Skip to main content

 

(ဃ)-အမျိုးသားစာပေဆုကဗျာပေါင်းချုပ်ဆုရွေးချယ်ရာတွင် ဂန္တဝင် ကဗျာဆုနှင့် ခေတ်ပေါ်ကဗျာဆုဟူ၍ ဆု(၂)ခု ခွဲခြားပေးနိုင်ခြင်းရှိ/မရှိ၊ ခေတ်ပေါ်ကဗျာနှင့်ပတ်သက်၍ဖွဲ့စည်းတည်ဆောက်ပုံ၊ အသံ စိစစ်ပုံ၊ ကဗျာဂုဏ်မြောက်မှု သတ်မှတ်ချက်စသည်တို့ကို တရားဝင်မူချမှတ်ပြဋ္ဌာန်းပြီးစီးမှုရှိ၊ မရှိ နှင့် ပြဋ္ဌာန်းပြီးဖြစ်ပါက ပြည်သူများသိအောင် ထုတ်ပြန်ပေးထားခြင်း ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

အမျိုးသားစားပေဆုကဗျာပေါင်းချုပ်ဆုရွေးချယ်ရာတွင် ဂန္တဝင်ကဗျာဆုနှင့် ခေတ်ပေါ်ကဗျာဆု ဆိုပြီး နှစ်ဆု          ခွဲခြားပေးနိုင်ခြင်းရှိ၊မရှိ၊ ခေတ်ပေါ်ကဗျာနှင့်ပတ်သက်ပြီး ဖွဲ့စည်းတည်ဆောက်ပုံ၊ အသံစိစစ်ပုံ၊ ကဗျာဂုဏ်မြောက်မှုသတ်မှတ်ချက် တရားဝင်မူချမှတ်ပြဋ္ဌာန်းပြီးစီးမှု ရှိ၊မရှိကို မေးမြန်း သွားမည်ဖြစ်ပါကြောင်း၊ ကဗျာသည်လူတိုင်း၏ နှလုံးသားဖြစ်ကြောင်း၊ စာပေ၏ အနှစ် ဖြစ်ကြောင်း၊ ကဗျာကိုခေတ်အဆက်ဆက် ပုံစံအမျိုးမျိုးနှင့်ရေးဖွဲ့ခဲ့ကြပါကြောင်း၊ ဂန္တဝင်ကဗျာ ဆိုသည်မှာ ကာရန်၊ ဖွဲ့စည်း တည်ဆောက်ပုံ၊ အသံ၊ ကဗျာဂုဏ်မြောက်မှုများကို အဓိက ထားခြင်းဖြစ်ပြီး ခေတ်ပေါ်မော်ဒန်ကဗျာကို ခံစားမှုကိုပေါ်လွင်အောင် နက်နက်ရှိုင်းရှိုင်း ဦးစားပေးရေးဖွဲ့ခြင်းကို ဆိုလိုပါကြောင်း၊ ၁၉၅၇ ခုနှစ်၊  မြန်မာစာစံထားရွှေတံဆိပ်ဆုရ ဒေါ်ထားကြည်(B.A)၏ ကဗျာ့ အမြုတေများလေ့လာချက်ပါ ကဗျာကိုငါးမျိုးပိုင်းခြားနိုင်ပြီး ဒွေးချိုး၊ လေးချိုးတို့သည် အချိုးကဗျာ ထဲတွင်ပါပြီး ရတု၊ ရကန်၊ အဲချင်း၊ အိုင်ချင်းများသည် လေးလုံးစပ်ထဲတွင်ပါပါကြောင်း၊ ထင်ရှားသည့် ကျမ်းပြုစာဆိုတော်များဖြစ်ကြောင်း၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူစသည်ဖြင့် ခေတ်အလိုက် ပြဋ္ဌာန်းဖော်ပြထားခြင်းဖြစ်ပါကြောင်း၊ ကဗျာများတွင်အသံပါသည့်အတွက်လည်း သီချင်းသဘောနွယ်သည့်ကဗျာ ၂၂ မျိုးရှိကြောင်း၊ ရကန်၊ ဩဇာ၊ သာချင်း၊ ကာချင်း၊ အဲချင်း စသည်ဖြင့် ရှိပါကြောင်း၊ လက်ဝဲသုန္ဒရအမတ်ကြီးရေးသည့် မဲဇာတောင် ခြေရတုအပိုဒ်စုံပါ၊ ဆရာဦးတင့်ဆွေ၏ကဗျာဖွဲ့နည်းနေသည်၊ နှစ်ဖက်လှပြုစုထားသည့် ကဗျာ လင်္ကာနှင့် နည်းဥပစာ၊ ဆရာဦးမြဇင်ပြုစုထားသည့် ကဗျာ့နေရီနှင့်နိမိတ်ပုံတို့ဖြစ်ပါကြောင်း၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ် ကဗျာ များနှင့်လည်း ငယ်ငယ်ကတည်းကရင်းနှီးခဲ့ကြပါကြောင်း၊

ဆရာဇော်ဂျီ၏ဗေဒါလမ်း၊ ဆရာကြီးမင်းသုဝဏ်၏ မွေးနေ့ဆုတောင်းကဗျာများဖြစ်ပါကြောင်း၊ ဆရာမောင်ပန်းမိုး၏ ဘဝဆိုတာဝင်္ကပါကွယ်၊ ဒီမှာရစ်ခွေကြာခဲ့လေပြီ နေနှင့်လနှင့်တစ်လှည့်စီ ဆိုသည့်ကဗျာလေးများဖြစ်ကြောင်း၊ ခေတ်ရေစီး အလိုက်ကာရံမဲ့ကဗျာများလည်း ပေါ်ခဲ့ပါကြောင်း၊ ဆရာဒေါင်းနွယ်ဆွေ၏ အဆုံးမရှိသောအစ ကာရံမဲ့ကဗျာပါ၊ တန်ဖိုး ၁၀ကျပ်ခေတ် ကတည်းက ထုတ်ခဲ့ကြောင်း၊ ဆရာဇော်ဂျီသည် နောင်ရိုးမဲ့ကဗျာ ဆိုလျှင်ပိုပြီး ထိမိမည် ဟုပြောခဲ့ ပါကြောင်း၊ ဆရာဂျိုဇော်၏ ဝတ်ဖြူစင်ကြယ်၊ ဆရာပိုင်စိုးဝေ၊ ဆရာဝင်းတင့်ထွန်းတို့၏ ခေတ်ပေါ်ကဗျာ စာအုပ်များပါ၊ ကမ္ဘာတွင်လည်း ကင်ညာနိုင်ငံကကလေးကို သုံးကြောင်းကဗျာအတွက် ဒေါ်လာသုံးသန်း ကဗျာအဖွဲ့အစည်းကဆုချခဲ့ပါကြောင်း၊ I was born in black, so I am black ဖြစ်ပါကြောင်း၊ အသားအရောင်တစ်ခုတည်းပေါ်တွင်မဟုတ်ဘဲ လူမှုရေး၊ ဘာသာရေး၊ ပညာရေး အကုန်လုံးပေါ်တွင် အကျိုးသက်ရောက်လို့ဆုပေး ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဗမာတွင်လည်း ဆရာ ချစ်ဦးညို၏ စာပေဟောပြောပွဲတွင် နှစ်ကြောင်းကဗျာလေး အကြောင်းကြားလိုက်ရပါကြောင်း၊ ကဗျာဆိုသည်မှာ သုံးကြောင်းရှိသော်လည်း နှစ်ကြောင်းတည်းနှင့် ပြသွားပါကြောင်း၊ ခေါင်းစဉ်သည် ဒုံးဒုံးဒက်ဒက် တုံးလုံးပက်လက်၊ ယခုနှစ်အမျိုးသားစာပေဆုချီးမြှင့်ပွဲကို နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် ကိုယ်တိုင်တက်ရောက်ခဲ့ပါကြောင်း၊ စာရေးဆရာကြီးများနှင့်လည်း ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ ပါကြောင်း၊ ယခုနှစ် အမျိုးသားစာပေကဗျာဆုကို ဆရာကိုသန်းထွန်း၏ ညဉ့်ပုံပြောသူ ဆိုသည့် ကဗျာကရရှိခဲ့ပါကြောင်း၊ မော်ဒန်ကဗျာဖြစ်ကြောင်း၊ ကာရန်နှင့် ဂန္တဝင်ကဗျာများ ကောင်းသကဲ့သို့ ခေတ်ပေါ်မော်ဒန်ကဗျာများလည်းကောင်းပါကြောင်း၊ စာပေမှာဝတ္ထုတို၊ ဝတ္ထုရှည်၊ ဘာသာပြန်၊ သုတပဒေသာစသည်ဖြင့် ခွဲခြားဆုပေးသကဲ့သို့ ကဗျာများတွင်လည်း ဂန္တဝင်ကဗျာဆုနှင့် မော်ဒန် ခေတ်ပေါ်ကဗျာဆုဆိုပြီး ခွဲခြားပေးသင့်သည့်အတွက် အမျိုးသား စာပေဆု ကဗျာပေါင်းချုပ်ဆုရွေးချယ်ရာတွင် ဂန္တဝင်ကဗျာဆုနှင့် ခေတ်ပေါ်ကဗျာဆုဟူ၍ ဆု(၂)ခု ခွဲခြားပေးနိုင်ခြင်းရှိ/မရှိ၊ ခေတ်ပေါ်ကဗျာနှင့်ပတ်သက်၍ဖွဲ့စည်းတည်ဆောက်ပုံ၊ အသံ စိစစ်ပုံ၊ ကဗျာဂုဏ်မြောက်မှု သတ်မှတ်ချက်စသည်တို့ကို တရားဝင်မူချမှတ်ပြဋ္ဌာန်းပြီးစီးမှုရှိ၊ မရှိ နှင့် ပြဋ္ဌာန်းပြီးဖြစ်ပါက ပြည်သူများသိအောင် ထုတ်ပြန်ပေးထားခြင်း ရှိ/မရှိ သိလို၍မေးမြန်းပါသည်။


ဦးစွာအမျိုးသားစာပေဆုများရွေးချယ်ချီးမြှင့်ပုံနှင့်စပ်လျဉ်းပြီး အနည်းငယ် တင်ပြလိုပါကြောင်း၊ အမျိုးသားစာပေဆုများချီးမြှင့်ခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနမှ ကြီးကြပ်ပြီးပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအောက်တွင်ရှိသည့် စာပေဗိမာန်ကတာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း၊ စာပေဗိမာန်အဖွဲ့အနေဖြင့် ၁၉၄၈ခုနှစ်မှ စပြီး စာပေဆုများချီးမြှင့်ရာတွင် အစပိုင်း တွင်စာပေဗိမာန်ဆု အမည်ဖြင့် ချီးမြှင့်ခဲ့ပြီး နောက်ပိုင်းတွင်    အမျိုးသားစာပေဆုဟု ပြောင်းလဲခေါ်ဝေါ် ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၁၉၄၈ ခုနှစ်တွင် ဝတ္ထုရှည်ဆုတစ်ဆုတည်းသာချီးမြှင့်ရာမှ နောက်ပိုင်းတွင် ဆုအမျိုးအမည်များတိုးလာပြီး ယခုချိန်တွင် ဘာသာရပ်အလိုက်ဆု ၁၈ မျိုးအထိရှိလာသည့် အပြင် တစ်သက်တာစာပေဆုကိုလည်း စာရေးဆရာအနေဖြင့်တစ်ဦး၊ စာပေပညာရှင်များထဲကတစ်ဦး ရွေးချယ် ချီးမြှင့်နေပြီဖြစ်ပါကြောင်း၊ယခု လိုရွေးချယ်ချီးမြှင့်နိုင်ရန် အတွက် စာရေးဆရာ၊ စာပေ ပညာရှင်အများကြီး ပါဝင်သည့် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီကို ပြန်ကြားရေး ဝန်ကြီးဌာနမှ ကမကထ ပြုဖွဲ့စည်းပြီး နှစ်စဉ် အတည်ပြုထုတ်ပြန်ပေးပါကြောင်း၊  ၂၀၁၈ ခုနှစ် အတွက်ဖွဲ့စည်းခဲ့သည့် ကော်မတီတွင် အဖွဲ့ဝင် ၅၄ ဦးပါဝင်ပါကြောင်း၊၎င်းကော်မတီအောက်တွင်  သက်ဆိုင်ရာဘာသာရပ်အသီးသီးအတွက် စာပေဆုများ ပဏာမရွေးချယ်ပေးမည့် အဖွဲ့ငယ်များ ဖွဲ့စည်းထားပြီး စိစစ်ရွေးချယ်ခြင်း၊ အဆင့်ဆင့် အတည်ပြုဆုံးဖြတ်ခြင်းများပြုလုပ်ကြခြင်း ဖြစ်ပါ ကြောင်း၊  

ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်အနေဖြင့် ဆုစိစစ်ရွေးချယ်ရာတွင်ပါဝင်ခြင်းမရှိဘဲ ကော်မတီနှင့် အဖွဲ့ငယ်များ၏ဆုရွေးချယ်မှုလုပ်ငန်း အဆင်ပြေချောမွေ့စေရန် အထောက်အကူပြုသည့် အလုပ်များ သာဆောင်ရွက်ပေးကြပါကြောင်း၊ စာပေဆုကော်မတီတွင်ပါဝင်သည့်         ပညာရှင်များအနေဖြင့် ဆု အမျိုးအမည်အသစ်များ တိုးချဲ့ပေးရန်ဆွေးနွေးကြခြင်းလည်းရှိပါကြောင်း၊ တင်ပြသူကတင်ပြပြီး ၎င်းအပေါ်တွင် ထောက်ခံသူ၊ ကန့်ကွက်သူများကဆွေးနွေးကြပါကြောင်း၊ ထို့နောက် အများသဘော ဆန္ဒ အလျောက်ဆုံးဖြတ်ကြပါကြောင်း၊ ထိုသို့ဆွေးနွေးသည့်အထဲတွင်ကဗျာဆုကို ဂန္တဝင်ကဗျာဆုနှင့် ခေတ်ပေါ်ကဗျာဆုဟူ၍ ဆုနှစ်ဆုခွဲခြားပေး၊မပေး ဆွေးနွေးခြင်းလည်းရှိပါကြောင်း၊ ၎င်းကိစ္စကို အကြိတ်အနယ်ဆွေးနွေးကြပြီးနောက်တွင် အဖွဲ့ဝင်များလျှို့ဝှက်မဲပေးပြီး ကဗျာဆုကိုတစ်ဆုတည်း ထားရန် ဂန္တဝင်ကဗျာဖြစ်ဖြစ်၊ ခေတ်ပေါ်ကဗျာဖြစ်ဖြစ် ကောင်းသည့်ကဗျာစာအုပ်ကိုဆုချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ ကြပါကြောင်း၊ မဲခွဲဆုံးဖြတ်ရာတွင် အများစုဖြစ်သည့် ဆုတစ်ဆုတည်း ပေးလိုသူများ၏ သဘောထားအမြင်သည် အဓိကစာပေဆုအမျိုးအစားများဖြစ်သည့် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ်များ ကိုလည်း တစ်ဆုတည်းပဲပေးကြောင်း၊ အစဉ်အလာနှင့် ခေတ်ပေါ်ဟုနှစ်ဆုမခွဲကြောင်း၊ ကဗျာဆု သည်လည်း မူလအစကတည်းက          တစ်ဆုတည်းပဲပေးခဲ့ကြောင်း၊ ထို့ကြောင့် ယခုလည်း တစ်ဆု တည်းပဲပေးသင့်ကြောင်း၊ ယခုဆုအောက်တွင် အစဉ်အလာကဗျာရော၊ ခေတ်ပေါ်ကဗျာများပါ ထည့်သွင်းစဉ်းစားပြီး အကောင်းဆုံးကိုချီးမြှင့်သင့်သည်ဟု ဆွေးနွေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ကဗျာဆုနှစ်ဆုကိစ္စနှင့်ပတ်သက်ပြီး     အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက စဉ်းစား ဆောင်ရွက်ခဲ့ပုံအကြောင်းကို တင်ပြရခြင်းဖြစ်ပါကြောင်း၊

ဆက်လက်ပြီး ခေတ်ပေါ်ကဗျာနှင့်ပတ်သက်၍ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသံစိစစ်ပုံနှင့် ကဗျာဂုဏ် မြောက်မှုသတ်မှတ်ချက်စသည်တို့ကို တရားဝင် မူချမှတ်ပြဋ္ဌာန်းပြီးစီးမှုရှိ၊ မရှိနှင့်ပြဋ္ဌာန်းပြီးဖြစ်ပါက ပြည်သူများသိအောင် ထုတ်ပြန်ပေးထားခြင်းရှိ၊ မရှိသိလိုခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ မည်ဖြစ်ကြောင်း၊ ယခင်က အမျိုးသားစာပေကဗျာဆု ချီးမြှင့်ရာ တွင် ခေတ်ပေါ်ကဗျာများကို ထည့်သွင်းစဉ်းစားလေ့မရှိခဲ့ပါကြောင်း၊ ဂန္တဝင်ဟန်လို့ခေါ်သည့် အစဉ်အလာ ကဗျာစပ်နည်း များအတိုင်းရေးသည့် ကဗျာများစုစည်းထုတ်ဝေသည့်စာအုပ်များကိုသာ ပေးခဲ့ပါကြောင်း၊ လွန်ခဲ့ သည့်သုံးနှစ်လောက်က ခေတ်ပေါ်ကဗျာသမားများကအဆိုပြုလာပါကြောင်း၊ ၎င်းတို့ရေးသည့်ကဗျာ စာအုပ်များအများကြီးထွက်ပါကြောင်း၊ ဂန္တဝင်ကဗျာများထက် သိသိသာသာပိုများပါကြောင်း၊ ထို့ကြောင့် ကဗျာဆုရွေးချယ်ရာတွင် ယခုအခါအများစုရေးသားနေသည့် ခေတ်ပေါ်ကဗျာများကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်ဟုဆိုလာကြခြင်း ဖြစ်ပါကြောင်း၊ ၎င်းအပေါ်စဉ်းစားသုံးသပ်ပြီး ကဗျာဆု ရွေးချယ်ရာတွင်ဂန္တဝင်ဟန်ကဗျာများရော၊ ခေတ်ပေါ်ကဗျာများကိုပါထည့်သွင်းစဉ်းစားမည်ဟု ၂၀၁၆ ခုနှစ်အတွက် စာပေဆုရွေးချယ်ရေးကော်မတီကဆုံးဖြတ်ခဲ့ပါကြောင်း၊ ကဗျာအားလုံး အတွက် အကဲဖြတ်နိုင်မည့်မူသဘောထား ရရှိရန်လိုအပ်လာသည့်အတွက် အစည်းအဝေးကျင်းပပြီး ကဗျာ ရွေးချယ်ရေးအခြေခံမူဝါဒများ ချမှတ်ခဲ့ကြပါကြောင်း၊ ၎င်းအခြေခံမူဝါဒများက စကားလုံးရွေးချယ် သုံးနှုန်းမှု၊ စိတ်ကူးရုပ်ပုံဖော်ခြင်းနှင့် ကဗျာ့လင်္ကာရကြိယာများသုံးစွဲပုံ၊ ကဗျာအတွေးနှင့်အာရုံခံစားမှု၊ ကဗျာအဖွဲ့အမျိုးအစားများအပေါ်မူတည်ပြီး ပုံစံအသုံးပြုကာရန်ကဗျာများမှာ ကာရန်ကိုက်ညီ မှုနှင့် ကဗျာပုံစံမှန်ကန်မှု၊ လွတ်လပ်လင်္ကာကဗျာများတွင် သံနေသံထား(Rhythm)အသုံးပြုမှု၊ ကဗျာ့ ဆိုလိုရင်း ကိုက်ညီအောင်ဖွဲ့စည်းမှု၊ ပင်ကိုယ်မူလဖြစ်မှုစသည်တို့ ဖြစ်ပါကြောင်း၊ ထိုမူဝါဒများကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနကထုတ်ဝေသည့် ၂၀၁၆ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီနှင့် ဘာသာရပ်အဖွဲ့ငယ်များအစီရင်ခံစာ စာအုပ် တွင်ဖော်ပြထားပါကြောင်း၊ထို့ကြောင့်ချုပ်ပြီးပြောလျှင် အမျိုးသားစာပေကဗျာ ပေါင်းချုပ်ဆု ရွေးချယ် ရာတွင် ဂန္တဝင်ကဗျာဆုနှင့် ခေတ်ပေါ်ကဗျာဆုဟူ၍ ဆုနှစ်ခုခွဲခြားပေးရန်သင့်၊ မသင့်နှင့်စပ်လျဉ်းပြီး ကျွမ်းကျင် သောစာပေပညာရှင်များက ရှုထောင့်စုံမှဆွေးနွေးဝေဖန်သုံးသပ် ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါ ကြောင်းနှင့် ဂန္တဝင်ရော၊ ခေတ်ပေါ်ပါအကျုံးဝင်သည့်ကဗျာဆုနှင့်စပ်လျဉ်းသည့် ရွေးချယ်ရေး ဆိုင်ရာ အခြေခံမူဝါဒများကိုလည်း သတ်မှတ်ပြဋ္ဌာန်းကာအများပြည်သူသိရှိအောင် ပုံနှိပ်ထုတ်ဝေဖြန့်ချိ ထားပြီးဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဒေါက်တာသန်းအောင်စိုး (မင်းလှမဲဆန္ဒနယ်) မှဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခုလည်း ဆုများရွေးချယ်သည့်နေရာတွင် အမျိုးသားစာပေ ရွေးချယ်ရေးကော်မတီအဖွဲ့ဝင် ၅၄ ဦးက ရွေးချယ်သည်ဟုသိရပါကြောင်း၊ သို့သော် ဂန္တဝင်စာအုပ်များ လည်းအထွက်နည်းသည်ဟုသိရ ပါကြောင်း၊  တကယ်တော့ ဂန္တဝင်ကဗျာများ ကလည်း ကာရန်နှင့် အသံတည်ဆောက်ပုံ စသည်ဖြင့် (Rhythm)ညှိအောင်စပ်ဆိုရတာခက်သည့်အတွက်လည်းအထွက်နည်းခြင်းဖြစ်ကြောင်း၊ ဂန္တဝင်ကဗျာ များကို ဝန်ကြီးဌာနမှ ပံ့ပိုးမပေးနိုင်လျှင်ကွယ်ပျောက်မှာ စိုးရိမ်ရပါကြောင်း၊ ယခု ရတု၊ ရကန်များတောင်မှ ကွယ်ပျောက်သလောက်ဖြစ်နေကြောင်း၊ ပေါ်နွေလလျှင် တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့် ပြန့်ပြူးချုပ်ထိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပြက်ပလျှပ်ကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေစွန့်က၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင် သည်၊ ပြာစင်ရွှန်းလတ်၊ ဖြူဝင်မွတ်လျှင်၊ ကြာညွတ် ဖယောင်း၊ နေရှိန်ပြောင်းသို့ ဆင့်လောင်းလွမ်းဝှန်၊  ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေးမျှင်၊ ဖူးရောက်ချင်သည်၊ ငှက်သွင်ပျံကြွမတတ်သောဆိုတဲ့ ရတုမျိုး၊ ချိုးနှစ်ကောင် ထနောင်းပင်ညီနောင်က လွမ်းအောင်ကူချွဲ ပန်းတော်ဖြူ(ပန်းတော်ဖြူလို့ဖတ်မယ် ထင်ပါတယ်) (ပင်မြက်) ဖိုးတောင်သူတဲဆိုသည့် ကဗျာမျိုးလေးများ၊ ငယ်ကျွမ်းနှောင်းချစ် မြနုသစ်ကို လစ်ခနဲမြင် ရွှေရင်တနွေး အေးစေပူစေ တုန်လှုပ်စေတယ် ဆယ်နွေဆယ်လလိုပါခင်ဆိုသည့် ကဗျာမျိုးလေး၊ နောက်တစ်ပင်တည်းရင်ထဲကနွယ် ခက်ညွှန့် သံနုသစ်လို့ ရစ်ပတ်နှောင်တွယ်၊ သံယောဇဉ်ဆိုတာရယ် နွယ်ကလေးတစ်ပင်ပေါ့၊ ရာသီတွေဘယ်လို ပြောင်းပေမဲ့ ခေါင်းထောင်လို့ကျေိာ့ ဆိုတဲ့ချစ်စရာကဗျာမျိုးလေးများ၊ ဆရာကြီးတက္ကသိုလ်ဘုန်း၏ ဝတ္ထုတိုင်းအစတွင် သစ္စာဆိုသည့် ငါ့စာဖတ်၍ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ် ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကို ကျော်၍ ငါသော်ဆရာ မလုပ်ပါတည်းဆိုသော ဆရာကြီး၏ကိုယ့်ကိုကိုယ်နှိမ့်ချသည့်  ကဗျာမျိုးလေး များသည် အဆိုပါကဗျာမျိုးလေးများကိုချစ်တတ်၊ မြတ်နိုးတတ်၊ တန်ဖိုးထားတတ်သော စိတ်များသည် လူငယ်များ၏နှလုံးသားနှင့် နည်းနည်း ဝေးကွာ သွားမည်ကိုစိုးရိမ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားစာပေဆုလို ဂန္တဝင်ကဗျာဆုကို သီးခြားခွဲပေးနိုင်ရန် တိုက်တွန်းပေးရန် ပြည်ထောင်စု ဝန်ကြီးကို မေတ္တာရပ်ခံပါကြောင်း၊ ထိုသို့ ခွဲခြား မပေးနိုင်လျှင်လည်း အမျိုးသားစာပေဆုကဲ့သို့ အဆင့် အတန်းရှိသည့် ဂန္တဝင်ကဗျာပြိုင်ပွဲများ ပြုလုပ်ပေးနိုင်ခြင်းရှိ၊မရှိ မေးမြန်းပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ ဒေါက်တာဖေမြင့်

ဒေါက်တာ သန်းအောင်စိုး၏ ဆွေးနွေးချက်နှင့်ပတ်သက်ပြီးမိမိတို့စောစောက ဖြေကြားသည့် အထဲတွင်လည်း ရှင်းလင်းဖြေကြားခဲ့ပါကြောင်း၊ ဆုအမျိုးအမည်သတ်မှတ်ခြင်းသည် အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၊ ကော်မတီဝင်များဖြစ်သည့်စာပေပညာရှင်များ၊ စာရေး ဆရာများ တို့၏စုစည်းဆုံးဖြတ်ချက်ဖြစ်ပါကြောင်း၊           မိမိတို့ဂန္တဝင်ကဗျာများကိုလည်း အင်မတန်မှ နှစ်သက် မြတ်နိုးပါကြောင်း၊ စာပေဆု ရွေးချယ်ရေးအဖွဲ့တွင်ပါဝင်သည့် ပုဂ္ဂိုလ်ကြီးများထဲတွင် ဂန္တဝင် ကဗျာများလက်ရှိရေးဖွဲ့နေဆဲ ပုဂ္ဂိုလ်များ လည်းပါကြောင်း၊ ဂန္တဝင်ကဗျာကို တန်ဖိုးထားပါကြောင်း ၊ ထို့ကြောင့် ၎င်းတို့ ဆုရွေးချယ်ရေး စည်းမျဉ်း၊ စည်းကမ်းချက်များထဲတွင်လည်း ဂန္တဝင် ကဗျာနှင့်ပတ်သက်လျှင် ဘယ်လိုစပ်နည်းစပ်ထုံး နှင့် ညီညွှတ်သည် စသဖြင့်‌ဖော်ပြပြီး အင်မတန် မှပြောင်မြောက်သည့် ဂန္တဝင်ဟန် ကဗျာဖြစ်လျှင် ဆုရွေးချယ်မည်ဆိုသည့် သတ်မှတ်ချက် ရှိပါကြောင်း၊ ပြိုင်ပွဲကျင်းပရန်ရှိ/မရှိ၊  ထို့နောက်ဆုတစ်ဆု၊ ဆုနှစ်ဆုဖြစ်အောင်မည်သို့ဆောင်ရွက် ပေးနိုင်မလဲ ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ဆုရွေးချယ်ရေး ကော်မတီတွင်တင်ပြပေးနိုင်ပါ ကြောင်း၊ ယခု လွှတ်တော် ကိုယ်စားလှယ်ကြီး ဒေါက်တာသန်းအောင်စိုး တင်ပြချက်ကို မိမိတင်ပြပေးမည်ဖြစ်ပါကြောင်း၊ ဆုံးဖြတ် ချက်သည် ကော်မတီ၏သဘောပဲဖြစ်ပါကြောင်း၊ ထို့နောက် ဂန္တဝင်ကဗျာ ပြိုင်ပွဲများကျင်းပရေး ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီးဂန္တဝင်ကဗျာများကိုစိတ်ပါဝင်စားသည့် ကဗျာအစုအဖွဲ့များ၊ စာပေအစု အဖွဲ့များကို မိမိ ဆွေးနွေး တင်ပြပေးပါမည်ဟုပြန်လည်ဖြေကြားပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်