Skip to main content

 

မိမိသည် ပုဂ္ဂလိကဆန်သောမေးခွန်းများကို မေးလေ့မရှိပါကြောင်း၊ မိမိတို့လွှတ်တော်ကိုယ်စားလှယ် သက်တမ်းလေးနှစ်ကာလတွင် ပြဿနာများကို လွှတ်တော်ကိုသယ်မလာဘဲအောက်ခြေတွင် တတ် နိုင်သလောက်ဖြေရှင်းပါကြောင်း၊ သို့သော် ကြိုးနီစနစ်ကပဲအမြစ်တွယ်နေသည်လား၊ ဒါမှမဟုတ် အဂတိလိုက်စားမှုများရှိနေလား မသိပါကြောင်း၊ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များ ဖြေရှင်း၍ မရသောပြဿနာတော်တော်များများ ရှိပါကြောင်း၊ မိမိတို့မြို့တွင် ပျော်ဘွယ်လေးဆိုသည့် ကျေးရွာတစ်ရွာရှိ ပါကြောင်း၊ တွံတေးတူးမြောင်းဘေးကဖြစ်ပါကြောင်း၊ ဤရွာတွင် ဒေါ်ကျင်သိန်း ဆိုသော လယ်သူမကြီးတစ်ယောက်၏လယ်ငါးဧကကျော်ကျော်ကို ၁၉၉၈ ခုနှစ်ခန့်တွင် ရဝတဥက္ကဋ္ဌ လုပ်သူက ကမ်းပြိုအိမ်များကိုပေးမည်ဆိုပြီး သိမ်းလိုက်ပါကြောင်း၊ သို့သော် လက်တွေ့တွင် ကမ်းပြို အိမ်များကို မပေးဘဲအိမ်ကွက်များရိုက်ပြီးရောင်းစားပါကြောင်း၊ မိမိတို့အစိုးရတက်လာသည့် အခါဒေါ်ကျင်သိန်းက မြေကိုပြန်လည်ရရှိလိုပါကြောင်း လျှောက်ထားပါကြောင်း၊ လျှောက်ထား သည့်အခါ မြေစစ်အဖွဲ့က  ရပ်ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့်စစ်ပြီးသည့်အခါ နောက်ဆုံး တိုင်းမြေစစ်အဖွဲ့က ဤမြေကိုဒေါ်ကျင်သိန်းကိုပြန်လည်ပေးပါဆိုပြီး ညွှန်ကြားချက် ပေးလိုက်ပါသော်လည်း လက်တွေ့တွင် ပြန်လည်ရရှိခြင်းမရှိသည့်အပြင် နောက်ဆုံးတွင် ဒေါ်ကျင်သိန်း ကိုယ်တိုင်မှာ ၎င်းမြေကိုပြန်ပြီးကျူးကျော်သည်ဆိုပြီး တရားပြန်စွဲခံရပါကြောင်း၊ နောက်ဆုံးတွင် ၎င်းက တိုင်းအစိုးရအဖွဲ့ကတစ်ဆင့် ခရိုင်အုပ်ချုပ်ရေးမှူးကို စာပို့လိုက်ပါကြောင်း၊ ပြန်လည်ပေးအပ် နိုင်ရေးဆောင်ရွက်ရန်နှင့် ဆောင်ရွက်ပြီးစီးမှုအား ပြန်လည်တင်ပြရန်ဆိုပြီး ၂၀၁၈ ခုနှစ်၊ မေလ ၃ ရက်နေတွင် ဝန်ကြီးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးက စာပို့လိုက်ပါကြောင်း၊ မပေးပါကြောင်း၊ အဆင့်ဆင့် ခရိုင်က မြို့နယ်၊ မြို့နယ်က ရပ်ကျေး၊ ရပ်ကျေးက ကျူးကျော်ပြီး ဝယ်ယူထားသူများကို ဖယ်ပေးရန်ပြောသော်လည်း မဖယ်ပေးပါကြောင်း၊ ဒေါ်ကျင်သိန်းက ထပ်မံ၍ တိုင်သည့်အခါ ဝန်ကြီးချုပ် ကိုယ်စားဒုတိယညွှန်ကြားရေးမှူးကသာ ကျူးကျော်သူများကို မြို့နယ် လယ်/စီအဖွဲ့က ဦးတိုက်လျှောက်ထားတရားစွဲဆိုသင့်သော အမှုဖြစ်ကြောင်း၊ မြို့နယ်လယ်/စီ အဖွဲ့က တရားစွဲရမည်ဟု တွံတေးမြို့နယ် လယ်/စီဥက္ကဋ္ဌကိုညွှန်ကြားလိုက်ပါကြောင်း၊ လက်တွေ့ တွင် မရသည့်အတွက် မိမိထံကိုတိုင်ကြားလာပါကြောင်း၊ မိမိကကြယ်ပွင့်မပြမေးခွန်းကို မေးသည့် အခါ ဝန်ကြီးချုပ်ကိုယ်စား စိုက်/မွေး/သစ်တော/စွမ်းအင်ဝန်ကြီးက မြို့နယ်မြေစာရင်းအဖွဲ့ကို ညွှန်ကြားထားသည်များ ရှိကြောင်း၊ တည်ဆဲဥပဒေအရလည်းအရေးယူဆောင်ရွက်ရန် ညွှန်ကြား ထားပြီးဖြစ်ကြောင်း စာဖြင့်ပြန်လည်ဖြေကြားပါကြောင်း၊ သို့သော်လက်တွေ့တွင် မရောက်လာ သည့်အတွက် မိမိနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) တို့က ၎င်းထံ သွားရောက်မေးမြန်းပါကြောင်း၊ ယခုမြို့နယ်လယ်/စီအဖွဲ့ကလည်း တရားမစွဲကြောင်း၊ မြေလည်း ပြန်မရကြောင်း၊ အဆိုပါကိစ္စကိုမည်သို့လုပ်ပေးမည်နည်း၊ မြေပြန်ရအောင်ညွှန်ကြားချက်ကို မလိုက်နာသည့် မြို့နယ်လယ်/စီအဖွဲ့ဥက္ကဋ္ဌကို အရေးယူဆောင်ရွက်ပေးရန် မိမိတို့နှစ်ယောက်က လက်မှတ်ထိုးပြီးစာဖြင့့်တိုင်သည့်အခါ ပြန်ကြားလာသည်မှာ ပထမတုန်းကမြို့နယ်လယ်/စီအဖွဲ့ ဥက္ကဋ္ဌကတရားဥပဒေအရအရေးယူရမည်၊ ဦးတိုက်လျှောက်ထားရမည်ဟုပြောကြောင်း၊ တစ်ခါ နစ်နာသူမူလမြေပိုင်ရှင်က ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန်ဖြစ်ပါကြောင်းဆိုသည့် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က အမိန့်နှစ်ခုထုတ်နေသည့်သဘောဖြစ်သည့်အတွက် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များလည်း မည်သည်ကိုဆက်လုပ်ရမှန်းမသိကြောင်း၊ ကာယကံရှင်လည်း မည်သို့လုပ်ရမှန်း မသိသည့်အတွက် မေးမြန်းရခြင်းဖြစ်ကြောင်း မေးမြန်းပါသည်။


 

 

တွံတေးမြို့နယ်၊ ပျော်ဘွယ်လေးကျေးရွာရှိ ဒေါ်ကျင်သိန်းအနေဖြင့် ၎င်း၏လယ်မြေ ဧက ၅.၄၄ ကို ၁၉၈၇ မှစပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ဦးတရုတ်ကြီးတို့နှင့်အတူ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြပါကြောင်း၊ ၁၉၉၇ ခုနှစ်အထိ ဒေါ်ကျင်သိန်းအမည်ဖြင့် မြေခွန်ပြေစာထွက်ရှိပြီး အခွန်စည်းကြပ်ခံထားရသောမြေ လည်းဖြစ်ပါကြောင်း၊ ၁၉၉၇-၉၈ ခုနှစ်တွင် ထိုစဉ်ကကျေးရွာဥက္ကဋ္ဌဖြစ်သူ ဦးသန်းစိုးအနေဖြင့် ကမ်းပြိုပြည်သူများ မြေနေရာချထားရေးဆောင်ရွက်သည့်အခါအဆိုပါလယ်မြေပါဝင်သည်ဆိုပြီး ဒေါ်ကျင်သိန်းထံက လုပ်ကိုင်ခွင့်သိမ်းဆည်းခဲ့သည့်မြေဖြစ်ကြောင်း၊

ဒေါ်ကျင်သိန်းတင်ပြသော တွံတေးမြို့နယ်၊ ပျော်ဘွယ်လေးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၉၂)၊ ပျော်ဘွယ်လေးကွင်း၊ ဦးပိုင်အမှတ်(၃၁/၂)၊ ဧရိယာ ၅.၄၄ ဧကရှိလယ်မြေကို တွံတေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၂၀၁၅ခုနှစ်၊ ဩဂုတ်လ ၃၁ ရက် ရက်စွဲဖြင့်ဖွဲ့စည်းပေးခဲ့သောအဖွဲ့၏ မြေပြင်ကွင်းဆင်းစိစစ်မှုအရ ဒေါ်ကျင်သိန်းတင်ပြသောနယ်နိမိတ်အရ တွေ့ရှိရသည့်မြေမှာ ၅.၄၄ ဧက အနက် ၁၉၉၈ ခုနှစ်တွင် ပေ(၄၀x၁၂၀) မြေကွက် ၁၉ ကွက် ဖော်ထုတ်ထားသော ဧရိယာအားဖြင့် ၂.၀၉ ဧကရှိမြေဖြစ်ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ လက်ရှိအချိန်တွင် လူနေအိမ်ရာအဖြစ် အဆောက်အဦ လေးလုံး၊ တဲတစ်လုံး စုစုပေါင်းငါးလုံး ဆောက်ထားပြီး ကျန်အကွက်များကလည်း ခြံစည်းရိုး ကာရံထားကြောင်း၊ မြေအမျိုးအစားက လယ်မြေမျိုးဖြစ်ပါကြောင်း၊ တရားဝင်အခြားနည်း အသုံးပြုခွင့်မရှိဘဲ ဆောင်ရွက်ထားသည့်အနေအထားဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)လည်း ထုတ်ပေးထားခြင်းမရှိသည်ကို စိစစ် တွေ့ရှိရကြောင်း၊

ဒေါ်ကျင်သိန်း၏ တင်ပြလာမှုအပေါ် ၁၅-၂-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန် တိုင်းဒေသကြီး၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ နစ်နာသူအတွက် မြေနေရာချထားပေးနိုင်ရန် ပြန်လည်စိစစ်တင်ပြရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဆင့်ဆင့်က စိစစ်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ အဆိုပါ စိစစ်ဆောင်ရွက်မှုများအရ ၁၉၉၇-၉၈ ခုနှစ်က ကမ်းပြိုမြေများအကြောင်းပြုပြီး ကျေးရွာကောင်စီဥက္ကဋ္ဌဟောင်း ဦးသန်းစိုးက အာဏာကို အလွဲသုံးစားပြုလုပ်ပြီး သိမ်းဆည်းခဲ့သည့်အကြောင်း၊ ၎င်း၏သားသမီးနှင့် ဇနီးအမည်ပေါက် မြေကွက် ၁၉ ကွက်ရိုက်ပြီး ယင်းတို့ကိုရောင်းစားခဲ့သည့်အတွက် ထို ၁၉ ကွက်ဝယ်ယူပိုင်ဆိုင်သူများအနေဖြင့် ဦးသန်းစိုး ကွယ်လွန်ခဲ့သော်လည်း အမွေဆက်ခံသူမိသားစုဝင်များနှင့်သာ သက်ဆိုင်ဖြေရှင်း သင့်ကြောင်းနှင့် နစ်နာသူ၊ ဆုံးရှုံးသူဒေါ်ကျင်သိန်းအတွက် ပျော်ဘွယ်လေးကျေးရွာအုပ်စုတွင် မြေအစားပေးစရာနေရာမရှိသည့်အတွက် အဆိုပါသိမ်းဆည်းခံမြေနေရာကိုသာ ပြန်လည်ပေးအပ် သင့်ကြောင်း စိစစ်တင်ပြခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၄/၂၀၁၇) ဆုံးဖြတ်ချက်အတိုင်း ဒေါ်ကျင်သိန်းနစ်နာဆုံးရှုံးခဲ့သော လယ်မြေများကို ပြန်လည်ပေးအပ်နိုင်ရေးဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ပြီးစီးမှုကိုပြန်လည်တင်ပြရန် ၂၀၁၈ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် တောင်ပိုင်းခရိုင်အုပ်ချုပ်ရေးဦးစီးဌာန(ရန်ကုန်တိုင်း)ကို အကြောင်းကြားခဲ့ ပါကြောင်း၊ ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့့် ပျော်ဘွယ်လေးကျေးရွာအုပ်ချုပ်ရေးမှူးထံကို အဆင့်ဆင့်အကြောင်းကြား စီမံ ဆောင်ရွက်မှုအရ ကျေးရွာအုပ်စု လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ် ရေးကော်မတီက ဒေါ်ကျင်သိန်းတင်ပြသည့်မြေပေါ်ရှိ မြေကွက်ဝယ်ယူထားသူများနှင့် သက်ဆိုင် သူများကိုဖယ်ရှားပေးရန် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် အကြောင်းကြားခဲ့သော်လည်း ဖျက်သိမ်း ဖယ်ရှားပေးခဲ့ခြင်းမရှိကြောင်း၊

လယ်ယာမြေပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသူများအနေဖြင့် လယ်ယာမြေဥပဒေ ပုဒ်မ ၁၉ ပုဒ်မခွဲငယ်(ဂ)၊(ဃ)အရ ချမှတ်သည့်အမိန့်ကိုလိုက်နာခြင်းမရှိလျှင် ၎င်းအမိန့်ပါ သတ်မှတ်ရက် ထက်ကျော်လွန်ပါက ပုဒ်မ ၂၀ အရ သက်ဆိုင်ရာတရားရုံးကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဦးတိုက်လျှောက်ထားတရားစွဲဆိုသင့်သည့်အမှုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် လယ်ယာ မြေဥပဒေနှင့်အညီ လယ်မြေပေါ်တွင်ကျူးကျော်သူများကို တရားစွဲဆိုနိုင်ရန်ဆက်လက်ဆောင်ရွက် သွားရန်           တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက် ရက်စွဲဖြင့် အကြောင်း ကြားဆောင်ရွက်ထားမှုရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွန်ကြားအကြောင်းကြားလာမှု နှင့်အညီ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးအနေဖြင့် လယ်ယာမြေဥပဒေ နှင့်အညီတရားစွဲဆိုနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒေါ်ကျင်သိန်းတင်ပြသည့် လယ်မြေသည် ၂၀၁၂ ခုနှစ်မတိုင်မီ လယ်ယာမြေအခြားနည်းအသုံးပြုခြင်း ပုံစံ(၇)ထွက်ရှိထားခြင်းမရှိသည့်အတွက် ဥပဒေ အကြောင်းအရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် တရားစွဲဆိုဆောင်ရွက်ရန်မဖြစ်သည့် အတွက် အဆိုပါအခြေအနေကိုအဆင့်ဆင့်ပြန်လည်တင်ပြမှုအရ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၅/၂၀၁၉) ဆုံးဖြတ်ချက်နှင့်အညီ နစ်နာသူမြေပိုင်ရှင်က အချင်းဖြစ်မြေပေါ်တွင် ဆောက်လုပ်နေထိုင်သူများကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန်ဖြစ်ကြောင်းကို မြို့နယ် လယ်/စီအဖွဲ့မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကာယကံရှင်များကိုရှင်းလင်းပြောကြားခဲ့ပါကြောင်း ဖြေကြား ပါသည်။

ဦးမြင့်လွင်(တွံတေးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

နောက်ဆုံးထွက်လာသည့်စာအရ ကာယကံရှင်က တရားစွဲရမည်၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ မထွက်ခင်ကဖြစ်သည့်အမှု၊ ပုံစံ(၇)လည်းမထွက်သေးသည့်အတွက် ကာယကံရှင်ကသာ တရားစွဲ ရမည်ဖြစ်‌ကြောင်း နောက်ဆုံးထွက်လာပါကြောင်း၊ မြို့နယ်လယ်/စီဥက္ကဋ္ဌက တရားစွဲရမည်၊ ယခု ကာယကံရှင်ကတရားစွဲရမည်ဟု ပြန်ပါပါကြောင်း၊ သိမ်းသွားသည့်အခါ လက်ရှိတွင်မြေလည်း မရှိတော့ကြောင်း၊ စာရွက်စာတမ်းဆို၍ ပြေစာများသာရှိပါတော့ကြောင်း၊ ၎င်းပြေစာများအရ တရားစွဲ၍ရမလား၊ ယခု ပိုင်ရှင်က၊ ကာယကံရှင်က အသက်လည်းတော်တော်ကြီးနေပါပြီ၊ ကျန်းမာရေးလည်း တော်တော်ချို့တဲ့နေပါပြီ၊ ဆွေမျိုးအသိုင်းအဝိုင်းလည်း တော်တော်ကို အားနည်းသည့်အခြေအနေတွင် ယခု မိမိတို့အမေးအဖြေလုပ်သွားသည်မှာ ၆ မိနစ်၊ ၇ မိနစ်ခန့်သာကြာပါကြောင်း၊ တကယ့်မြေပြင်တွင် သုံးနှစ်ကျော်၊ လေးနှစ်နီးပါးခန့် မိမိတို့လည်း ဦးနှောက်အများကြီးစားရပါကြောင်း၊ ကာယကံရှင်များလည်း အများကြီးဒုက္ခပင်ပန်းဆင်းရဲကြီးစွာ လုပ်ခဲ့ရပါကြောင်း၊ စောစောကတည်းက ရှင်းရှင်းလင်းလင်းလုပ်လိုက်ပါက တရားစွဲမည်ဆိုပါက ယခုကိစ္စက ပြီးသလောက်တောင်ဖြစ်ကောင်းဖြစ်နေမည် ဖြစ်ပါကြောင်း၊ အများကြီး ပင်ပန်းဆင်းရဲ၊ လွှတ်တော်ကိုယ်စားလှယ်များလည်း အများကြီးဒုက္ခရောက်၊ အကြိမ်ကြိမ်ဝန်ကြီးဆီရောက်၊ ဝန်ကြီးချုပ်ဆီရောက် ဖြစ်ပြီးတော့မှလုပ်ရသည့်အတွက် ပြန်လည်သုံးသပ်သင့်သည်ဟု ထင်ပါကြောင်း၊  

တကယ်လို့များ ဒေါ်ကျင်သိန်းက တရားပြန်စွဲမည်ဆိုပါက မြို့နယတွင် ၎င်းပိုင်သည်ဆိုသည့်အချက်၊ ၎င်း၏မြေဖြစ်သည်ကို အချက်အလက်အထောက်အထားများထုတ်ပေးမှ တရားစွဲလို့ရမည် ဖြစ် ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့နယ်လယ်/စီအဖွဲ့တွင် ထိုကဲ့သို့အခြေအနေ ဖန်တီး ပေးနိုင်ရန်ရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

မေးခွန်းနှင့်စပ်လျဉ်းပြီး စီမံခန့်ခွဲမှုဆောင်ရွက်ရသောတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း အသိပေး ဆောင်ရွက်မည ဖြစ်ပါကြောင်း၊ အမှန်မှာ တရားစွဲလို့မရဘူးဆိုသည့်အခြေအနေက လက်ရှိ တည်ဆဲဥပဒေ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ တရားစွဲရန်အတွက် နံပါတ်(၁)အချက်က ပုံစံ(၇)လက်ဝယ်ရှိသူက စွဲရမည်ဖြစ်ပါကြောင်း၊ သို့သော်လည်းပဲ အချင်းဖြစ်မြေသည် သိမ်းဆည်း ခံရပြီး ပုံစံ(၇)မထုတ်ခင်ထိစဉ်ကာလက စီမံခန့်ခွဲမှုအမှားများဖြင့်ဆောင်ရွက်ခဲ့သည့်ဖြစ်ရပ်ပေါ်တွင် အခြေတည်လာသည့်အလျောက် ကာယကံရှင်တွင်တရားစွဲဆိုပိုင်ခွင့် မရှိသည့်အနေအထားမျိုး ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေကို ပြန်လည်ပြင်ဆင်မှုအပိုင်းတွင် မည်သူမဆိုတရားစွဲနိုင်ရန်အတွက် အခွင့်အလမ်းပေးထားသည့်အလျောက် ကာယကံရှင်အနေဖြင့် လည်း တရားစွဲဆိုနိုင်မည့်အခြေအနေဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့် အထောက်အထားဆိုသည်မှာ ၎င်း၏ခင်ပွန်းဦးတရုတ်ကြီးနှင့် အတူဆောင်ရွက်ခဲ့သော မြေခွန်ပြေစာ စည်းကြပ်ခံထားရသည့်အတွက် ၎င်းအထောက်အထားများလည်းရှိသည့်အလျောက် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်  စာရင်းဦးစီးဌာနကလိုအပ်သောအထောက်အထားများပေးနိုင်မည့် အခြေအနေမျိုးလည်း ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်သည့်အခါတွင်လည်း အပိုင်းနှစ်ပိုင်း ဖြစ်ပါကြောင်း၊ ကနဦးမြေကွက်ရောင်းချထားသော ကျေးရွာဥက္ကဋ္ဌက မြေယာလုပ်ပိုင်ခွင့်ပေးထား သော ပုဂ္ဂိုလ်များဖြင့် လက်ရှိမြေကိုဝယ်ယူပြီး အိမ်ရာဆောက်လုပ်ထားသူများနှင့် အရေးဆိုရမည့် အပိုင်းတစ်ပိုင်း ဖြစ်ပါကြောင်း၊ နောက်တစ်ပိုင်းက ကာယကံရှင်နှင့် ၎င်း၏လယ်မြေပေါ်တွင် အိမ်ရာဆောက်လုပ်ပြီးလုပ်ပိုင်ခွင့်ရထားသောနည်းနှင့် နှစ်ပိုင်းဖြစ်ပါကြောင်း၊ မည်သို့ပင်ဆိုစေကာမူ လက်ရှိမြေပြင်ပကတိအခြေအနေပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည့်အနေ အထားမျိုးများကို စီမံသွားနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မိမိတို့ဝန်ကြီးဌာန အနေဖြင့် ဆက်စပ်အကြောင်းကြား ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်