Skip to main content

(ဆ)GPS ကုမ္ပဏီမှ တရားမဝင် သတ္တုတူးဖော်နေမှုအား အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ကွင်းဆင်းစိစစ် အရေးယူ ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ/မရှိနှ င့်စပ်လျဉ်းသည့် မေးခွန်း

ရွာငံမြို့နယ်အတွင်း GPS ကုမ္ပဏီမှ တရားမဝင် သတ္တုတူးဖော်နေမှုများအား အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး ကွင်းဆင်း စိစစ်အရေးယူ ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ/မရှိ မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ သဖန်းပင် ကျေးရွာမြောက်ဘက်၊ ငှက်သောက်ကျေးရွာ၏ အရှေ့ဘက်  သဖန်းပင်ရွာသူရွာသားများ မြေငှားစနစ်ဖြင့် မြေအနားပေးစနစ်ဖြင့် စိုက်ပျိုးသည့် ကောက်ပဲသီးနှံများ စိုက်ပျိုးသည့်၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသည့် မြေပေါ်တွင် ဒေသခေါ် အင်ကြင်းရေနယ်နိမိတ်တွင် GPS ကုမ္ပဏီက တရားမဝင် သတ္တုတူးဖော်နေကြောင်း ဒေသခံပြည်သူများ၏ တင်ပြချက်အရ သိရှိ ရပါကြောင်း၊ အင်ကြင်းရေ နယ်နိမိတ်၏ တစ်ဆက်တစ်စပ်တည်းတွင် GPS ကုမ္ပဏီနှင့် ဟာဘော်စတား ကုမ္ပဏီနှစ်ခု ရှိပါကြောင်း၊ ၎င်းကုမ္ပဏီနှစ်ခုသည် မည်သည်က GPS ကုမ္ပဏီက မည်သည့်လုပ်ကွက်၊ ဟာဘော်စတား ကုမ္ပဏီက မည်သည်လုပ်ကွက်ဆိုသည်ကို မည်သူမျှ မသိရပါကြောင်း၊ သို့သော် ကုမ္ပဏီ၏ ဝန်ထမ်းများအားလုံးသည် တစ်စုတည်း တူညီနေသည်ကို တွေ့ရှိရသည် ဖြစ်ပါကြောင်း၊ ဟာဘော်စတား ကုမ္ပဏီသည် အသေးစား ထုတ်လုပ်ခွင့်ရပြီး ၂၀၁၉ ခုနှစ် ၅ လပိုင်းတွင်သက်တမ်းကုန်ဆုံးပြီး GPS ကုမ္ပဏီသည် စမ်းသပ်တူးဖော်ခွင့် တင်ထားပြီး ဝန်ကြီးဌာန၏ ခွင့်ပြုချက် မကျမီ တရားမဝင် တူးဖော်နေသည်ကို တွေ့ရှိရပါကြောင်း၊

မိမိ၏ ကြယ်ပွင့်မပြ မေးခွန်းအဖြေရှိ ရွာငံမြို့နယ်တွင် ဝန်ကြီးဌာနက ခွင့်ပြုထားသည့် အသေးစား သတ္တုလုပ်ကွက်နှင့် ကုမ္ပဏီအမည်များ စာရင်းဖြစ်ပါကြောင်း၊ ၆-၁၀-၂၀၁၉ တွင် ဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာနေဇာလင်းနှင့်အဖွဲ့သည် GPS ရုံးခန်းတွင် ဆွေးနွေးသည့် မှတ်တမ်းဓာတ်ပုံ၊ ၆-၁၀-၂၀၁၉ ရက်နေ့တွင် သတ္တုတူးယူနေသည့် ပုံများ၏ မှတ်တမ်းဓာတ်ပုံ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာနေဇာလင်းနှင့်အဖွဲ့ ရွာငံမြို့နယ်ကအုပ်ချုပ်ရေးအဖွဲ့များ၊ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်များစုပေါင်းပြီးကွင်းဆင်းစစ်ဆေးသည့် မှတ်တမ်းဓာတ်ပုံ၊ GPS ကုမ္ပဏီ၏ တူးဖော်ထားသည့် မှတ်တမ်းဓာတ်ပုံ၊ GPS ကုမ္ပဏီပိုင်သည့် သတ္တုသန့်စင် စက်ရုံဖြစ်ပါကြောင်း၊ ၎င်းစက်ရုံမှ တစ်ရက်ကို ကုန်ကြမ်းတန် ၅၀၀ ထုတ်ပါကြောင်း၊ တစ်ရက်ကို ခဲသတ္တု ကုန်ချောတန် ၂၀ ထုတ်ပါကြောင်း၊ စက်ရုံမှ ထွက်ရှိသည့် ခဲသတ္တုချော်ရည်ကန်၊ စက်ရုံမှ ထွက်သည့် စွန့်ပစ်ရေဆိုးစုကန်တို့၏ မှတ်တမ်းဓါတ်ပုံများ ရှိပါကြောင်း၊

ခွင့်ပြုချက် မရှိဘဲနှင့် သတ္တုတူးဖော်ခြင်း၊ လမ်းဖောက်လုပ်ခြင်းကြောင့် ပျက်စီးသွားသည့် တောတောင်များ၊ အပင်များ၊ ဂေဟစနစ်များ ပျက်စီးမှုအတွက် GPS ကုမ္ပဏီကမည်ကဲ့သို့ အစားထိုးကုစားပေးမည်ဆိုသည်ကို သိရှိလိုသည့်အတွက် တင်ပြလိုပါကြောင်း၊ ရွာငံမြို့နယ်အတွင်းတွင် ထိုကဲ့သို့ တရားမဝင် သတ္တုများ ခိုးယူတူးဖော်နေခြင်းသည် (၁) ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေကြောင်း၊ (၂) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ကျဆင်းစေပါကြောင်း၊ (၃) နိုင်ငံတော်တွင် တရားဝင် ရသင့် ရထိုက်သည့် ဓာတ်သတ္တုအခွန်အခများ ဆုံးရှုံးစေပါကြောင်း၊ ထို့ကြောင့် ရွာငံမြို့နယ်အတွင်း GPS ကုမ္ပဏီ၏ တရားမဝင်ခဲသတ္တုတူးဖော်နေမှုများအား ဝန်ကြီးဌာနမှ ထိထိရောက်ရောက် အရေးယူပေးပါရန် အစီအစဉ် ရှိ/မရှိ ဒေသခံပြည်သူများကိုယ်စား မေးမြန်းပါသည်။


 

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ သဖန်းပင် ကျေးရွာ/ငှက်သောက် ကျေးရွာအနီး အင်ကြင်းရေဒေသတွ၍် GPS ကုမ္ပဏီမှ တရားမဝင် သတ္တုတူးဖော်နေမှုနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ၂၉-၈-၂၀၁၉ ရက်စွဲပါစာဖြင့် မိမိတို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကို တင်ပြခဲ့ပါကြောင်း၊ ၎င်းတင်ပြချက်အရ ရွာငံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီး လိုက်ပါလျက် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ သတ္တုတွင်းဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေး၏ ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ရွာငံမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့နှင့် ၆-၁၀-၂၀၁၉ ရက်နေ့တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါကြောင်း၊

ကွင်းဆင်းစစ်ဆေးချက်အရ GPS ကုမ္ပဏီသည် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်ခန့်မှန်းမြေပုံညွှန်း 93C/11(၁၀၀၈၂၈) ပတ်ဝန်းကျင်တွင် စုစုပေါင်း မြေဧရိယာ ၃၁၂၄ ဧကတွင် ခဲသတ္တုစမ်းသပ် တိုင်းတာခွင့်ကို ၂၀-၁၁-၂၀၁၄ ရက်စွဲပါစာဖြင့် လျှောက်ထားခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ စုစုပေါင်း မြေဧရိယာ ၂၂၄၄.၈၄ ဧကတွ၍် ခဲသတ္တု စမ်းသပ်တိုင်းတာရေး လုပ်ငန်းဆောင်ရွက်ရန် အတွက် ကန့်ကွက်ရန် မရှိကြောင်း သဘောထားမှတ်ချက်နှင့် မြေစာရင်းပုံစံ ပေးခဲ့ပါကြောင်း၊ ကုမ္ပဏီမှ အဆိုပါ လုပ်ကွက်အတွက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်(EMP)အား ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ အတည်ပြုချက် ရရှိရေးဆောင်ရွက်နေဆဲသာဖြစ်ပြီး အဆိုပါကုမ္ပဏီအား ဝန်ကြီးဌာနမှ မည်သည့်ခွင့်ပြုမိန့်မျှ ထုတ်ပေးထားခြင်း မရှိသေးကြောင်း၊ ကွင်းဆင်းစစ်ဆေးချက်အရ ငှက်သောက် ကျေးရွာမှ GPS ကုမ္ပဏီ၏ ခဲသတ္တုသန့်စင်စက်ရုံသို့ သွားရာလမ်း လမ်းအရှည် တစ်မိုင်ခန့်အားလည်း လမ်းဖောက်လုပ်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါကြောင်း၊ ခွင့်ပြုမိန့် ရရှိထားခြင်း မရှိသဖြင့် GPS ကုမ္ပဏီအနေဖြင့် လမ်းဖောက်လုပ်ခွင့် မရှိကြောင်း၊

ဒေသအခေါ် အင်ကြင်းရေနယ်နိမိတ်တွင် GPS ကုမ္ပဏီကို သတ္တုတူးဖော်ခွင့် ခွင့်ပြုမိန့် ချထားပေးရန် ရှိ/မရှိနှင့်ပတ်သက်ပြီး GPS ကုမ္ပဏီက ဓာတ်သတ္တု စမ်းသပ်တိုင်းတာရန် ခွင့်ပြုမိန့် လျှောက်ထားခြင်းအတွက် လိုအပ်သည့် အထောက်အထားများ ပြည့်စုံခြင်း မရှိ ဆောင်ရွက်ခြင်း ဖြစ်သည့် အတွက် ခွင့်ပြုမိန့် ထုတ်ပေးနိုင်ခြင်း မရှိခဲ့ပါကြောင်း၊

တရားမဝင်သတ္တု တူးဖော်နေသည်ကို ဝန်ကြီးဌာနအဆင့် ကွင်းဆင်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိမေးခွန်းနှင့်ပတ်သက်ပြီ ၆-၁၀-၂၀၁၉ ရက်နေ့တွင် အမှတ်(၁) သတ္တုတွင်း လုပ်ငန်းက ဦးဆောင်သည့် အဖွဲ့နှင့် ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်တွေအရ GPS ကုမ္ပဏီသည် ခန့်မှန်းမြေပုံညွှန်း 93 C/11(၁၁၂၈၀၆)ပတ်ဝန်းကျင်တွင် အမြင့် ၁၃ ပေ၊ အကျယ် ၁၅ ပေခန့်ရှိသည့် Adit တစ်ခုကို အရှည်ပေ ၁၀၀ ခန့်တူးဖော်ထားကြောင်း တွေ့ရှိရပြီး ၎င်းပတ်ဝန်းကျင်တွင် ၄၅၀၀ စတုရန်းပေခန့် ဧရိယာကျယ်သသည့် ဟင်းလင်းဖွင့်မိုင်းတစ်ခုကိုလည်း တူးဖော်ထားကြောင်းကို စစ်ဆေး တွေ့ရှိခဲ့ရပါကြောင်း၊ ခွင့်ပြုမိန့်မရ ဓာတ်သတ္တု စမ်းသပ်တိုင်းတာခြင်း၊ ထုတ်လုပ်ခြင်းဖြစ်ပြီး မြန်မာ့သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀ ပုဒ်မခွဲ(က)ကို ကျူးလွန် ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် အမှတ်(၁)သတ္တုတွင်း လုပ်ငန်း၊ ဘော်ဆိုင်းရုံးခွဲ၊ တာဝန်ခံအရာရှိမှ GPS ကုမ္ပဏီသည် တာဝန်ခံ လုပ်ကိုင်ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား Mr.Liu Kaiyong အသက် ၃၃ နှစ်ကို ဥပဒေအရ အရေးယူပေးပါရန် ၁-၁၂-၂၀၁၉ ရက်နေ့တွင် ရွာငံမြို့မရဲစခန်း၍ အမှုဖွင့်အရေးယူထား ပြီးဖြစ်ပါကြောင်း၊

GPS ကုမ္ပဏီမှ တရားမဝင် လမ်းဖောက်လုပ်ခြင်း၊ သတ္တုများ ခိုးထုတ်ယူခြင်းကြောင့် ပျက်စီး ဆုံးရှုံးသွားသည့် သဘာဝသယံဇာတ ရေမြေတောတောင်များအတွက် မည်သို့ဆောင်ရွက်ပေးမည်နှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ပြန်လည်ကုစားနိုင်ရန်အတွက် ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ အမှတ်(၁)သတ္တုတွင်း လုပ်ငန်း ကိုယ်စားလှယ်၊ GPS ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များ၊ ဒေသခံကိုယ်စားလှယ် ရပ်မိရပ်ဖများ ပါဝင်သည့် အဖွဲ့ ဖွဲ့စည်းပြီး ထိခိုက်နစ်နာမှု ရှိသည့် ပြည်သူများ၏ စိုက်ခင်းမြေနေရာ၊ ရွှေ့ပြောင်း တောင်ယာများကို လျော်ကြေးပေးချေနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အစီအမံများ  တင်ပြထားပြီး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊

ထို့ပြင် ကုမ္ပဏီ၏ အနိမ့်ပိုင်းတွင် ရှိသည့် ကရဏီချောင်းထဲသို့ စွန့်ပစ်ရေကြောင့် ထိခိုက်မှု အခြေအနေကို သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ GPS ကုမ္ပဏီမှ တရားမဝင် တူးဖော်နေသည့် နေရာ လုပ်ကွက်၏ အောက်ဘက်အနိမ့်ပိုင်းရှိ ကရဏီချောင်းကို စီးဝင်သည့် ဒေသအခေါ် ညောင်ချစ်ပုံချောင်းရေကို မိမိတို့ စစ်ဆေးခဲ့ပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနကို ပေးပို့ဓာတ်ခွဲခဲ့ရာတွင် ရေအရည်အသွေး တိုင်းတာစစ်ဆေးချက်ရလဒ်တွေ အရ pH နှင့် ဓာတုဓာတ် သတ္တုဆိုင်ရာ သတ္တုများပါဝင်မှုကို စိစစ်သည့် နေရာတွင်  အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး ထုတ်လုပ်မှု၊ လမ်းညွှန်ချက်များ၊  အထွေထွေလမ်းညွှန်ချက် များပါအရ စီးဆင်းရေတွင် သတ်မှတ်ချက်နှင့် အမေရိကန်နိုင်ငံ Environmental Protection Agency ၏ စံချိန်စံညွှန်းများနှင့် နှိုင်းယှဉ်သည့် နေရာတွင် မိမိတို့ သတ်မှတ်စံချိန်စံညွှန်းများအတွင်း ရှိသည်ကို တွေ့ရှိရပြီး လက်ရှိတွင် စမ်းသပ်တိုင်းတာ ထုတ်လုပ်မှုကြောင့် ကရဏီချောင်းထဲသို့ ရေထုညစ်ညမ်းမှု ရှိသည့်အထောက်အထားကို မတွေ့ရှိရသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးအောင်စိုးမင်း(ရွာငံမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီး ဖြေကြားချက်တွင် GPS ကုမ္ပဏီကို မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ(က)ဖြင့် အရေးယူထားသည်ဟု သိရပါကြောင်း၊ ဥပဒေတွင် ပြဋ္ဌာန်းထားချက်အရ ခွင့်ပြုချက်မရှိ သတ္တုများ တူးဖော်မည်ဆိုပါက ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်သိန်း ၅၀ ဖြစ်စေ ကျခံရမည် ဆိုသည်ကို ပြဋ္ဌာန်း ထားပါကြောင်း၊ ရွာငံမြို့မစခန်းတွင် ဒီဇင်ဘာလ ၂ ရက်နေ့က အမှတ်(၁) သတ္တုတွင်းမှ တရားလိုလုပ်ပြီး အမှုဖွင့်ပါကြောင်း၊ တရုတ်နိုင်ငံသား ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မရှိတော့ကြောင်း၊ အခုချိန်ထိ ဖမ်းမမိပါကြောင်း၊ ၎င်းသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုပ်ရမည့် ကိစ္စဖြစ်ကြောင်း၊ မိမိ ဆက်စပ်မေးချင်သည်က သယံဇာတများနှင့်ပတ်သက်ပြီး GPS ကုမ္ပဏီက တရားမဝင် လုပ်ကြောင်း၊ လပေါင်းများစွာ လုပ်ကြောင်း၊ ထုတ်ချင်တိုင်း ထုတ်ကြောင်း၊ လုပ်ချင်တိုင်း လုပ်ကြောင်း၊ ကွင်းဆင်းစစ်ဆေးသေည့်အခါ တွေ့ရှိကြောင်း အမှုဖွင့် သည့် အဆင့်ဖြင့် မရကြောင်း၊ သယံဇာတများနှင့် ပတ်သက်ပြီး ယခုကဲ့သို့ နောက်နောင် တိုင်းပြည်တွင် မဖြစ်ပေါ်စေရန် GPS ကုမ္ပဏီကို ဝန်ကြီးဌာနအနေဖြင့် ကုမ္ပဏီ၏ ကျင့်ဝတ်များ ပျက်ယွင်းသည့် အတွက် ဝန်ကြီးဌာနအနေဖြင့် GPS ကုမ္ပဏီကို အမည်ပျက်စာရင်း (Blacklist) ကြော်ငြာပေးရန် အစီအစဉ် ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

         

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ

မိမိတို့ သတ္တုတွင်းဥပဒေ၊ နည်းဥပဒေပါ အချက်အလက်များကို ကျူးလွန်ဖောက်ဖျက်သည့်အတွက် အရေးယူ ဆောင်ရွက်နေရသည့် ကုမ္ပဏီကို ခွင့်ပြုမိန့် ချပေးမည် မဟုတ်ပါကြောင်း၊ ထို့အတွက် မိမိတို့သည် ၎င်းကျူးလွန်ခဲ့သည့် လုပ်ကွက်ဧရိယာ လုပ်ငန်းအပေါ်တွင် မူတည်ပြီး အရေးယူ အပြစ်ပေးရမည် ဖြစ်ပြီး လုပ်ထုံးလုပ်နည်း နည်းဥပဒေများအရ ကုမ္ပဏီကို Blacklist သွင်းရန်အတွက်သည် ကျူးလွန်သည့် အထောက်အထားများ ခိုင်မာစေရန် မြေပြင်တွင် ပြန်လည် စိစစ်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ