေးရန် လိုအပ်နေကြောင်း၊

မိမိတို့ မြို့နယ်၏ နှစ် ၃၀ အတွင်း မြစ်၊ ချောင်း၊ အင်းအိုင်များ ခန်းခြောက်လာသည်ကိုလည်း မျက်မြင် ကြုံတွေ့နေရပါကြောင်း၊ သစ်ပင်၊ သစ်တောများ ခုတ်ထွင်ရှင်းလင်းလိုက်သဖြင့် ရေဝေရေလဲ ဧရိယာများ လျော့နည်းလာပြီး မြစ်၊ ချောင်းများ ယခင်စီးဆင်းမှု၏ သုံးပုံနှစ်ပုံခန့်သာ စီးဆင်းနေမှုကို မျက်မြင်ကြုံတွေ့နေရပါကြောင်း၊ တချို့အင်းအိုင်များ လုံးဝခန်းခြောက်သွားသည်ကို တွေရှိနေပါကြောင်း၊ သဘာဝသစ်တောများ ပျက်စီးပြီး ရာသီဥတု ဖောက်ပြန်လာသလို ရာသီဥတု ဖောက်ပြန်မှုကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးရသည့် အဆိုးသံသရာ လည်နေပြီ ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ အဆိုးသံသရာ လည်နေမှုကို ကြိုတင်ကာကွယ် မတားဆီးနိုင်ပါက အမြဲတမ်း စိမ်းလန်း စိုပြည်နေသော၊ နေထိုးလို့ မဝင်သော ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ အမြဲစိမ်း သစ်တော၏ အကျိုးစီးပွားကို နောင်လာနောက်သားများ ခံစားနိုင်တော့မည် မဟုတ်ဘဲ တေးသီချင်းနှင့် ဝတ္ထု၊ ကဗျာစာပေများတွင်သာ ကျန်ရှိနေတော့မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သဘာဝပတ်ဝန်းကျင် သစ်တောထိန်းသိမ်းရာရောက်သည့် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ် ပပျောက်စေပြီး ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော တောင်ပေါ်ဒေသနေ တိုင်းရင်းသားပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်စေနိုင်မည့် အမျိုးသားအဆင့် စီမံကိန်းရေးဆွဲ ထားခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း  သစ်တော ပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာကွယ်နိုင်ရန်အတွက် သစ်တောစိုက်ခင်း တည်ထောင်ခြင်း အပါအဝင် သစ်တော ပြုစုထိန်းသိမ်းရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေးနှင့် ရာသီဥတု ပြောင်းလဲမှု လျော့ကျရေးဆိုင်ရာ နိုင်ငံတကာ ကတိကဝတ်များကို ဖြည့်ဆည်းနိုင်ဖို့အတွက် မြန်မာနိုင်ငံတွင် သစ်တောများ ပြန်လည်ထူထောင်ရေး စီမံကိန်းကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ ၁၀ နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊

၎င်းစီမံကိန်းတွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် တောင်ပေါ်နေ တိုင်းရင်းသားပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ပေးနိုင်စေမည့် သီးနှံ သစ်တော ရောနှောစိုက်ပျိုးခြင်းကို ဧက ၁၆၇၀၀ ကျော်နှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်းကို ဧက ၇၇၀၃၀၀ ကျော် အကောင်အထည်ဖော် ဆောင်ရွက် သွားရန် လျာထားချက် ရေးဆွဲ စီမံထားရှိပြီး ဖြစ်ပါကြောင်း၊

ကချင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ် ဩဂုတ်လ ကုန်အထိ ဧက ၄၀၀ ကျော်ကို အကောင်အထည် ဖော်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်းကို ၁၉၉၅ ခုနှစ်မှစပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၉ ခုနှစ် ဩဂုတ်လကုန်အထိ အိမ်ထောင်စုပေါင်း ၃၄၀၀ ပါဝင်သည့် အသုံးပြုသူများ အစုအဖွဲ့ ၆၃ ဖွဲ့ထံ ကို  သစ်တောဧရိယာ ၂၇၇၀၀ ကျော်အား ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောအဖြစ် နှစ် ၃၀ စီမံအုပ်ချုပ်လုပ်ပိုင်ခွင့် ပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊

ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသည့် တောင်ပေါ်နေ တိုင်းရင်းသားပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်နိုင်ရန် Asia Pacific Network for Sustainable Forest Management and Forest Rehabilitation-APFNet နှင့် သစ်တောဦးစီးဌာန၊ သစ်တော သုတေသနဌာနတို့ ပူးပေါင်းပြီး ထာဝစဉ်တည်တံ့သည့် သစ်တော ပြန်လည်ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် ဂေဟစနစ် လုံခြုံရေးအတွက် အရှေ့တောင်အာရှ တောင်ပေါ်သစ်တော ထိန်းသိမ်းရေး စီမံကိန်းကို ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချို မြို့နယ်၊ ညောင်ထောက်ကျေးရွာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊

ထို့ပြင် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်တွင် ဘက်စုံရေဝေရေလဲ ဒေသများ စီမံအုပ်ချုပ်ခြင်း သရုပ်ပြ စီမံကိန်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ရာသီသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရန်၊ မျိုးစေ့ရရှိရန် ကူညီပံ့ပိုးခြင်းနှင့် လိုအပ်သည့် နည်းပညာ ပံ့ပိုးကူညီခြင်း၊ ဈေးကွက်ဝင်သစ် မဟုတ်သည့် သစ်တောထွက် ပစ္စည်းများနှင့် ရေမြေ ထိန်းသိမ်းခြင်းကို ကာကွယ်နိုင်မည့် သစ်ပင်/နှစ်ရှည်ပင်များ စိုက်ပျိုးခြင်းကို တိုင်းရင်းသား ပြည်သူများနှင့် ပူးပေါင်းပြီး သရုပ်ပြ အကောင်အထည်ဖော်ခြင်း အပါအဝင် ဈေးကွက်နှင့် ချိတ်ဆက်ပေးမှု၊ တန်ဖိုးမြှင့် ရောင်းချနိုင်ရေး စွမ်းဆောင်ရည်မြှင့်တင်ပေးမှု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာနသည် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် တောင်ပေါ်နေ တိုင်းရင်းသားတို့ကနေ မီးမရှို့ဘဲရွှေ့ ပြောင်းရန် မလိုသည့် စိုက်ပျိုးနည်းစနစ်များကို ပညာပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ တောင်ယာကွက်ကို ခုတ်ပြီးသော်လည်းကောင်း၊ သီးနှံပင် အဟောင်းများကို ခုတ်ရှင်းလင်းပြီးလျှင် သော်လည်းကောင်း၊ မီးမရှို့ဘဲနှင့် မြေပြင်ပေါ်အနှံ့ ဖုံးအုပ်ပေးခြင်း၊ မြေကြီးကို ထယ်ထိုး၊ ထွန်မွှေခြင်းများ မပြုလုပ်ဘဲ စိုက်မည့် နေရာတွင်သာ စိုက်ကြောင်းဖော် စိုက်ပျိုးစေခြင်း၊ စူးထိုးစိုက်ပျိုးခြင်း၊ သီးနှံတစ်မျိုးတည်း မစိုက်ပျိုးဘဲ  သီညှပ်စိုက်ပျိုးခြင်း စသည့်  သီးနှံစုံရောနှော စိုက်ပျိုးခြင်းနှင့် သီးနှံအလှည့်ကျ စိုက်ပျိုးခြင်း စသည့် စိုက်ပျိုး နည်းစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးနိုင်ရေးအတွက် နည်းပညာပေး ဆွေးနွေးပွဲများနှင့်အတူ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊

မိမိတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုး ဖွံ့ဖြိုးတိုးတက်မှု ငွေကြေးရန်ပုံငွေအဖွဲ့ (International Fund for Agricultural Development-IFAD)တို့နှင့် ပူးပေါင်းပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Focal အဖြစ် တာဝန်ယူ ဆောင်ရွက်မည့် အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Western States Agribusiness Project-WSAP)မှ စီမံကိန်းကာလကို ၂၀၁၉-၂၀၂၀ ခုနှစ်မှ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်သည့်အချိန်တွင် ခေတ်မီတောင်စောင်း စိုက်ပျိုးနည်းစနစ်ကို ချင်းပြည်နယ်၊ မင်းတပ်နှင့် ကန်ပက်လက်မြို့တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

အလားတူ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ပင်မပြုအကောင်အထည် ဖော်ဆောင်ရွက်မည့် အရှေ့ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖြင့် စီမံကိန်းကာလ ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ခေတ်မီတောင်စောင်း စိုက်ပျိုးနည်းစနစ်ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

         

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်