(ဆ)ပခုက္ကူမြို့နယ်၊ ဦးပိုင်တောင်သူ ၁၅ ဦး၏ မြေဧရိယာ အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မူလတောင်သူများအား ပြန်လည်စွန့်လွှတ်၍နစ်နာသော မူလတောင်သူများအား တရားသဖြင့် ပြန်လည်စွန့်လွှတ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း | Pyithu Hluttaw Skip to main content

(ဆ)ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၄၄)၊ မကျီးသမျှားတောင်၊ ဦးပိုင် တောင်သူ ၁၅ ဦး၏ မြေဧရိယာ ၃၈.၆၄ အား မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မူလတောင်သူ များအား ပြန်လည်စွန့်လွှတ်၍ ယာယီစိုက်ပျိုးလုပ်ကိုင်ခွင့် ပုံစံ(၃)ထုတ်ပေးနိုင်ရေး ဆောင်ရွက် နေစဉ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးမူဝါဒအတိုင်း နစ်နာသော မူလတောင်သူများအား တရားသဖြင့် ပြန်လည်စွန့်လွှတ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

သိမ်းဆည်းခံ လယ်ယာမြေများနှင့်ပတ်သက်ပြီး မေးမြန်းမည် ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၄၄)၊ မကျီးသမျှားတောင်၊ ဦးပိုင်တောင်သူ ၁၅ ဦး၏ မြေဧရိယာ ၃၈.၆၄ ဧကကို ၁၉၉၁ ခုနှစ် အမှတ်(၁၀၁) ခြေမြန်တပ်မ ဌာနချုပ်မှ တပ်ရင်းတပ်ဖွဲ့ တိုးချဲ့ရန် ဆိုပြီး သိမ်းဆည်းခဲ့ပါကြောင်း၊ နှစ်ပေါင်း ၂၀ ကျော်၊ ၂၈ နှစ်ခန့် ရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သိမ်းဆည်းစဉ်က တပ်ရင်းတပ်ဖွဲ့များအတွက် သိမ်းခဲ့ကြောင်း၊ စီမံကိန်းများလည်း ဆောင်ရွက်ပါကြောင်း၊ မိမိတင်ပြသည့် မြေဧရိယာ ၃၈.၆၄ ဧကသည် ရထားလမ်း၊ ကားလမ်းများနှင့် ကြားထဲတွင် ခံထားပါကြောင်း၊ သိမ်းဆည်းခံမြေများနှင့် တစ်ဆက်တစ်စပ်တည်း မရှိတော့ကြောင်း၊ ထို့ကြောင့် တောင်သူများ တင်ပြလာသည့်အတွက် ဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊

 စွန့်လွှတ်မြေများကို နိုင်ငံတော်သို့ အပ်နှံခြင်းဖြစ်ပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ၃၈.၆၄ ဧကအား တိုင်းဒေသကြီးအစိုးရသို့ စွန့်လွတ်မည် စာအမှတ်၊ ၇/၅၀၀ ဖြင့် ၁-၁၁-၂၀၁၇ ခုနှစ်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံမှု ဗဟိုကော်မတီကို တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ စွန့်လွှတ်ခဲ့သည့် မြေများကို ပခုက္ကူခရိုင် အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တပ်မပုဂ္ဂိုလ်များက ပြန်လည်အပ်နှံခြင်း ဖြစ်ပါကြောင်း၊ အပ်နှံပြီးသည့်အချိန်တွင် နိုင်ငံတော်မြေအဖြစ်ဖြင့် State Land အဖြစ် ကြေညာချက် ဖြစ်ပါကြောင်း၊ တပ်မှ သိမ်းဆည်းထားသည့် မြေဖြစ်ပါကြောင်း၊ ၎င်းဖြစ်စဉ်တွင် တိုင်းဒေသကြီးအစိုးရမှ ညွှန်ကြားသည့်အတွက် အခင်းဖြစ်နေသည့် ဖြစ်စဉ်ကို ညှိနှိုင်းဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့ကြောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ သိမ်းဆည်းထားသည့် မြေများ စွန့်လွှတ်ပြီးမှ ၎င်းမြေထဲတွင် အဆောက်အဦများ ဝင်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို ကာကွယ်ရေးဝန်ကြီးဌာနမှ သိမ်းဆည်းထားသည့် မြေများကို ပြန်အပ်သည့်အချိန်တွင် ပြန်လည်အပ်နှံထားသည့် ၃၈.၆၄ ဧကအတွင်းတွင် အဖွဲ့အစည်းတစ်ခုမှ အဆောက်အဦ‌များ ဝင်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အပ်နှံထားသည့် မြေများတွင် နှစ်ပေါင်း ၂၈ နှစ်‌ ကျော်ကျော် တောင်သူများသည် မိမိမြေကို မရရှိခဲ့ကြောင်း၊ ထို့ကြောင့် တောင်သူများမှ ၎င်းအပ်နှံထားသည့် မြေများကို၊ စွန့်လွှတ်ထားသည့် မြေများကို မူလပိုင်ရှင်သို့ ပြန်လည် ရရှိရန် တင်ပြလာသည့်အတွက် မေးမြန်းပါသည်။


 

မကွေးတိုင်းဒေသကြီး အစိုးအရအဖွဲ့၏ ဖြေကြားချက်အရ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁၀၁)၊ ခြေမြန်တပ်မဌာနချုပ် အနေဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မခုက္ကူမြို့နယ်၊ ချောက်ကန် ကျေးရွာအုပ်စု ကွင်းအမှတ်(၃၄၄) မကျီးသမျှားတောင်ရှိ မြေဧရိယာ ၃၈.၆၄ ဧကကို မကွေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ကို လွှဲပြောင်းပေးရန် စွန့်လွှတ်မြေဖြစ်သည့်အလျောက် နိုင်ငံတော်ကို ပြန်လည်အပ်နှံခွင့်ပြုရန် ကာကွယ်ရေး ဝန်ကြီးဌာနမှ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို တင်ပြခဲ့ပါကြောင်း၊ ဗဟိုကော်မတီ၏ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် နေ့စွဲနှင့် နိုင်ငံတော်ကို ပြန်လည်အပ်နှံခွင့်ပြုကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကို အကြောင်းကြားခဲ့ကြောင်း၊

အဆိုပါမြေကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် ရက်စွဲနှင့် နိုင်ငံတော်ပိုင်မြေ (State Land) အဖြစ် သတ်မှတ်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁၀၁) ခြေမြန်တပ်မ ဌာနချုပ်က အသုံးပြုရန် မရှိသည့် မြေလွတ်ဧရိယာ ၃၈.၆၄ ဧကကို ပခုက္ကူ ခရိုင်ကော်လိတ္တော်အရာရှိ (ခရိုင်အုပ်ချုပ်ရေး)မှူးထံကို လွှဲပြောင်း ပေးအပ်လက်ခံ ဆောင်ရွက်ခဲ့ကြကြောင်း၊ လွှဲပြောင်းလက်ခံပြီးသည့် နောက်ပိုင်း မူလတောင်သူ(၁၅)ဦးထံ ပြန်လည်လွှဲပြောင်းပေးရန်အတွက် ဆောင်ရွက်သည့်အချိန်တွင် အမှတ်(၁၀၁) ခြေမြန်တပ် မဌာနချုပ် ယခုတင်ပြသူ တောင်သူများနှင့် ခရိုင်/မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း  ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီတို့ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ခဲ့ သော်လည်း ပြေလည်မှု မရရှိခဲ့ပါကြောင်း၊

အဆိုပါ စွန့်လွှတ်မြေပေါ်တွင် ပခုက္ကူမြို့ စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်ရန် တပ်ပိုင်မြေနေရာ သတ်မှတ်ခွင့် ရရှိရေး အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တင်ပြမှုရှိခဲ့ပါကြောင်း၊ ၎င်းနှင့်စပ်လျဉ်းပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၄၇/၂၀၁၈) ဆုံးဖြတ်ချက်အရ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီသို့ ကျိုးကြောင်း တင်ပြခဲ့ပါကြောင်း၊ ယင်းသို့ တင်ပြဆဲ ကာလတွင် ဆက်လက်အရေးယူ ဆောင်ရွက်ခြင်း မပြုဘဲ ဆိုင်းငံ့ထားရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတောင်ပိုင် မြေအဖြစ် ပြန်လည်စွန့်လွှတ်ထားသည့် အဆိုပါ မြေဧရိယာ ၃၈.၆၄ ဧကပေါ်တွင် အမှတ်(၁၀၁) ခြေမြန် တပ်မဌာနချုပ်မှ ထွန်စက်များနှင့် မြေပြုပြင်ခြင်း၊ အလံစိုက်ထူခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်းများ ပြုလုပ်နေသည့်အတွက် ဦးထွန်းလွင်ပါ တောင်သူ ၁၁ ဦးမှ တိုင်ကြားမှု ရှိပါကြောင်း၊ အဆိုပါ ကိစ္စအပေါ် ပခုက္ကူမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူး ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိမှုများအရ အထက်ဌာနအဆင့်ဆင့်ကို တင်ပြထားသည့် အခြေအနေ ဖြစ်ပါကြောင်း၊ အဆိုပါ တင်ပြထားဆဲ ကိစ္စဖြစ်သည့်အတွက် မူလတောင်သူနှင့် အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်မှ တာဝန်ရှိသူတို့အနေဖြင့် လတ်တလောလုပ်ငန်းများကို မည်သူမျှ မဆောင်ရွက်ဘဲ ဆိုင်းငံ့ထားသင့်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြခဲ့မှုရှိပါကြောင်း၊

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ၂၀၁၉ ခုနှစ်၊ ဇွန်လ၂၇ ရက်နေ့တွင် ပခုက္ကူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်မတွင် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး/ပြည်နယ်လွှ တ်တော်ကိုယ်စားလှယ်၊ အမှတ်(၁၀၁) ခြေမြန်တပ်မ ဌာနချုပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပခုက္ကူခရိုင်/မြို့နယ်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တင်ပြတိုင်ကြားသူ တောင်သူ များ တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှု ရှိခဲ့ပါကြောင်း၊

ဦးခင်မောင်ညွန့်ပါ တောင်သူ(၁၁)ဦးကလည်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် ရက်စွဲဖြင့် အချင်းဖြစ် မြေပေါ်တွင် ၂၀၁၉ ခုနှစ်၊ မိုးရာသီအမီ နေ့/ညဝင်ရောက် ထွန်ယက်စိုက်ပျိုး လိုကြောင်းနှင့် လုပ်ကိုင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်းပြီး တောင်သူများကို အမှုမပြီးပြတ်ခင် ဝင်ရောက် ထွန်ယက်ခြင်း မပြုရန်နှင့် အမှတ်(၁၀၁) ခြေမြန်တပ်မ ဌာနချုပ်အနေဖြင့် နိုင်ငံတော်ပိုင်မြေပေါ်တွင် ခွင့်ပြုချက်မရှိ အဆောက်အဦ ဆောက်လုပ်ခြင်းကို တားမြစ်စာ ထုတ်ပြန် ဆောင်ရွက်သွားရန် ခရိုင်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားချက်နှင့်အညီ မြို့နယ်ကလည်းပဲ ဆက်လက် စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်သို့ အကြောင်းကြားခဲ့မှုအပေါ် ယင်းမြေပေါ်တွင် အဆောက်အဦ ဆောက်လုပ်နေမှုကို အထက်ဌာနကြီးများ၏ ညွှန်ကြာချက်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အကောင်အထည်ဖော် ဆောင်ရွက်မှုဖြစ်သည့်အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် အထက်ဌာန အဆင့်ဆင့်မှ သက်ဆိုင်ရာဌာနကြီးများကို တင်ပြ ဆောင်ရွက်သွားရန်နှင့် အမှတ်(၁၀၁) ခြေမြန် တပ်မဌာနချုပ်ကို လိပ်မူပေး ပို့ထားသည့် အကြောင်းကြားစာကို ပယ်ဖျက်ပေးရန် ညှိနှိုင်းပြန်ကြားခဲ့ကြောင်း၊

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်ပိုင်မြေအဖြစ် ပြန်လည်စွန့်လွှတ် ထားသည့် မြေဧရိယာ ၃၈.၆၄ ဧကနှင့်စပ်လျဉ်းပြီး စိစစ်တွေ့ရှိမှု အခြေအနေများကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် ရက်နေ့တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီကို တင်ပြခဲ့ပြီး သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာနသို့ မိတ္တူပေးပို့ ဆောင်ရွက်ခဲ့ကြောင်း၊  ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ရက်စွဲဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို ပြန်လည်တင်ပြပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို မိတ္တူပေးပို့ အကြောင်းပြန်ကြားပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပေးပို့စာတွင် ပါရှိသည့် အကြောင်းအရာများကို တင်ပြ ဖြေကြားရာတွင် (က) အမှတ်(၁၀၁) ခြေမြန်တပ်မ ဌာနချုပ်အနေဖြင့် စုစုပေါင်း ယာမြေ ၈၁၀.၁၆ ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ တပ်ပိုင်မြေအဖြစ် ရရှိခဲ့ကြောင်း၊ (ခ) စတင် သိမ်းဆည်းစဉ်က မူလပိုင်ရှင်ယာပိုင်ရှင် ၁၅၈ ဦး၏ မြေ ၈၁၀.၁၆ ဧကအတွက် မြေယာလျော်ကြေး စုစုပေါင်း ကျပ် ၁၈၆၂၂၉၇ ကျပ်ကို ပေးလျော်ပြီးဖြစ်ကြောင်း အဆိုပါတပ်ပိုင်မြေ ၈၁၀.၁၇ဧကအတွင်းမှ ပခုက္ကူ-ရန်ကုန် မီးရထားလမ်းနှင့် ပခုက္ကူမြို့ရှောင်လမ်း ဖောက်လုပ်ခဲ့သည့်အတွက် မူလတပ်ပိုင်မြေတွင် နှစ်ခြမ်းကွဲသွားပြီး မီးရထားလမ်း အရှေ့ဘက်တွင် ၃၈.၆၄ ဧက သီးခြား ဖြစ်သွားခဲ့ပါကြောင်း၊ (ဂ) တင်ပြပါမြေတွင် မူလတပ်ပိုင်မြေအတွင်းမှ မီးရထားလမ်းအရှေ့ဘက်ရှိ ၃၈.၆၄ ဧကဖြစ်ပြီး အဆိုပါ မြေကို ပခုက္ကူ စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် မူလပိုင်ရှင်များကို ပြန်လည်ပေးအပ်ခြင်း မပြုဘဲ စစ်မှုထမ်းဟောင်းမြေအဖြစ် အသုံးပြုခွင့် ရရှိရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖော်ပြပါရှိမှုများကို ဖြေကြားထားပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စိစစ်တင်ပြခဲ့မှုအပေါ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှ ပေါင်းစပ်ဆောင်ရွက်သွားရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက် ရက်စွဲနှင့် အကြောင်းကြားခဲ့ကြောင်း သိရှိဖြေကြား ထားပါကြောင်း၊

ယင်းကိစ္စနှင့်စပ်လျဉ်းပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၈/၂၀၁၉)၏ ဆုံးဖြတ်ချက်အတိုင်း ကာယကံရှင်များကို ညှိနှိုင်း ဆောင်ရွက်စေခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အမှတ်(၁၀၁) ခြေမြန် တပ်မဌာနချုပ်မှ ကိုယ်စားလှယ်နှင့် သိမ်းဆည်းခံတောင်သူ ဦးခင်မောင်ညွန့်ပါ ၁၁ ဦးတို့ကို ကာကွယ်ရေး ဝန်ကြီးဌာနမှ စွန့်လွှတ်မြေ ၃၈.၆၄ ဧကနှင့်စပ်လျဉ်းပြီး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သော်လည်း ပြေလည်မှု မရရှိခဲ့ပါကြောင်း ဖြေကြားထားပါကြောင်း၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးပြောကြားမှု မှတ်တမ်းကို ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီမှ ဆက်လက်တင်ပြခဲ့ရာတွင် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်း ပြန်လည်စိစစ်ရေး ကော်မတီမှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁ ရက် ရက်စွဲဖြင့် ဗဟိုကော်မတီကို လမ်းညွှန်မှုပြုနိုင်ရန်  တင်ပြထားရှိပါကြောင်း ဖြေကြားပါသည်။

 

ဦးပိုက်ကို (ပခုက္ကူမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီးက ပြည့်ပြည့်စုံစုံ ဖြေကြားသွားပါကြောင်း၊  ယခုဖြစ်စဉ်တွင် တပ်မ (၁၀၁) မှ ၎င်းမြေများကို နိုင်ငံတော်သို့ ပြန်အပ်မည်ဟု  ပေးပါကြောင်း၊ ဗဟိုမြေစစ်မှ ၎င်းကို လက်ခံပြီး State Land အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ သတ်မှတ်ပြီးသည့်အချိန်တွင် တိုင်းဒေသကြီးအစိုးရကို အကြောင်းကြားကြောင်း၊ တိုင်းဒေသကြီးအစိုးရမှ မြို့နယ် မြေယာစီမံခန့်ခွဲမှု ကော်မတီကို အကြောင်းကြား ရပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့မှ ၎င်းနှင့်ပတ်သက်ပြီး စိစစ်သည့်အချိန်တွင် မူလစွန့်လွှတ်ပြီးသား မြေဖြစ်သည့်အတွက် မူလပိုင်ရှင်များကို ပြန်ပေးသင့်သည်ဟု သတ်မှတ်ပါကြောင်း၊ ဒုတိယဝန်ကြီးဖြေကြားချက်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ကို ပေးမယ်ဆိုသည့် အထင်ကို မိမိ ဒီလိုနားလည်လိုက်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံတော်ကို ပြန်အပ်ထားသည့် မြေ၊ စွန့်လွှတ်ထားသည့် မြေအပေါ်တွင် အငြင်းပွားနေသည့် မြေအပေါ်တွင် အခုအချိန်တွင် အဖွဲ့အစည်းတစ်ခုက စစ်မှုထမ်းဟောင်း အဖွဲ့အစည်းတစ်ခုမှ ဝင်ရောက်ပြီး အဆောက်အဦဆောက်လုပ်ပြီး သင့်တော်၏ /မသင့်တော်၏ ဆိုသည်ကို မိမိတို့ စဉ်းစားရမည် ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့အဖွဲ့ အပါအဝင်       လွှတ်တော် အပါအဝင် နိုင်ငံတော် အဖွဲ့အစည်းများများက ဥပဒေများ၊ ညွှန်ကြားချက်များ၊ အမိန့်များကို ဥပဒေအတိုင်း လိုက်နာဆောင်ရွက်မည့် စံပြအဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်တွင် မိမိတို့ နိုင်ငံတကာမှ မိမိတို့ နိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ဥပဒေကို မည်မျှ လိုက်နာ သနည်းဆိုသည့် အချက်များကို စောင့်ကြည့်နေသည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားဥပဒေအတိုင်း၊ အမိန့် ညွှန်ကြားချက်အတိုင်း ‌ဆောင်ရွက်ပေးရန်အတွက် ပြန်လည် စိစစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

ယခုဖြစ်စဉ် ဖြစ်ရပ်နှင့်စပ်လျဉ်းပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှု အနေအထားကို မိမိဝန်ကြီးဌာနမှ ကိုယ်စားဖြေကြားပေးမည် ဖြစ်ပါကြောင်း၊ စစ်မှုထမ်းဟောင်းနှင့် ပတ်သက်ပြီး ၎င်းမြေကို ရယူအသုံးချမည်ဆိုသည့် သဘောထားသည် ကာကွယ်ရေးဝန်ကြီးဌာန အောက်တွင် ရှိသည့် အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်က  ဆွေးနွေးညှိနှိုင်းမှုတွင် နှစ်ဖက် ဆွေးနွေးချက်အရ ရရှိလာသည့် အနေအထားများ ဖြစ်သည်ဆိုသည့် အပေါ်တွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က ဖြေကြားချက်တွင် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ပါကြောင်း၊ လက်ရှိတွင် ၎င်းကိစ္စနှင့်ပတ်သက်ပြီး လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို တင်ပြဆောင်ရွက်လာသည့်အတွက် ဗဟိုကော်မတီသည် ချမှတ်ထားသည့် မူဝါဒများအပေါ်တွင် စိစစ်ဆုံးဖြတ်ရမည့် အခြေအနေ ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ တစ်ဆက်တစ်စပ်တည်း မေးမြန်းချက်ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို အသိပေးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်